သရုပ်ဆောင် ပြေတီဦးက လာမယ့် နိုဝင်ဘာလ ၃၀ ရက်နေ့မှာ သူ့ရဲ့ အသက် ၄၀ နှစ်ပြည့်မွေးနေ့ကို မှေ်ာဘီမြို့မှာရှိတဲ့ ဆရာတော်ဆေကိန္ဒရဲ့ ဓမ္မဒူတကျောင်းမှာ သင်္ကန်းဝတ်သွားမယ်လို့ မီဒီယာတွေကို ပြောပါတယ်။
“လာမယ့် နိုဝင်ဘာ ၃၀၊ အသက် (၄၀) ပြည့် မွေးနေ့မှာ မှေ်ာဘီမြို့မှာရှိတဲ့ ဆရာတော်ဆေကိန္ဒရဲ့ ဓမ္မဒူတကျောင်းမှာ သင်္ကန်းဝတ်ပြီး တရားအားထုတ်သွားမှာပါ။ ကျနော့်အတွက် နှစ်တိုင်းနှစ်တိုင်းကို အမှတ်တရဖြစ်တယ်။ သာသနာ့ဘောင်ထဲ ဝင်ချင်နေတာ ကြာပြီ။ အကြောင်းအမျိုးအမျိုးကြောင့် မဝင်ဖြစ်ဘူး။ တနှစ်တနှစ်နဲ့ ဒီနှစ်မှာတော့ သင်္ကန်းဝတ်ဖြစ်တာပါ”လို့ ပြေတီဦးက ပြောပါတယ်။
“ကျနော်က ကျနော့်ရဲ့ မွေးနေ့မှာ မွေးနေ့ပွဲရယ်လို့ ဘယ်တော့မှ မလုပ်ဖြစ်ဘူး။ ကျနော် ဖောင်ဒေးရှင်း ထောင်ပြီးတဲ့နှစ်ကစလို့ အဲ့နေ့တွေမှာ ဖောင်ဒေးရှင်းနှစ်ပတ်လည်ပွဲ လုပ်ဖြစ်တာများတော့ အဲ့နေ့မှာ ကျနော်ရဲ့ ကျောင်းသား၊ ကျောင်းသူတွေနဲ့အမြဲတမ်းတွေ့ဖြစ်တယ်။ သူတို့နဲ့ စကားတွေပြောတယ်။ သူတို့ရဲ့ အခက်အခဲတွေ နားထောင်တယ်။ အကြံဉာဏ်တွေပေးတယ်။ စိတ်ဓာတ်ခွန်အားရအောင် စကားပြောဖြစ်တယ်။ အဲ့နေ့တွေမှာ အမြဲတမ်း ကုသိုလ်ကောင်းမှုတွေ လုပ်ဖြစ်တယ်”လို့ ပြေတီဦးက ဆိုပါတယ်။
လတ်တလောမှာတော့ ပြေတီဦး သရုပ်ဆောင် ခိုင်သင်းကြည်နဲ့ တွဲဖက်သရုပ်ဆောင်ထားတဲ့ “သမီးသမက်၊ ခမည်းခမက်” ဆိုတဲ့ ရုပ်ရှင်ကား မကြာခင် ရုံတင်တော့မှာ ဖြစ်ပြီး အဲဒီကားမှာ ပြေတီဦးကမခိုင်လေးနဲ့ တွဲဖက်သရုပ်ဆောင်ရတာ လမိုင်းကပ်တယ်လို့ ပြောပါတယ်။
“သမီးသမက်၊ ခမည်းခမက် ဇာတ်ကားမှာ မခိုင်လေးနဲ့ လင်မယားနေရာက သရုပ်ဆောင်ထားတယ်။ မခိုင်လေးနဲ့ တွဲဖက်သရုပ်ဆောင်ရတာ လမိုင်းကပ်တယ်လို့ ပြောလို့ရတယ်။ ‘စိန်ယောက်မ’ ဇာတ်ကားကလည်း မခိုင်လေးနဲ့ ပထမဆုံး ဇာတ်ကား၊ အဲ့ရှေ့မှာလည်း တကားမှ ရုံမတင်ဘူးတော့ စိတ်ပူတယ်။ အခုဒီကားလည်း ကြည့်တာ အရမ်းရယ်ရတယ်”လို့ ပြေတီဦးက ပြောပါတယ်။
သရုပ်ဆောင် ပြေတီဦးဟာ “အာဒံရယ်၊ ဧဝရယ်၊ ဒဿရယ်” ရုပ်ရှင်နဲ့ ၂၀၁၀ ခုနှစ်မှာ တကြိမ်၊၂၀၁၂ ခုနှစ်မှာ “လက်ပံ” ရုပ်ရှင်ကား၊ ၂၀၁၃ ခုနှစ်မှာ “နင်စေရင်” ရုပ်ရှင်ကား၊ ၂၀၁၄ ခုနှစ်မှာ “နှလုံးသားဖြင့် ပြုလုပ်သည်” ရုပ်ရှင်ကားတို့နဲ့ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုများကို ရရှိခဲ့သူ ဖြစ်ပါတယ်။
သူ့ရဲ့ အနုပညာလုပ်ငန်းကနေ ရရှိလာတဲ့ ငွေကြေးနဲ့ တည်ထောင်ခဲ့တဲ့ “ပြေတီဦး ဖောင်ဒေးရှင်း” မှာလည်း ဦးဆောင်လုပ်ကိုင်နေပြီး အဆိုပါ ပညာရေးဖောင်ဒေးရှင်းဟာ နိုဝင်ဘာလ ၃၀ ရက်နေ့မှာ ၉ နှစ်ပြည့်တော့မယ်လို့ သိရပါတယ်။
The post မွေးနေ့မှာ သာသနာ့ဘောင်ဝင်မယ့် သရုပ်ဆောင် ပြေတီဦး appeared first on ဧရာဝတီ.