ကွယ်လွန်ခဲ့ပြီဖြစ်တဲ့ အဆိုတော်ကြီး Prince ရဲ့ သီချင်းတွေကို အခြေခံထားတဲ့ နာမည်ကျော် “Mamma Mia” စတိုင် ရုပ်ရှင်တခုကို မြင်တွေ့ကြရတော့မှာပါ။
Variety မီဒီယာရဲ့အဆိုအရ Universal Pictures ဟာ Prince ရဲ့ ဂန္တဝင်သီချင်းတချို့ကို အသုံးပြုခွင့်ဝယ်ယူခဲ့ပြီး အတွင်းသတင်းတွေရဲ့အရ အဲဒီရုပ်ရှင်ဟာ အတ္ထုပ္ပတ္တိ အသားပေး မဟုတ်ဘဲ အဆိုတော်ကြီးရဲ့ သီချင်းတွေနဲ့ ဇာတ်လမ်း ဇာတ်ကွက်ကို တည်ဆောက်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီမီဒီယာရဲ့ အဆိုအရ Prince ရဲ့ ပိုင်ဆိုင်မှု အကျိုးဆောင်က ထုတ်လုပ်ရေး ကုမ္ပဏီတော်တော်များများနဲ့ ဆွေးနွေးနေပေမယ့် Universal ကိုပဲ ရွေးချယ်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ရုပ်ရှင်ရဲ့ ဇာတ်လမ်းကြောင်း ဆွေးနွေးပွဲတွေကို ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
၂၀၀၈ ခုနှစ်မှာ ဖြန့်ချိခဲ့တဲ့ “Mamma Mia” ရုပ်ရှင်ဟာ ကမ္ဘာတဝန်းမှာ ဒေါ်လာ သန်း ၄၀၀ ဝင်ငွေ ရရှိခဲ့ပြီး သူ့ရဲ့ မူရင်းရုပ်ရှင်ကတော့ ဒေါ်လာ ၆၁၅ သန်း ရရှိခဲ့ပါတယ်။ ဒါပေမဲ့ အခုနှစ်မှာ ပြသခဲ့တဲ့ “A Star Is Born” နဲ့ “Bohemian Rhapsody” ရုပ်ရှင်တို့ဟာလည်း ရုံဝင်ငွေအဖြစ် ဒေါ်လာ သန်းရာနဲ့ချီပြီး ရရှိခဲ့ပါတယ်။
အဆိုတော်ကြီး Elton John ရဲ့ ဒရာမာ “Rocketman” နဲ့ “Cats” ပြဇာတ်ကို အခြေခံထားတဲ့ ရုပ်ရှင်ကိုတော့ လာမယ့်နှစ်မှာ ရုံတင်ဖို့ စီစဉ်ထားပါတယ်။ Prince ရဲ့ သီချင်းတွေကို အခြေခံထားတဲ့ ရုပ်ရှင်ဟာ ဝင်ငွေ အကောင်းဆုံး တေးသံစုံ ဘဝအတ္ထုပ္ပတ္တိ ရုပ်ရှင်ဖြစ်တဲ့ “Bohemian Rhapsody” ရဲ့ဝင်ငွေကို ကျော်တက်နိုင်ပါ့မလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
Variety မီဒီယာရဲ့ ထောက်ပြချက်အရ ၂၀၀၇ ခုနှစ်မှာ ဖြန့်ချိခဲ့တဲ့ “Across The Universe” ရုပ်ရှင်ထဲက The Beatles အဖွဲ့ရဲ့ သီချင်းတွေနဲ့ ဇာတ်အိမ်တည်သလိုပဲ အခုရုပ်ရှင်ကို ရိုက်ကူးမယ်လို့ သိရပါတယ်။
၂၀၁၆ ခုနှစ်မှာ မကွယ်လွန်ခင် Prince ဟာ ဆယ်စုနှစ်များစွာကြာ အနုပညာခရီးလမ်းကို ဖြတ်သန်းပြီး အခွေ သန်း ၁၀၀ ကျော် ရောင်းချခဲ့ရပါတယ်။ ဂရမ်မီဆု ၈ ခုနဲ့ အကယ်ဒမီ ၂ ဆု အပါအဝင် ဆုပေါင်းများစွာကိုလည်း ရရှိခဲ့သူဖြစ်ပါတယ်။
Ref: etcanada
The post အဆိုတော် Prince ရဲ့ သီချင်းတွေနဲ့ “Mamma Mia” စတိုင် တေးသံစုံရုပ်ရှင် ဖန်တီးမည် appeared first on ဧရာဝတီ.