ထိုင်းနိုင်ငံ၊ ထမ့်လုံဂူက ပိတ်မိပြီး လွတ်မြောက်လာတဲ့ တောဝက်အသင်းသား ၁၂ ယောက်နဲ့ နည်းပြတို့အတွက် ကံကောင်းမှုတွေက ဆက်တိုက်ပါပဲ။ ဂူအတွင်းက လွတ်မြောက်လာပြီးကတည်းက သူတို့တွေဟာ ကမ္ဘာတဝန်းက စိတ်ဝင်စားမှုကို ရရှိခဲ့ပြီး ကမ်းလှမ်းချက်တွေ အများကြီးကိုလည်း ရရှိခဲ့ပါတယ်။
အခုလည်း သူတို့လွတ်မြောက်လာတဲ့ ထမ့်လုံဂူ ကယ်ဆယ်ရေးနဲ့ပတ်သက်ပြီး ရုပ်ရှင်ဇာတ်လမ်းနဲ့အတူ Documentary နဲ့ စာအုပ်ရေးသားဖို့အတွက် ပြည်တွင်းနဲ့ နိုင်ငံခြား စတူဒီယိုက ကမ်းလှမ်းမှုတွေရှိနေတယ်လို့ Creative Media Committee မှ ယဉ်ကျေးမှုဝန်ကြီး Veera Rojpojanarat က ကြာသပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။
လက်ရှိမှာ တောဝက်အသင်းသားတွေဟာ TV show အစီအစဉ် ၂၇ ကို ပြည်တွင်းနဲ့ နိုင်ငံခြားရုပ်သံလွှင့်ဌာနတွေမှာ ရိုက်ကူးဖို့ ကော်မတီ ဥက္ကဋ္ဌ ဖြစ်တဲ့ ယဉ်ကျေးမှုဝန်ကြီးရဲ့ အတည်ပြုချက်ကို စောင့်ဆိုင်းနေတာပဲ ဖြစ်ပါတယ်။ နိုဝင်ဘာ ၁၅ ရက်ကနေ ၃၀ရက်နေ့အတွင်းမှာတော့ တောဝက်အသင်းသားတွေရဲ့ ဂူတွင်းလွတ်မြောက်မှု စွန့်စားခန်းတွေနဲ့ ကယ်ဆယ်သူတွေရဲ့အကြောင်းကို ရိုက်ကူးခွင့်လျှောက်ထားဖို့ လိုအပ်တဲ့ လုပ်ငန်းစဉ်တွေကို စတင်လုပ်ဆောင်တော့မှာ ဖြစ်ပါတယ်။
နိုင်ငံခြား ပရိုဂျူဆာတွေအနေနဲ့ ရိုက်ကူးခွင့်ရဖို့အတွက် အားကစားနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ သဘောတူညီချက်ကို စောင့်ဆိုင်းရမှာဖြစ်ပြီး ပြည်တွင်းရုပ်ရှင် ထုတ်လုပ်သူတွေကတော့ ယဉ်ကျေးမှုဝန်ကြီးဌာနနဲ့ဆက်သွယ်ရမှာဖြစ်တယ်လို့ ဝန်ကြီး Veera က ပြောကြားခဲ့ပါတယ်။
ကမ်းလှမ်းချက် ၂၂ ခုထဲက ၁၀ ခုက ရုပ်ရှင် ပရောဂျက်အတွက်ဖြစ်ပြီး ထိုင်းနဲ့ နိုင်ငံခြားပရိုဂျူဆာတွေက ၅ ခုစီ ကမ်းလှမ်းထားတာ ဖြစ်ပါတယ်။ ကျန်တဲ့ ၁၀ ခုက Documentary ပရောဂျက်အတွက်ဖြစ်ပြီး ၂ ခုကတော့ စာအုပ် ပရောဂျက်အတွက်ပါ။ ကော်မတီအနေနဲ့ကတော့ မည်သည့် ပရိုဂျူဆာဖြစ်စေ၊ စတူဒီယိုဖြစ်စေ ညီတူညီမျှ စဉ်းစားပေးပြီး အကျိုးအမြတ်အတွက် တရားမျှတစွာ ဆုံးဖြတ်ပေးမှာဖြစ်သလို ထိုင်းနိုင်ငံရဲ့ ပုံရိပ်ကောင်းမွန်မယ်ဆိုရင် သဘောတူမှာဖြစ်တယ်လို့ ဝန်ကြီးက ဆိုပါတယ်။
ခွင့်ပြုချက်ရပြီးရင်တော့ လူထုတွေသိထားတဲ့ အကြောင်းအရာအတိုင်း စတင်ရိုက်ကူးနိုင်မှာဖြစ်ပြီး လူမသိသေးတဲ့ တောဝက်အသင်းသားတွေရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ရိုက်ကူးဖို့အတွက်တော့ ကာယကံရှင် မိသားစုနဲ့အတူ ကော်မတီရဲ့ခွင့်ပြုချက်ကို ယူရမှာဖြစ်ပါတယ်။
ကော်မတီအနေနဲ့ကလည်း ကလေးငယ်တွေရဲ့အကျိုးအမြတ်အတွက်ကို အဓိက စဉ်းစားပေးပြီး ခွင့်ပြုပေးသွားမှာ ဖြစ်ပါတယ်။ စီးပွားရေးအရ အပေးအယူ သဘောမျိုးတွေ ပါဝင်ခဲ့ရင်တော့ တောဝက်အသင်းသားတွေနဲ့အတူ မိသားစုရဲ့ခွင့်ပြုချက် လိုအပ်မှာဖြစ်တယ်လို့ Mr.Veera က ဆိုပါတယ်။
Thai PBS World တွင် ရေးသားထားသော Wild Boar boys and their coach have 22 film offers awaiting approval သတင်းအား ဆီလျော်အောင် ဘာသာပြန်ဆိုထားသည်။
ဆက်စပ် သတင်းလင့်ခ်များ
ဂူထဲပိတ်မိခဲ့တဲ့ တောဝက်ဘောလုံးအသင်းသားများအကြောင်း ရုပ်ရှင်ရိုက်ကူးမည်
ထိုင်းကလေးတွေနဲ့ နည်းပြအကြောင်း ရုပ်ရှင်ရိုက်ရန် ကုမ္ပဏီ ၁၂ ခု စိတ်ဝင်စားနေ
ဘောလုံးသမားကောင်းတွေ ဖြစ်အောင် ကြိုးစားကြမယ့် တောဝက်အသင်းသားများ
The post ရုပ်ရှင်ရိုက်ကူးဖို့ ကမ်းလှမ်းချက် ၂၂ ခု ရရှိခဲ့တဲ့ တောဝက်အသင်းသားများ appeared first on ဧရာဝတီ.