အခုတော့ အရင်ကထွက်ပေါ်ခဲ့တဲ့ ကောလာဟလတွေက အတည်ဖြစ်သွားခဲ့ပါပြီ။ တရုတ်သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ မင်းသား Feng Shaofeng နဲ့ မင်းသမီး Zhao Liying တို့ဟာ လက်ထပ်ခဲ့ကြပြီဖြစ်ပါတယ်။
သူတို့နှစ်ဦး လက်ထပ်လိုက်ပြီဆိုတဲ့ သတင်းကို မင်းသမီးရဲ့ အသက် ၃၁ နှစ်ပြည့်မွေးနေ့ဖြစ်တဲ့ အောက်တိုဘာလ ၁၆ ရက်နေ့မှာ Weibo ကနေတဆင့် ကြေညာခဲ့တာဖြစ်ပြီး သူတို့ရဲ့ လက်ထပ်ပွဲမှတ်ပုံတင်ကို ကိုင်ဆောင်ထားတဲ့ပုံကို တင်ခဲ့တာလည်း ဖြစ်ပါတယ်။
တရုတ်နိုင်ငံမှာ Facebook အစားထိုး Weibo လူမှုကွန်ရက်မှာတော့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁ ရက်နေ့မှာ သူတို့နှစ်ဦးဟာ လက်ထပ်ဖို့မှတ်ပုံတင်လိုက်ကြပြီဆိုတဲ့ ကောလာဟလတွေ ပျံ့နှံ့နေခဲ့တာပါ။
The Monkey King တတိယမြောက်နောက်ဆက်တွဲ ရုပ်ရှင်မှာ သူတို့နှစ်ဦးတွဲဖက်သရုပ်ဆောင်ခဲ့ပြီးတဲ့နောက် အခုနှစ်မှာ သူတို့နှစ်ဦးတွဲနေကြပြီဆိုတဲ့ ကောလာဟလတွေ စတင်ပျံ့နှံ့ခဲ့တာပါ။ အဲဒီရုပ်ရှင်ထဲမှာတော့ ဘုန်းတော်ကြီး ထန်စန်းနဲ့ အမျိုးသမီးနိုင်ငံဘုရင်မ တို့ရဲ့ကြားက လွမ်းမောဖွယ်မေတ္တာတရားကို ပြဆိုခဲ့တာဖြစ်ပါတယ်။
သရုပ်ဆောင်နှစ်ဦးဟာ လူမြင်ကွင်းမှာ အကြိမ်ပေါင်းများစွာ လက်ချင်းချိတ်ပြီး သွားလာလှုပ်ရှားနေခဲ့ကြတာဟာ အခုတော့ သူတို့ရဲ့အချစ်ရေးက ဟုတ်မှန်တဲ့အကြောင်းပြောတယ်လို့ ယူဆရနိုင်ပါတယ်။ တရုတ်နိုင်ငံမှာ A အဆင့်ရှိတဲ့ မင်းသမီး Zhao ဟာ ကိုယ်ဝန်ရှိနေပြီဆိုတဲ့ ကောလာဟလသတင်းတွေ ထွက်ပေါ်ခဲ့လို့ အလုပ်ကနေ ခေတ္တအနားယူမယ့်အကြောင်း ပြီးခဲ့တဲ့ ဇူလိုင်လတုန်းကပဲ ကြေညာခဲ့ပါသေးတယ်။
အခုသီတင်းပတ်မှာတော့ မင်းသမီး Zhao က နှစ်နှစ်ကြာလက်တွဲခဲ့တဲ့ သူ့ရဲ့မန်နေဂျာနဲ့ လက်တွဲဖြုတ်လိုက်ပြီ ဖြစ်တဲ့အကြောင်း Weibo မှာ ပြောကြားခဲ့ပါတယ်။ အင်တာနက်သုံးစွဲသူတွေကတော့ မင်းသမီးဟာ သူ့မန်နေဂျာ နဲ့ချစ်ကြိုက်နေတာ ဖြစ်တယ်လို့ဆိုကြပေမယ့် မန်နေဂျာကတော့ သူ့ရဲ့နောက်ထပ်လျှောက်လမ်း ရမယ့် အချိန်မှာ အကောင်းဆုံး ဖြစ်ပါစေ လို့ ဆုတောင်းပေးခဲ့တာကိုလည်း တွေ့ရပါတယ်။
အခုလိုမျိုး ကောလာဟလတွေ အမှန်တကယ်ဖြစ်လာတဲ့အပြင် ပရိသတ်တွေဟာ မင်းသား Feng နဲ့ မင်းသမီး Zhao တို့ကို အတူတွဲပြီးထပ်မံမြင်တွေ့ရဦးမှာဖြစ်ပါတယ်။ အကြောင်းကတော့ ၂၀၁၉ ခုနှစ်မှာ ထုတ်လွှင့်မယ့် သမိုင်းနောက်ခံ အချစ်ဒရမ်မာဇာတ်လမ်းတွဲ “The Story of Minglan” မှာ အတူတွဲပြီး သရုပ်ဆောင်ထားလို့ပဲ ဖြစ်ပါတယ်။
မင်းသား Feng ဟာ “Wolf” ရုပ်ရှင်နဲ့ တရုတ်ဒရာမာ “Prince of Lan Ling” တို့နဲ့ နာမည်ကျော်ကြားလာခဲ့သူ ဖြစ်ပြီး မင်းသမီး Zhao ကတော့ ၂၀၁၅ ခုနှစ်မှာ ပြသခဲ့တဲ့ “The Journey of Flower” ဒရမ်မာနဲ့ လူသိများသူလည်း ဖြစ်ပါတယ်။
Ref: asiaone
The post မင်းသား Feng Shaofeng နဲ့ မင်းသမီး Zhao Liying တို့လက်ထပ်လိုက်ပြီ appeared first on ဧရာဝတီ.