Miss Myanmar International 2017 ရဲ့ Winner ဆု ရရှိပြီး အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တဲ့ တောင်ကြီးမြို့ သူအလှမယ် စဝ်ယွန်းဝတီဦးက အနုပညာလောကထဲကို ဖြည်းဖြည်းမှန်မှန်နဲ့ လျှောက်လှမ်းနေပြီး သူမအနေနဲ့ နာမည်ဆိုး ထွက်တာမျိုးနဲ့ အမှားအယွင်းဖြစ်မှာမျိုးတွေကို အရမ်းကြောက်တယ်လို့ ဧရာဝတီကိုပြောပါတယ်။
“ဂယက် မပြောနဲ့။ အဲဒီလိုမျိုးလေး တခုခုကြားရင်တောင် အိမ်က မရဘူး။ ကွန်မန့်တခုခု ဒါမှမဟုတ် Facebook သုံးရင်းနဲ့ Status တခုခု တင်မိရင်တောင် အိမ်က မကြိုက်ဘူး။ သူတို့က အနုပညာလောကမှာ နာမည်ကောင်းတခုနဲ့ ဂုဏ်သိက္ခာရှိရှိနဲ့ပဲ ရပ်တည်စေချင်တယ်။ နာမည်ဆိုးထွက်တာမျိုးတွေ အမှားအယွင်း ဖြစ်တာမျိုးတွေဖြစ်မှာကို သူတို့အရမ်းကြောက်တယ်”လို့ စဝ်ယွန်းဝတီဦးက ပြောပါတယ်။
သူမ အနုပညာအလုပ်များကို မလုပ်တော့ဘဲ တခြားစီးပွားရေးလုပ်ငန်းများကို လုပ်ခဲ့ရင်လည်း မိသားစုက အနုပညာလောကမှာ နာမည်ကောင်းတခုနဲ့ ကျန်ခဲ့တဲ့ သူတယောက်ဖြစ်စေချင်တယ်လို့ ဆိုပါတယ်။
“အကယ်၍ အနုပညာလောကထဲကနေ မလုပ်ဘဲ ထွက်သွားတယ်။ တခြားအပြင် စီးပွားရေးအလုပ်တွေ လုပ်တဲ့ တိုင်အောင် နာမည်ကောင်းလေးနဲ့ ကျန်တဲ့ အမျိုးသမီး တယောက်အနေနဲ့ မိသားစုက မြင်ချင်တာပါ”လို့ စဝ်ယွန်းဝတီဦးက ပြောပါတယ်။
သူမအနေနဲ့ကတော့ လက်ရှိမှာ မော်ဒယ်ပိုင်းထက် သရုပ်ဆောင်တဲ့အပိုင်းကို အားသန်နေပြီး ရုပ်ရှင်ကားကြီး ၂ ကားလည်း ရိုက်ကူးထားပါတယ်။

“သရုပ်ဆောင်တာနဲ့ ပတ်သက်ပြီး မျက်လုံးကို အဓိက လေ့ကျင့်တယ်။ ပြီးတော့ စကားပြောတဲ့အသံအနေအထားကို အဓိကလေ့ကျင့်ဖြစ်ပါတယ်။ မော်ဒယ်ပိုင်းမှာက Photo Model တယောက်အနေနဲ့ရော Runner Model တယောက် လိုကျတော့ ကိုယ်ကသင်တန်းတွေ အများကြီးတက်လာတာ မဟုတ်တဲ့အတွက် အားနည်းတယ်”
“အဲဒီအပိုင်းကို တတ်နိုင်သလောက် ကြိုးစားတယ်။ ဥပမာ Gym သွားရင် Gym ခန်းမှာ Catwalk လေ့ကျင့်တာမျိုးတွေကို အားရင်အားသလို လုပ်သွားပါတယ်။ Photo Shoot အနေနဲ့ကတော့ အခုဆိုရင် တော်တော်လေးတော့ လုပ်တတ်နေပြီ”လို့ စဝ်ယွန်းဝတီဦးက ပြောပါတယ်။
သရုပ်ဆောင်ပိုင်းမှာလည်း ဝါနုပြီး ရှက်တတ်ကြောက်တတ်နေသေးတဲ့အတွက် စီနီယာများထံကနေ သင်ယူနေရတယ်လို့ ဆိုပါတယ်။
“သရုပ်ဆောင်ပိုင်းမှာ လိုအပ်ချက်ကတော့ အတွေ့အကြုံနည်းသေးတာပေါ့နော်။ ပြီးတော့ ရှက်တတ်ကြောက်တတ် နေတာပေါ့။ အဲဒါလေးတွေကို စီနီယာတွေကလည်းပြောတယ်။ စိတ်ကိုဖွင့်ပြီးတော့ ရင်ဘတ်နဲ့ပဲ အလုပ်လုပ် ဆိုပြီးတော့။ အဲဒါကြောင့် တဖြည်းဖြည်းကျင့်ယူနေပါတယ်”
“အခုလောလောဆယ်တော့ ဒရာမာ၊ ဟဲဗီး ဒရာမာမျိုးတွေကို လုပ်နိုင်မယ်လို့ ထင်ပါတယ်။ အဲဒါမျိုးတွေဆို ပိုလုပ်တတ်တယ်ပေါ့။ အရမ်းပေါ့ပျက်ပျက်တို့ ၊ ဟာသပုံစံမျိုးဆိုရင်တော့ မကျွမ်းကျင်သေးဘူးလို့ ထင်ပါတယ်” လို့ စဝ်ယွန်းဝတီဦးက ပြောပါတယ်။
အလှမယ် စဝ်ယွန်းဝတီဦးကတော့ “လူကြီးလူကောင်း” ၊ “ဟစ်တိုင်” စတဲ့ရုပ်ရှင်ကားကြီးများမှာ ဝါရင့်သရုပ်ဆောင်များနဲ့အတူ ပါဝင်သရုပ်ဆောင်ရိုက်ကူးခဲ့ပြီး အားနည်းချက်တွေ ရှိသေးပေမယ့် ကြိုးစားပြီး သရုပ်ဆောင်ထားတယ်လို့ ပြောပါတယ်။
The post အနုပညာလောကမှာ ဂုဏ်သိက္ခာရှိရှိနဲ့ ရပ်တည်ချင်သူ အလှမယ် စဝ်ယွန်းဝတီဦး appeared first on ဧရာဝတီ.