tvN ရုပ်သံလိုင်းကနေ ထုတ်လွှင့်နေတဲ့ “Mama Fairy and the Woodcutter” ဇာတ်လမ်းတွဲဟာ ပြီးခဲ့တဲ့ သီတင်းပတ်ရဲ့ လူကြည့်အများဆုံး နံပါတ် ၁ နေရာကနေ ပွဲဦးထွက်ခဲ့တယ်လို့ သိရပါတယ်။
နိုဝင်ဘာလ ၅ ရက်နေ့ကစလို့ ထုတ်လွှင့်ပြသခဲ့တဲ့ အဲဒီ အချစ်ဟာသ ဇာတ်မြူးစီးရီးဟာ နိုဝင်ဘာလ ၅ ရက်ကနေ ၁၁ ရက်အထိ သီတင်းပတ်အတွက် CPI အညွှန်းကိန်း ၂၅၅ ဒဿမ ၇ အထိ ရရှိခဲ့တာ တွေ့ရပါတယ်။
အဲဒီဇာတ်လမ်းတွဲဟာ ကိုရီးယားရဲ့ နာမည်ကျော်အွန်လိုင်း Portal ဖြစ်တဲ့ Naver မှာ ၂၀၁၇ ခုနှစ်က ဖြန့်ချိခဲ့ပြီးစာရေးသူ Dol Bal ရဲ့ နာမည်ကျော် Webtoon တခုကို အခြေခံထားပါတယ်။
ကိုရီးယားလူမျိုးအများစုရဲ့ နှလုံးအိမ်ထဲမှာ စွဲမြဲနေတဲ့ ရှေးဟောင်း ပါးစပ်ရာဇဝင်တခုအကြောင်းကို မှီငြမ်းထားပါတယ်။ ကလေးနှစ်ဦးနဲ့ အတူကောင်းကင်ဘုံကို ပျံနိုင်ဖို့ တောင်ပံဝတ်စုံကို ဘဝခြားက ခင်ပွန်းသည်ဆီကနေ ရှာဖွေရမယ့် နတ်သမီးလေး တပါးရဲ့ အကြောင်းဖြစ်ပါတယ်။
အဲဒီစီးရီးထဲမှာတော့ နတ်သမီးလေးရဲ့ ခင်ပွန်းသည်ဟာ ဝမ်းနည်းဖွယ် မတော်တဆမှုတခုမှာ သေဆုံးခဲ့ပြီးတဲ့နောက် ခင်ပွန်းလူ့ဘဝကို ပြန်ဝင်စားမယ့်အချိန်အထိနှစ်ပေါင်း ၆၉၉ နှစ် စောင့်ဆိုင်းခဲ့ရပါတယ်။ ဒီနေ့ခေတ် ရောက်လာတဲ့အခါမှာတော့ နတ်သမီးလေးဟာ Gyeryong တောင်ကို သွားတဲ့လမ်းမှာ ရှိတဲ့ ကော်ဖီဆိုင်တခုမှာ ကော်ဖီဖျော်ပေးတဲ့သူအနေနဲ့ အလုပ်လုပ်နေပါတယ်။
တနေ့တော့ သူ့ဆီကို အမျိုးသားနှစ်ဦး ရောက်ရှိလာခဲ့ပြီး သူတို့ထဲက တဦးဟာ သူ့ခင်ပွန်းပြန်ဝင်စားတာ ဖြစ်တယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ဆိုးလ်မြို့ကို ရောက်ချလာပါတော့တယ်။
အဲဒီစီးရီးရဲ့ ပထမဆုံးအပိုင်းဟာ ကြည့်ရှုသူ ၅ ဒဿမ ၆ ရာခိုင်နှုန်း ရှိခဲ့ပြီး နိုဝင်ဘာလ ၁၃ ရက်နေ့မှာ ထုတ်လွှင့်ခဲ့တဲ့ အပိုင်း ၄ ကတော့ ကြည့်ရှုနှုန်း ၄ ဒဿမ ၂ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။ ပရိသတ်တွေနဲ့ ရင်းနှီးတဲ့ ပုံပြင်ဇာတ်လမ်းမှာ အလှည့်အပြောင်းတွေ ပေါင်းထည့်ပြီး ပရိသတ်တွေကို ဆွဲဆောင်ထားနိုင်တာကိုလည်းတွေ့ရပါတယ်။
အဲဒီဇာတ်လမ်းတွဲမှာ သရုပ်ဆောင်တွေအဖြစ် Yoon Hyun-Min, Seo Ji-Hoon နဲ့ Moon Chae-Won တို့ကအဓိကပါဝင်သရုပ်ဆောင်ထားကြပါတယ်။
The post ကိုရီးယား ရိုးရာပုံပြင်ကို အခြေခံထားတဲ့ “Mama Fairy and the Woodcutter” ဇာတ်လမ်းတွဲ appeared first on ဧရာဝတီ.