Bikini Bottom ရေအောက်ကမ္ဘာကာတွန်းကို ရုပ်သံစီးရီး “SpongeBob SquarePants” အဖြစ် ဖန်တီးခဲ့တဲ့ Stephen Hillenburg ဟာ အသက် ၅၇ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့အကြောင်း Nickelodeon ရုပ်သံလိုင်းက နိုဝင်ဘာလ ၂၇ ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။
Hillenburg ဟာ အာရုံကြော ယိုယွင်းမှုရာဂါ ALS လို့ခေါ်တဲ့ Lou Gehrig’s disease ကို ခံစားနေခဲ့ရတဲ့အကြောင်း ပြီးခဲ့တဲ့နှစ်မှာပဲ ပြောကြားခဲ့ပြီး နိုဝင်ဘာလ ၂၆ ရက်နေ့မှာ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။
ရုပ်သံလိုင်းက “ALS ရောဂါကို ခံစားရပြီး Steve Hillenburg ကွယ်လွန်သွားပြီဆိုတဲ့ သတင်းကြောင့်ကျနော်တို့တွေ တော်တော်လေး ဝမ်းနည်းခဲ့ကြရပါတယ်။ သူဟာ Nickelodeon မှာ ရှိတဲ့သူတိုင်းရဲ့ အခင်ဆုံး သူငယ်ချင်းနဲ့ ကာလရှည် ဖန်တီးမှုဆိုင်ရာ မိတ်ဖက်တဦးလည်း ဖြစ်ပါတယ်။ သူ့ရဲ့ မိသားစုတခုလုံးအတွက် ကျနော်တို့ ဆုတောင်းပေးပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
Hillenburg ဟာ တောင်ပိုင်း ကယ်လီဖိုးနီးယားပြည်နယ်က အဏ္ဏဝါဇီဝဗေဒ ဆရာတဦးဖြစ်ပြီး သူ့ရဲ့ သင်ကြားရေး ပစ္စည်းတွေထဲမှာ ပင်လယ်ရေသတ္တဝါလေးတွေကို စတင်ဖန်တီးခဲ့ပါတယ်။ ပျော်ပျော်နေတတ်တဲ့ အဝါရောင် ပင်လယ်ရေမြှုပ်ကောင်လေး ပါဝင်တဲ့ “SpongeBob SquarePants” ရဲ့ ပထမအပိုင်းကို အဲဒီ အမေရိကန်ရုပ်သံလိုင်းမှာ ၁၉၉၉ ခုနှစ် မေလက စတင်ထုတ်လွှင့်ခဲ့ပါတယ်။
အဲဒီရုပ်သံစီးရီးဟာ ဆုပေါင်းများစွာ ရရှိခဲ့ပြီး ဟောလိဝုဒ် ရုပ်ရှင်နှစ်ခုနဲ့ Broadway တေးသံစုံပြဇာတ်တခုတို့ကို ဖန်တီးနိုင်ခဲ့တဲ့အထိ အောင်မြင်ခဲ့ပါတယ်။ အဲဒီရုပ်သံစီးရီးကို နိုင်ငံပေါင်း ၂၀၀ ကျော်မှ ာထုတ်လွှင့်ပြသခဲ့ပြီး ဘာသာပေါင်း ၆၀ ကျော် ပြန်ဆိုဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။
Nickelodeon ရုပ်သံလိုင်းက “Steve ဟာ နေရာတိုင်းက ကလေးတွေနဲ့ မိသားစုတွေဆီ ပျော်ရွှင်မှုတွေ ဆောင်ကျဉ်းလာနိုင်စေဖို့ ဟာသနဲ့ အပြစ်ကင်းစင်တဲ့ ထူးခြားတဲ့ပုံစံနဲ့ SpongeBob SquarePants ကို ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့မူရင်းဇာတ်ကောင်တွေနဲ့ Bikini Bottom ကမ္ဘာဟာ စိတ်ကူးယဉ်မှုရဲ့ အကန့်အသတ်မဲ့တဲ့ စွမ်းအင်၊ အကောင်းမြင်မှုနဲ့ သူငယ်ချင်းသံယောဇဉ် တန်ဖိုးတွေကြောင့် ကာလကြာရှည် တည်ရှိနေဦးမှာ ဖြစ်ပါတယ်”လို့ အစီရင်ခံစာထဲမှာ ပြောကြားခဲ့ပါတယ်။
Ref:Reuters
The post “SpongeBob SquarePants” ကာတွန်း ဖန်တီးရှင် Stephen Hillenburg ကွယ်လွန် appeared first on ဧရာဝတီ.