ဟာသမင်းသား Kevin Hart ဟာ အော်စကာ အစီအစဉ်တင်ဆက်သူအဖြစ်ကနေ နုတ်ထွက်သွားပြီဖြစ်ပါတယ်။
သူ့ရဲ့ Instagram ဗီဒီယိုမှာ အကယ်ဒမီပွဲစီစဉ်သူတွေက သူ့ရဲ့ Twitter က ပို့စ်အဟောင်းတွေအတွက် တောင်းဆိုခဲ့ကြောင်း၊ ဒါပေမယ့် အတိတ်ကာလတုန်းက ပြဿနာဖြစ်စေနိုင်တဲ့ ပို့စ်တွေနဲ့ ပတ်သက်လို့ ရှင်းလင်းခဲ့ပြီး ဖြစ်တဲ့အတွက် ဒီအခက်အခဲကို ကျော်လွှားဖို့သာရွေးချယ်ခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။
လွန်ခဲ့တဲ့ နှစ်ရက်လောက်တုန်းက သူ့ကို အော်စကာအကယ်ဒမီဆုပေးပွဲ အစီအစဉ်တင်ဆက်သူ ဖြစ်ကြောင်း ကြေညာခဲ့ပေမယ့် အခုတော့ ဟာသသရုပ်ဆောင်တဦးအနေနဲ့ အရင်တုန်းက လိင်တူချစ်ခြင်းကို ဆန့်ကျင်တဲ့ စကားတွေပြောဆိုခဲ့တဲ့ ဂယက်ကြောင့် နုတ်ထွက်လိုက်တာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၆ ရက် ညသန်းခေါင်ယံအချိန်မှာ မင်းသား Hart က ရှုပ်ထွေးမှုတွေ မရှိစေလိုတဲ့အတွက် အော်စကာ အစီအစဉ် တင်ဆက်သူအဖြစ်မှ နုတ်ထွက်လိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့တာဖြစ်ပါတယ်။ သူက “အတိတ်တုန်းက အကဲဆတ်ခဲ့တဲ့ကျနော့်ရဲ့ စကားလုံးတွေအတွက် LGBTQ အသိုက်အဝန်းကို စိတ်ရင်းနဲ့ တောင်းပန်ပါတယ်” လို့ ရေးသားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၄ ရက်နေ့တုန်းက အော်စကာအစီအစဉ်တင်ဆက်သူရဲ့ နာမည်ကို ကြေညာခဲ့ပြီးတဲ့ နောက် ပြန်လည်ရင်ဆိုင်နေရတဲ့ ပို့စ်တွေအတွက် တောင်းပန်ဖို့ ငြင်းဆိုခဲ့ပြီး တနာရီလောက်အကြာမှာပဲ အခုလိုမျိုး နုတ်ထွက်လိုက်ပြီဖြစ်တဲ့အကြောင်း ပြောဆိုခဲ့တာဖြစ်ပါတယ်။
Instagram မှာ တင်ထားတဲ့ ဗီဒီယို တခုမှာတော့ သူက ရုပ်ရှင်အနုပညာနဲ့ သိပ္ပံအကယ်ဒမီက တောင်းပန်ဖို့နဲ့ မဟုတ်ရင် အခြား အစီအစဉ်တင်ဆက်သူတဦးကို ရှာမယ့်အကြောင့် ရာဇသံပေးခဲ့တယ်လို့ ဆိုပါတယ်။
သူက “တောင်းပန်ဖို့ကို မလုပ်ဖို့ ရွေးချယ်ခဲ့ပါတယ်။ ကျနော်အကြိမ်ပေါင်းများစွာ ဖြေရှင်းခဲ့ပြီးဖြစ်တာကြောင့် ကျနော် မတောင်းပန်တော့ တာဖြစ်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။
ရုပ်ရှင်အကယ်ဒမီကတော့ ဒေသစံတော်ချိန် ဒီဇင်ဘာလ ၆ ရက်ညနေပိုင်းအထိ မှတ်ချက်ပေးပြောဆိုတာ မရှိသေးပါဘူး။
Ref: indianexpress
The post အော်စကာဆုပေးပွဲ တင်ဆက်သူအဖြစ်မှ Kevin Hart နုတ်ထွက် appeared first on ဧရာဝတီ.