အဆိုတော် တော်တော်များများက ခေတ်ရေစီးကြောင်းနောက်ကို လိုက်ပြီး ဂီတများကို သစ်ဆန်းအောင် ဖန်တီး နေကြပေမယ့် အဆိုတော် နီနီခင်ဇော်ကတော့ ထူးခြားစွာနဲ့ အရင်ခေတ် ဓာတ်ပြားသီချင်းပုံစံနဲ့ “ခင့်မှာတမ်း” သီချင်းကို ဖန်တီးသီဆိုခဲ့ပါတယ်။
အဲ့ဒီ “ခင့်မှာတမ်း “ ဆိုတဲ့ သီချင်းကိုတော့ နီနီခင်ဇော်က ကိုယ်တိုင်ရေးသားထားတာဖြစ်ပြီး ချစ်သူကိုငြိမ်းမောင် ပြန်အလာကို စောင့်နေတဲ့ ချစ်သူ မိန်းကလေးတယောက် အနေနဲ့ သီဆိုထားပါတယ်။
သီချင်းအဆို ကောင်းရုံသာမက အဲ့ဒီ Music Video ထဲမှာ နီနီခင်ဇော်က ရှေးခေတ် အမျိုးသမီးပုံစံနဲ့ သရုပ်ဆောင်ထားပြီး အကများနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ရိုက်ကူးထားတာကို တွေ့ရတဲ့အတွက် ပရိသတ်များသာမက အနုပညာရှင်အချင်းချင်းပါ ချီးကျူးနေရပါတယ်။
သီချင်းအမျိုးအစား အစုံအလင်ကို ပိုင်နိုင်စွာ အသံပါဝါ ကောင်းကောင်းနဲ့ သီဆိုနိုင်တဲ့ နီနီခင်ဇော်ကတော့ “ခင့်မှာတမ်း” သီချင်းမှာတော့ သူမရဲ့ အဆိုပညာကို ပြသထားတဲ့ သီချင်းတပုဒ်လို့ ပြောရင်လည်း မမှားပါဘူး။ ဒီဓာတ်ပြား ဇာတ်လမ်းတိုကို ရိုက်ကူးပေးထားတာကတော့ ဒါရိုက်တာ စနိုးမိုင်လီက ရိုက်ကူးထားတာ ဖြစ်ပါတယ်။
ဒါ့အပြင့် ဒီသီချင်းက သူမကိုယ်တိုင် ထုတ်လုပ်ဖြန့်ချိနေတဲ့ Super Red အလှကုန်ပစ္စည်းကြော်ငြာလည်း ဖြစ်ပါတယ်။ ကြော်ငြာပေမယ့် ပရိသတ်များကို ဆွဲဆောင်မှုရှိစွာနဲ့ ကြော်ငြာပြီး ရိုက်ကူးထားနိုင်တာ ဖြစ်ပါတယ်။
နီနီခင်ဇော်ကတော့ Melody World သီချင်းဆိုပြိုင်ပွဲမှတဆင့် အဆိုတော်တယောက်ဖြစ်လာခဲ့ တကိုယ်တော် အခွေများကိုလည်း ထွက်ရှိထားပြီး လက်ရှိမှာ Super Red ဆိုတဲ့ နာမည်နဲ့ အလှကုန်များကိုလည်း ထုတ်လုပ် လျက်ရှိပါတယ်။
The post ပရိသတ်အကြိုက်တွေ့နေတဲ့ နီနီခင်ဇော်ရဲ့ ဓာတ်ပြားခေတ်ပုံစံ “ခင့်မှာတမ်း” သီချင်း appeared first on ဧရာဝတီ.