ဒီတခါ မိတ်ဆက်ပေးမယ့် ရုပ်ရှင်ကတော့ ဒါရိုက်တာ Albert Hughes ရိုက်ကူးထားတဲ့ Adventure, Drama, Family အမျိုးအစား ရုပ်ရှင်ကားဖြစ်တဲ့ “Alpha” ဖြစ်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ Kodi SmitMcPhee , Johannes Haukur Johannnesson တို့အပြင်အခြားသော သရုပ်ဆောင်များစွာလည်း ပါဝင် သရုပ်ဆောင်ထားကြပါတယ်။
ဥရောပတိုက်ရဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀၀ ခန့်က အမဲလိုက်သမားတချို့ရဲ့ အမဲလိုက်ခန်းနဲ့ ရုပ်ရှင်ကို စတင်ထားပြီး သူတို့အားလုံးဟာ သူတို့ရဲ့ မျိုးနွယ်စုအတွက် ဆောင်းတွင်းစားနပ်ရိက္ခာ စုဆောင်းရေး တာဝန်ထမ်းဆောင်နေကြသူများ ဖြစ်ကြပါတယ်။ အဲဒီထဲကမှ ခေါင်းဆောင်ရဲ့ သားဖြစ်သူ ကီဒါဟာ သားကောင်ရဲ့ တိုက်ခိုက်ခြင်းခံရပြီး ချောက်ကမ်းပါးထဲကို ပြုတ်ကျသွားပါတော့တယ်။
ကီဒါဟာ သူ့အဖေကိုယ်တိုင် လေ့ကျင့်သင်ကြားပေးထားသူဖြစ်ပြီး အင်မတန်မှ သနားညှာတာစိတ် ရှိသူတဦး ဖြစ်တဲ့အတွက်ကြောင့် သူ့အမေ ကိုယ်တိုင်တောင်မှ သူ့သား ကီဒါဟာ မျိုးနွယ်စုရဲ့ ခေါင်းဆောင်ဖြစ်လာခဲ့သည်ရှိသော် လှံနဲ့အုပ်ချုပ်မှာမဟုတ်ကြောင်း ၊ နှလုံးသားနဲ့သာ အုပ်ချုပ်မည်ဖြစ်ကြောင်း ဖွင့်ဟခဲ့တာလည်းဖြစ်ပါတယ်။ ဒါပေမဲ့ ကီဒါရဲ့ ဇာတ်သိမ်းဟာ နက်စောက်လှတဲ့ ချောက်ကမ်းပါးတနေရာမှာ ပြီးဆုံးခဲ့ပြီဖြစ်ပါတယ်။
သားတယောက်ကို ဆုံးရှုံးလိုက်ရတဲ့ ပူဆွေးသောက ခေါင်းဆောင်ဖြစ်သူ ဖခင်ဟာ နေ့နေ့ ညည မစားနိုင် မသောက်နိုင်နဲ့ တလောကလုံးကို ချောက်ကမ်းပါးအစွန်းမှာ ထိုင်ပြီး မေ့လျော့နေပါတော့တယ်။
သူတို့ ဓလေ့အရ ကွယ်လွန်သွားသူတွေဟာ ဘိုးဘေးတွေရဲ့ ဝိညာဉ်တွေ လမ်းပြမှုနဲ့ ငြိမ်းအေးရာကို ရောက်ရှိသွားမှာဖြစ်ကြောင်း၊ အထိမ်းအမှတ် ကျောက်တုံးလေးတွေကို နှုတ်ဆက်သင်္ကေတအဖြစ် ဆေးခြယ်ရင်း ဆောင်းမဝင်မီ ထွက်ခွာသွားကြဖို့ပဲ ဖြစ်ပါတယ်။ သူတို့အားလုံး ထွက်ခွာပြီးမှာပဲ ကီဒါဟာ ပြန်လည်သတိလည်လာခဲ့ပြီး မိုးတွေကလည်း သည်းသည်းထန်ထန်ကို ရွာနေခဲ့တာလည်းဖြစ်ပါတယ်။
ကီဒါတယောက် သူ့အိမ်ဆီ ပြန်လည်ရောက်ရှိနိုင်ပါ့မလား ဆိုတာကိုတော့ စိတ်ဝင်စားဖွယ်ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ IMDb rating (6.9) ရရှိထားပြီး သမိုင်းဆိုင်ရာ စွန့်စားခန်းတခုအဖြစ် ရိုက်ကူးထားတာ ဖြစ်တဲ့အတွက်ကြောင့် ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ရပါတယ်။
The post ကီဒါရဲ့ အိမ်အပြန်လမ်း “Alpha (2018)” appeared first on ဧရာဝတီ.