သရုပ်ဆောင် အလုပ်နဲ့ သီချင်းဆိုတဲ့ အလုပ်ကို တွဲဖက်လုပ်ကိုင်ပြီး ၂ ခုလုံးမှာ ပရိသတ်အားပေးမှု ရရှိထားတဲ့ သရုပ်ဆောင်၊ အဆိုတော် ဝိုင်းစုခိုင်သိန်းကတော့ ဇာတ်ကားများ မရိုက်ကူးတာ ၅ နှစ်ရှိပြီလို့ သိရပါတယ်။
“ဝိုင်းစု ကားမရိုက်ဖြစ်တာတောင် ၅ နှစ်လောက် ရှိပြီ။ ကားမရိုက်ဖြစ်တာတော့ ဘာမှဖြစ်လို့တော့ မဟုတ်ဘူး။ ဒီတိုင်းပဲ အဆိုဘက်ကိုပဲ ဇောက်ချပြီးတော့ လုပ်ဖြစ်နေလို့ပါ။ ဘာမှတော့ မဖြစ်ပါဘူး။ လာခေါ်တာတွေတော့ ရှိတယ်။ အဲဒီအချိန်မှာ ဝိုင်းစု မအားတာတွေ ရှိတယ်” လို့ ဝိုင်းစုခိုင်သိန်းက ပြောပါတယ်။
သရုပ်ဆောင်ဘက်ကို မလုပ်ဖြစ်တာကတော့ အဆိုဘက်ကို ဦးစားပေးနေရတာကြောင့်ဖြစ်ပြီး လာရောက် ကမ်းလှမ်းတဲ့ထဲက အဆင်ပြေတဲ့ ကာရိုက်တာမျိုးဆိုရင်တော့ ရိုက်ကူးသွားမယ်လို့ ဝိုင်းစုက ပြောပါတယ်။
“လာခေါ်တာတွေတော့ ရှိတယ်။ အဲဒီအချိန်မှာ ဝိုင်းစု မအားတာတွေ ရှိတယ်။ တချို့ဇာတ်လမ်းလေးတွေ အဆင်ပြေရင်တော့ ဝိုင်းစု ရိုက်မှာပါ။ အဓိကက သာမန်ရိုးကျ မဟုတ်ဘဲ ဇာတ်ကွက်ဆန်းဆန်းနဲ့ ဆိုရင်တော့ ရိုက်ဖြစ်မယ်ပေါ့။ ဒါပေမဲ့ ဒီအဆိုဘက်မှာ လက်ခံထားတာ မရှိရင်တမျိုး။ ရှိနေတဲ့အခါတွေဆိုရင် အဆိုဘက်ကို ဦးစားပေးလိုက်တာပါ” လို့ ဝိုင်းစုခိုင်သိန်းက ပြောပါတယ်။
နောက်လထဲမှတော့ တရားစခန်းဝင်ဖို့ရှိပြီး ဘယ်နေရာမှာ ဝင်ဖြစ်မလဲဆိုတာ မသိသေးဘဲ လတ်တလောမှာတော့ ပွဲတော်ရာသီ ဖြစ်နေတာကြောင့် ပွဲတွေဆက်တိုက် ဆိုဖြစ်နေတယ်လို့ သိရပါတယ်။ လတ်တလောမှာတော့ ပြင်ဦးလွင်ပန်းပွဲတော်မှာ ဖျော်ဖြေနေပြီး ပြင်ဦးလွင်ရောက်ရင် ပျော်ရွှင်ရတယ်လို့ ဝိုင်းစုက ပြောပါတယ်။
“အရင်ကပြင်ဦးလွင်မှာ ကားရိုက်တဲ့အချိန် ပြင်ဦးလွင်မှာ တလခွဲ ၂ လလောက်ထိ နေရတယ်။ မုန့်တွေ လျှောက်စားတယ်။ ပြင်ဦးလွင်ရောက်ရင် မပြန်ချင်ဘူး။ မပူတော့ သွားရ လာရတာအဆင်ပြေတယ်။ အရာရာတိုင်းက အေးအေးချမ်းချမ်းပဲ။ တိုက်တွေ ဘာတွေကအစ မတူဘူးပေါ့။ ပြင်ဦးလွင်မှာလည်း ပရိသတ်တွေ ရှိပါတယ်”လို့ ဝိုင်းစုခိုင်သိန်းက ပြောပါတယ်။
ဝိုင်းစုခိုင်သိန်းကတော့ မကြာသေးမီက “ပြတ်စာ” ဆိုတဲ့ သီချင်းထွက်ထားပြီး ထပ်မံပြီးတော့ တကိုယ်တော် အခွေ ထွက်ဖို့အတွက် ပြင်ဆင်နေတယ်လို့ သိရပါတယ်။
The post ဇာတ်ကား မရိုက်ဖြစ်တာ ၅ နှစ်ရှိပြီဆိုတဲ့ ဝိုင်းစုခိုင်သိန်း appeared first on ဧရာဝတီ.