ဘောလိဝုဒ် စူပါစတား မင်းသမီး Deepika Padukone နဲ့ မင်းသား Ranveer Singh တို့ဟာ လပေါင်းများစွာ ထွက်ပေါ်နေတဲ့ ကောလာဟလတွေကို အဆုံးသတ်လိုက်ပြီး မကြာမီ လက်ထပ်တော့မယ့်အကြောင်း အောက်တိုဘာလ ၂၁ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။
သူတို့နှစ်ဦးဟာ လာမယ့်နိုဝင်ဘာလမှာ လက်ထပ်တော့မယ့် အကြောင်း သူတို့နှစ်ဦးရဲ့ တရားဝင် Twitter အကောင့်မှာ ဟင်ဒီနဲ့ အင်္ဂလိပ်ဘာသာစကားတို့နဲ့ ရေးသားထားတဲ့ ကြေညာချက်တခုကို တင်ခဲ့ပါတယ်။
အဲဒီကြေညာချက်ထဲမှာ “ကျမတို့ရဲ့ မိသားစုတွေရဲ့ ကောင်းချီးပေးမှုနဲ့အတူ ကျမတို့ရဲ့ မင်္ဂလာပွဲကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁၄ နဲ့ ၁၅ ရက်နေ့တို့မှာ ပြုလုပ်ဖို့ စီစဉ်ထားတယ်ဆိုတာကို ပျော်ရွှင်စွာနဲ့ မျှဝေလိုက်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
အသက် ၃၃ နှစ်အရွယ် Padukone နဲ့ အသက် ၃၂ နှစ် အရွယ် Singh တို့ဟာ ၂၀၁၃ ခုနှစ်ကစလို့ တွဲခဲ့ကြတာ ဖြစ်ပေမယ့် သူတို့နှစ်ယောက်ရဲ့ အချစ်ရေးကို လူမြင်ကွင်းကနေ ဖယ်ရှားထားခဲ့ပြီး နှုတ်ဆိတ်နေခဲ့ကြတာလည်း ဖြစ်ပါတယ်။
မင်းသမီး Padukone ဟာ ဘောလိဝုဒ်ရဲ့ အနုပညာကြေးအများဆုံး မင်းသမီးတဦးဖြစ်ပြီးတော့ မင်းသား Vin Diesel နဲ့အတူ “xXx: Return of Xander Cage” ဆိုတဲ့ရုပ်ရှင်ဟောလိဝုဒ် အနုပညာလောကကိုလည်း ဝင်ရောက်ခဲ့သူလည်း ဖြစ်ပါတယ်။
မကြာမီလက်ထပ်တော့မယ့် သူတို့နှစ်ဦးဟာ အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်ဆန္ဒပြမှုတွေ ဖြစ်ပွားစေခဲ့တဲ့အထိ အခုနှစ်အစောပိုင်းမှာ အငြင်းပွားဖွယ် ဘောလိဝုဒ် ရုပ်ရှင်အပါအဝင် ငွေရောင်ပိတ်ကားထက်မှာ အတူတူ သရုပ်ဆောင်ခဲ့ဖူးသူတွေလည်း ဖြစ်ပါတယ်။
မင်းသမီး Padukone ဟာ ဒဏ္ဍာရီ ဟိန္ဒူဘုရင်မတဦးအဖြစ် သရုပ်ဆောင်ခဲ့ပြီး မင်းသား Singh ကတော့ ရက်စက် ကြမ်းကြုတ်တဲ့ မွတ်စလင်ဘုရင်အဖြစ် သရုပ်ဆောင်ခဲ့ပြီး အဲဒီရုပ်ရှင်ကြောင့် သူတို့နှစ်ဦး ခြိမ်းခြောက်ခံခဲ့ရသလို ရုပ်ရှင်တွေကို မီးရှို့ဖျက်ဆီးတာလည်း ခံခဲ့ရပါတယ်။
မင်းသား Singh ဟာ ၂၀၁၀ ခုနှစ်မှာ ပွဲဦးထွက်ခဲ့သူဖြစ်ပြီး ရုပ်ရှင် ၁၄ ကားရိုက်ကူးခဲ့ဖူးပါတယ်။ မင်းသမီး Padukone ကတော့ ၂၀၀၆ ခုနှစ်ကစလို့ ရေတွက်မယ်ဆိုရင် ရုပ်ရှင်ပေါင်း ၄၀ မှာ ပါဝင်ခဲ့ပြီးဖြစ်ပါတယ်။
Ref: asiaone
The post မင်းသမီး Deepika Padukone နှင့် Ranveer Singh တို့ မကြာမီ လက်ထပ်တော့မည် appeared first on ဧရာဝတီ.