ဟောလိဝုဒ်နာမည်ကျော် မင်းသားတွေဖြစ်ကြတဲ့ Ryan Reynolds နဲ့ Samuel L. Jackson တို့ဟာ “The Hitman’s Bodyguard” နောက်ဆက်တွဲ ရုပ်ရှင်မှာ ပါဝင်မယ့်အကြောင်း အတည်ပြုခဲ့ပါတယ်။
ဒါရိုက်တာ Patrick Hughes ရိုက်ကူးခဲ့တဲ့ အဲဒီရုပ်ရှင်မှာ မင်းသား Reynolds ဟာ အမှုသည်အသစ် ရရှိခဲ့တဲ့ ထိပ်တန်း ကိုယ်ရံတော် Michael Bryce နဲ့ မင်းသား Jackson က ကမ္ဘာ့နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ လူဆိုးတဦးဖြစ်တဲ့ Darius Kincaid အဖြစ် ပါဝင်ခဲ့ကြတာဖြစ်ပါတယ်။
၂၀၁၇ ခုနှစ်၊ သြဂုတ်လမှာ ဖြန့်ချိခဲ့တဲ့ အဲဒီရုပ်ရှင်ဟာ ဝေဖန်သူတွေထံကနေ အကောင်းအဆိုး ဒွန်တွဲမှတ်ချက်တွေ ရရှိခဲ့ပြီး ကမ္ဘာတဝန်းမှာ ဝင်ငွေဒေါ်လာ ၁၇၆ သန်း ရရှိခဲ့ပါတယ်။ ဒါပေမယ့် Lionsgate စတူဒီယို အမှုဆောင်အရာရှိကတော့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁ ရက်နေ့တုန်းက နောက်ဆက်တွဲ ရုပ်ရှင်ဖြစ်တဲ့ “The Hitman’s Wife’s Bodyguard” ကို ရိုက်ကူးဖို့ ပြင်ဆင်နေပြီလို့ ကြေညာခဲ့ပါတယ်။
The Hollywood Reporter မီဒီယာမှ အယ်ဒီတာတွေရဲ့အဆိုအရ ဒါရိုက်တာ Hughes က ရုပ်ရှင်အသစ်ကို ဆက်လက် ရိုက်ကူးမှာဖြစ်ပြီး မူရင်းဇာတ်ညွှန်းကို ရေးခဲ့တဲ့ Tom O’Connor ကပဲ ဇာတ်ညွှန်းရေးသားပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ရုပ်ရှင်အသစ်ကို ပထမဆုံးရုပ်ရှင် ပြီးဆုံးခဲ့တဲ့ နေရာကနေ ဇာတ်အိမ်စတည်မှာဖြစ်ပြီး အီတလီနိုင်ငံက Amalfi Coast ဒေသမှာ လျှို့ဝှက်မစ်ရှင် တခုအတွက် အဓိကဇာတ်ဆောင်နှစ်ဦးက ပါဝင်လှုပ်ရှားကြမှာဖြစ်ပါတယ်။
ပထမဆုံးရုပ်ရှင်မှာ Sonia Kincaid ရဲ့ဇနီးအဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Salma Hayek ကလည်း အခုနောက်ဆက်တွဲ ရုပ်ရှင်မှာ ပြန်လည် ပါဝင်လာမှာဖြစ်တယ်လို့ ဆိုပါတယ်။ ရုပ်ရှင်ထုတ်လုပ်ရေးကို ၂၀၁၉ ခုနှစ်၊ မတ်လမှာ စတင်ရိုက်ကူးမှာ ဖြစ်ပါတယ်။ အခြားပါဝင်မယ့် သရုပ်ဆောင်တွေနဲ့ ဖြန့်ချိမယ့် ရက်ကိုတော့ ကြေညာထားတာ မရှိသေးပါဘူး။
လက်ရှိမှာတော့ အသက် ၄၂ နှစ်အရွယ် မင်းသား Reynolds ဟာ အခြားရုပ်ရှင်တော်တော်များများ ရိုက်ကူးရေးနဲ့ ပတ်သက်ပြီး အလုပ်ရှုပ်နေပါတယ်။ အန်နီမေးရှင်း ရုပ်ရှင် “Pokemon Detective Pikachu” ကို မကြာသေးမီက ရိုက်ကူးပြီးစီးခဲ့ပြီး ဒါရိုက်တာ Michael Bay ရဲ့ အက်ရှင်ရုပ်ရှင် “6 Underground” ကိုလည်း ရိုက်ကူးနေပါတယ်။
မင်းသားဟာ “X-Force” နဲ့ “Deadpool 3” ရုပ်ရှင်တို့မှာ Wade Wilson အဖြစ် ပြန်လည်ပါဝင်ဖို့ ပြင်ဆင်နေပါတယ်။ ဒါ့အပြင် Hasbro ဂိမ်းကို အခြေခံထားတဲ့ “Clue” ဆိုတဲ့ ရုပ်ရှင်မှာလည်း ပါဝင်မှာပါ။
မင်းသား Jackson ကတော့ “Glass” ရုပ်ရှင်မှာ Elijah Price/Mr. Glass အဖြစ် ပြန်လည်ပါဝင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် “Captain Marvel” ရုပ်ရှင်မှာ Nick Fury အဖြစ် မြင်တွေ့ရဦးမှာပါ။
Ref: aceshowbiz
The post “The Hitman’s Bodyguard” ရုပ်ရှင်မှာ မြင်ရဦးမယ့် Ryan Reynolds နဲ့ Samuel L. Jackson appeared first on ဧရာဝတီ.