အဆိုတော် Miley Cyrus ဟာ “Black Mirror” ဆိုတဲ့ ရုပ်သံစီးရီးများ ပါဝင်သရုပ်ဆောင်တော့မယ်လို့ သိရပါတယ်။ အသက် ၂၆ နှစ်အရွယ် အဆိုတော်နဲ့ မင်းသမီး Miley ဟာ အဲဒီ့သတင်းကို “The Howard Stern Show” မှာ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတခုအတွင်းမှာ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။
Miley က Netflix ကနေ ထုတ်လွှင့်မယ့် စီးရီးမှာပါဝင်မယ့် သူ့ရဲ့ဇာတ်ဝင်ခန်းတွေကို မကြာသေးခင်ကပဲ ရိုက်ကူးပြီးစီးခဲ့ပြီ ဖြစ်တဲ့အကြောင်း အစီအစဉ်တင်သူ Howard Stern ကို ပြောကြားခဲ့တာဖြစ်ပါတယ်။ သူ့ဇာတ်ကောင်ရဲ့ အသေးစိတ် အကြောင်းအရာတွေကို ထုတ်ပြောခဲ့တာ မရှိသေးပေမယ့် သူရဲ့ သရုပ်ဆောင်တင်ဆက်မှုအတွက် ဂုဏ်ယူမိတဲ့အကြောင်း Miley က ပြောဆိုခဲ့ပါတယ်။
Miley က “ကျမရဲ့ အလုပ်အတွက် တကယ့်ကိုပဲ ဂုဏ်ယူမိတယ်လို့ ခံစားရတဲ့ ပထမဆုံးအကြိမ်ပါ။ ကျမ ဇာတ်ကောင်တခုကို သရုပ်ဆောင်ပါတယ်။ ဒါပေမယ့် အဲဒီဇာတ်ကောင်ရဲ့ မတူညီတဲ့ဘက် အခြမ်းတွေကိုလည်း သရုပ်ဆောင်ရပါတယ်။ မတူကွဲပြားတဲ့ဘက်တွေတော်တော်များများ ရှိနေပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။
အရင်တုန်းက Disney စတားဖြစ်ခဲ့ဖူးတဲ့ Miley က အဲဒီ့စီးရီးမှာ သရုပ်ဆောင်နေချိန် ကယ်လီဖိုးနီးယား တောမီးကြောင့် အိမ်ဆုံးရှုံးခဲ့ရတဲ့ အတွေ့အကြုံကိုလည်း ပြောပြခဲ့ပါတယ်။ သူဟာ “Hannah Montana” စီးရီးနဲ့ နာမည်စတင်ကျော်ကြားလာတာဖြစ်ပြီး Amazon ရဲ့ “Crisis in Six Scenes” ဇာတ်လမ်းတွဲမှာလည်း သရုပ်ဆောင်ခဲ့ဖူးပါတယ်။
ပြီးခဲ့တဲ့ ဧပြီလတုန်းက Wonderland နဲ့ ပြုလုပ်ခဲ့တဲ့အင်တာဗျူးတခုမှာ ကြီးမားတဲ့ သရုပ်ဆောင်ပရောဂျက်တွေကို တာဝန်ယူရတဲ့အခါ တွန့်ဆုတ်ခဲ့မိတဲ့အကြောင်းကိုလည်း ရှင်းပြခဲ့ပါတယ်။
သူက “လပေါင်းများစွာမှာ ပရောဂျက်တခုတည်းကိုပဲ အာရုံစိုက်ရတာ အထူးသဖြင့် ဇာတ်ကောင် တခုတည်းအနေနဲ့ ဈာန်ဝင်စားနေရတာမျိုးကို သဘောမကျဘူး။ အချိန်တော်တော်များများ ကျမစိတ်နဲ့ ကျမကိုယ် မဖြစ်ဘူး။ ကျမသီချင်းတွေ ဆိုသလိုမျိုး ကျမသရုပ်ဆောင်ရတဲ့ ဇာတ်ရုပ်တွေကိုလည်း နက်နက်နဲနဲ တကယ်သရုပ်ဆောင်တယ်”လို့ ပြောဆိုခဲ့ပါတယ်။
Ref: upi
The post သရုပ်ဆောင်လောကထဲ ပြန်လာတော့မယ့် အဆိုတော် Miley Cyrus appeared first on ဧရာဝတီ.