ကိုရီးယားဇာတ်လမ်းတွဲ ချစ်သူတွေ မျှော်လင့်စောင့်ဆိုင်းနေကြတဲ့ “Encounter” ဇာတ်လမ်းတွဲကတော့ ပြသပြီး ပထမဆုံးရက်မှာတင် ကြည့်ရှုနှုန် းစံချိန်အမြင့်ဆုံး စာရင်းဝင်သွားပါပြီ။
ထူးထူးခြားခြား မင်းသား ပတ်ဘိုဂမ်နဲ့ မင်းသမီး ဆောင်ဟေဂို (အွန်စော) တို့ပါဝင် သရုပ်ဆောင်ထားတဲ့ ဒီဇာတ်ကားဟာ မပြသခင်ကတည်း အထူး စိတ်ဝင်စားခြင်း ခံနေရတာပါ။
ဘဝအခြေအနေ အလွန်ကွာဟတဲ့ ပတ်ဝန်းကျင်တွေကလာတဲ့ သူနှစ်ဦး ကျူးဘားနိုင်ငံမှာ မမျှော်လင့်ပဲ တွေ့ဆုံခဲ့ရာကနေ စတင်ခဲ့တဲ့ အချစ်ဇာတ်လမ်း “Encounter” ကို ပထမဆုံးပြသခဲ့တဲ့ နိုဝင်ဘာလ ၂၈ မှာတင် ကြည့်ရှူသူ နှုန်း ၈ ဒဿမ ၇ ရာခိုင်နှုန်းနဲ့ ထိပ်ဆုံးစာရင်းဝင်သွားခဲ့တယ်လို့ သိရပါတယ်။
လက်ရှိ TvN ကပြသနေတဲ့ ဗုဒ္ဓဟူး၊ ကြာသပတေး ဇာတ်လမ်းတွဲထဲမှာတော့ ကြည့်ရှုသူအမြင့်ဆုံး ဇာတ်လမ်း တွဲတခု လည်းဖြစ်ပါတယ်။ ဒါဟာ TvN က ပြသခဲ့သမျှ ဇာတ်လမ်းတွဲတွေထဲမှာ ပထမဆုံးရက်နဲ့တင် ကြည့်ရှုသူ အမြင့်ဆုံး ဖြစ်ခဲ့တာဆိုရင် ဒုတိယမြောက်ကားလည်းဖြစ်ပါတယ်။
ပထမနေရာမှာ စံချိန်တင်ထားတဲ့ဇာတ်လမ်းတွဲ ကတော့ ကြည့်ရှူသူနှုန်း ၈ ဒဿမ ၉ ရာခိုင်နှုန်းနဲ့ စံချိန်တင်ထားနိုင်ခဲ့တဲ့ “Mr.Sunshine” ဇာတ်ကားပါ။
ကိုရီးယားနိုင်ငံမှာ ထုတ်လွှင့်နေတဲ့ အခပေး ကေဘယ်လ် ရုပ်သံလိုင်းတွေရော၊ အများပြည်သူတွေ ကြည့်ရှုနိုင်တဲ့ အခမဲ့ ရုပ်သံလိုင်း ၂ မျိုးလုံးကိုပါ စစ်တမ်းကောက်ရာမှာတော့ နိုဝင်ဘာလ ၂၈ ရက်မှာပြသခဲ့တဲ့ ညနေပိုင်းရုပ်သံ ဇာတ်လမ်းတွဲ အားလုံးမှာ “Encounter” ဇာတ်လမ်းတွဲက အမြင့်ဆုံး စံချိန်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
TvN ကလည်း အဆိုပါဇာတ်ကားကို အသက် ၂၀ ကနေ ၄၀ အသက်အရွယ်တွေ အတွက် ရည်ရွယ်ထားတာပါ။ ကြည့်ရှုသူ အများစုကို စစ်တမ်းကောက်ကြည့်တဲ့အခါ ဆယ်ကျော်သက်အရွယ်ကနေ အသက် ၃၀ ဝန်းကျင် အမျိုးသမီးတွေ အကြိုက်များခဲ့တယ်လို့ ဆိုပါတယ်။
ကြည့်ရှုသူအမြင့်ဆုံး စံချိန်တွေအပြင် မင်းသားနဲ့ မင်းသမီး အမှတ်မထင် တွေ့ဆုံကြတဲ့ ကျူးဘားနိုင်ငံက El Malecon နေဝင်ဆည်းဆာကြည့်တဲ့ ကမ်းခြေဟာ ဇာတ်လမ်းပြသနေရင်းကို အင်တာနက်မှာ ရှာဖွေသူအများဆုံး ဖြစ်ခဲ့ပါ။ ဒါ့အပြင် ဇာတ်ကားထဲမှာပါတဲ့ ကော်ဖီဆိုင်၊ Salsa ကပွဲရုံတွေကလည်း ရှာဖွေမှု များခဲ့ပါသေးတယ်။
နိုဝင်ဘာ ၂၈ ရက် TvN မှာပြသနေတဲ့ “Encounter” ဇာတ်လမ်းတွဲနဲ့အပြိုင် SBS ရုပ်သံက ပြသနေတဲ့ “The Last Empress” ဇာတ်လမ်းတွဲက ကြည့်ရှုသူ ၇ ဒဿမ ၉ ရာခိုင်နှုန်းထိရောက်ခဲ့သလို၊ MBC ရုပ်သံလိုင်းက ပြသနေတဲ့ “Feel Good to Die” ဇာတ်လမ်းတွဲက ကြည့်ရှုသူ ၃ ဒဿမ ၅ ရာခိုင်နှုန်းနဲ့ MBN ရုပ်သံလိုင်းက ပြသနေတဲ့ “Love Alert” ဇာတ်လမ်းတွဲကတော့ ၁ ဒဿမ ၇ ရာခိုင်နှုန်းပဲ ရှိခဲ့ပါတယ်။
Ref : Soompi
The post ပထမဆုံးရက်မှာတင် ကြည့်ရှုသူအမြင့်ဆုံး စာရင်းဝင်သွားတဲ့ “Encounter” ဇာတ်လမ်းတွဲ appeared first on ဧရာဝတီ.