သီချင်းအေးအေးလေးတွေ သီဆိုတတ်တဲ့ အဆိုတော် ကေကေမိုးက သီချင်းဟောင်းတွေ ပြန်ဆိုရင် အခက်အခဲ အများကြီး မရှိပေမယ့် တာဝန်ကြီးတယ်လို့ ဆိုပါတယ်။
“ကေကေသီချင်းဟောင်းတွေ ပြန်ဆိုရင် အခက်အခဲအများကြီးတော့ မရှိဘူး။ တာဝန်တော့ကြီးတာပေါ့နော်။ အဆိုတော်ကြီးတွေ ဆိုခဲ့ပေမယ့် ကေတို့ဆိုထားတာကိုလည်း နားထောင်စေချင်တယ်။ ကေတို့လည်း version အများကြီး ပြောင်းထားတာ မဟုတ်ဘူး။ ကေတို့ကြိုးစားထားတာတွေကိုတော့ ပရိသတ်ကို နားဆင်စေချင်ပါတယ်”လို့ ကေကေမိုးက ပြောပါတယ်။
“အဆိုတော်သစ် စိုင်းထူးဝမ်း ခွေထဲမှာ ဖိုးလေး(ခိုင်ထူး)သီချင်းလေးတပုဒ်ပြန်ဆိုထားပါတယ်။ အမှားတွေလည်း ပါနိုင်ပါတယ်။ ချစ်တဲ့စိတ်နဲ့ နားလည်ြ့ပီး နားဆင်ပေးကြပါ”လို့ သူက ဆိုပါတယ်။
လတ်တလောမှာတော့ ကေကေမိုးက ပွဲတွေဆိုဖို့ ရှိသလို သူမရဲ့ တကိုယ်တော်ခွေထဲက သီချင်း “ဆက်ရန်မရှိ” သီချင်းကို Music Video ထွက်ထားတယ်လို့ ဆိုပါတယ်။
“အတွဲခွေလေးတွေလည်း ထွက်ဖို့ ရှိတယ်။ စိနီယာအမတွေနဲ့လည်း သီချင်းလေးတွေထွက်ဖို့ရှိတယ်။ ဒုတိယခွေတွက်လည်း ပြင်ဆင်နေပါတယ်။ သီချင်းအေးအေးလေးတွေနဲ့ ကေကို ပိုတွဲမိကြပေမယ့် Music Video လေးမှာ ပုံစံအသစ်တမျိုးနဲ့ ပရိသတ်ကိုလည်း အသစ်တွေပေးချင်တာကြောင့် တင်ပေးဖြစ်တာပါ”လို့ ကေကေမိုးက ပြောပါတယ်။
“နောက်ပိုင်းမှာလည်း ထူးထူးခြားခြားနဲ့ ဆိုနေကျပုံစံ မဟုတ်တာလေးတွေလည်း ဆိုမယ်။ ဒုတိယခွေထဲမှာလည်း ဆိုနေကျ မဟုတ်တဲ့ ပုံစံလေးတွေ ထည့်သွားမှာပါ။ ဒုတိယခွေမှာတော့ R&B ပုံစံလေးတွေလည်း ဆိုဖို့ ရှိတယ်။ အနုပညာနဲ့ ပတ်သက်ရင် အကုန်ဝါသနာပါပေမယ့် သရုပ်ဆောင်တာကိုတော့ ဇာတ်ကားတွေမှာ သရုပ်ဆောင်မှာမျိုး မဟုတ်ဘဲ ကိုယ့်ခွေထဲမှာ သရုပ်ဆောင်တာမျိုးတို့ ဓာတ်ပုံရိုက်တာမျိုးလောက်ပဲ လုပ်ဖြစ်မှာ”လို့ ကေကေမိုးက ပြောပါတယ်။
အချစ်ရေးမှာ လှုပ်လှုပ်ခတ်ခတ် သိပ်မရှိတဲ့ ကေကေမိုးက ချစ်သူက အနုပညာလောကထဲက မဟုတ်ဘဲ အပြင်ကလို့ သိရပါတယ်။
“ကေကေ ချစ်သူရှိပါတယ်။ အနုပညာလောကကတော့ မဟုတ်ပါဘူး။ အပြင်ကပါပဲ။ ကေတို့ အနုပညာသမား မဟုတ်ပါဘူး။ သဝန်တိုတတ်ကြတာကတော့ အတွဲတိုင်းပါပဲ။ တကယ်ချစ်တဲ့သူတွေဆိုရင် ဒါတွေကို နားလည်ပေးနိုင်ရမယ်လေ။ ကေတို့အတွဲကတော့ အဆင်ပြေပါတယ်”လို့ သူက ပြောပါတယ်။
Music Video မှာ ကိုယ်တိုင် ပါဝင် သရုပ်ဆောင်တဲ့ သူမက သရုပ်ဆောင်ဘက်ကို ကူးပြောင်းဖို့ ရှိလားဆိုတော့ “သရုပ်ဆောင်ဘက်ကို ကူးပြောင်းဖို့တော့ မရှိပါဘူး။ ကေသရုပ်ဆောင်ပိုင်းက ကိုယ်ကျွမ်းကျင်တဲ့ အပိုင်းမဟုတ်ဘူး အဆိုပိုင်းကိုပဲ ကိုယ်ကကျွမ်းကျင်တာပါ။ အရင်တုန်းကလည်း ကခဲ့ဘူးတော့ အကလည်း ဝါသနာပါတယ်”
“အဆိုပိုင်းမှာလည်း အခုမှ ပရိသတ်က သတိထားမိရုံလေး ရှိသေးတယ်။ ကေ အဆိုပိုင်းမှာလည်း အများကြီးကြိုးစား ဖို့လိုသေးတယ်။ အဲ့အတွက် အဆိုပိုင်းကိုတော့ သေချာဇောက်ချပြီး လုပ်ပါဦးမယ်”လို့ကေကေမိုးက ပြောပါတယ်။
ကေကေမိုးဟာ “ကျွန်မ”ဆိုတဲ့ တေးစီးရီး ထွက်ရှိထားပြီး “ငါ့ကိုနမ်းတဲ့ မုန်တိုင်း” ဇာတ်ကားမှာလည်း “မောင် မငိုရဘူးနော်”သီချင်းနဲ့ ပရိသတ်အားပေးမှု ရရှိခဲ့သူ ဖြစ်ပါတယ်။
The post အနုပညာနဲ့ ပတ်သက်လာရင် အကုန်လုံးကို ဝါသနာပါတဲ့ ကေကေမိုး appeared first on ဧရာဝတီ.