ဒီနေ့ ပရိသတ်ကို မိတ်ဆက်ပေးမယ့် ရုပ်ရှင်ကတော့ ၂၀၁၈ ခုနှစ်အတွင်းမှာပဲ Netflix အခပေးရုပ်သံလိုင်း ကနေ ထုတ်လွှင့်သွားခဲ့တဲ့ “Bird Box” လို့ခေါ်တဲ့ အမေရိကန်သည်းထိတ်ရင်ဖိုရုပ်ရှင်ဖြစ်ပါတယ်။
ဒါရိုက်တာကတော့ Susanne Bier ဖြစ်ပြီး ၂၀၁၄ ခုနှစ်မှာထွက်ရှိခဲ့တဲ့ နာမည်တူဝတ္ထုကို အခြေခံရိုက်ကူးထားတာ ဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ လွန်ခဲ့တဲ့ ငါးနှစ်တုန်းက ကမ္ဘာပေါ်မှာ ဖြတ်ခဲ့တဲ့ ဘေးဒုက္ခကပ်ဘေး ကသောင်းကနင်း ဖြစ်ရပ်ကနေ အသက်လုပြေးရမယ့် ကလေးနှစ်ဦးရဲ့ မိခင်ဖြစ်သူရဲ့ ရုန်းကန်မှုတွေကို ဇာတ်အိမ်တည်ထားပါတယ်။
Boy နဲ့ Girl လို့ခေါ်တဲ့ ကလေးနှစ်ဦးရဲ့ မိခင်အဖြစ် မင်းသမီး Sandra Bullock က ပါဝင်ထားပါတယ်။
Ocean’s Eight ရုပ်ရှင်မှာအတူတွဲပြီး သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Sarah Paulson နဲ့အတူ မင်းသမီး Sandra Bullock တို့ရဲ့ ဒုတိယမြောက် ပါဝင်ရိုက်ကူးမှုလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့ ၅၀ ရာခိုင်နှုန်းလောက်ရှိတဲ့ အချိန်တွေမှာ သူဟာ မျက်လုံးကို အဝတ်စည်းထားရတယ်လို့ မင်းသမီး Bullock က ပြောကြားထားပါတယ်။
လူသားတွေရဲ့ စိုးရိမ်မှု၊ နောင်တနဲ့ ဆုံးရှုံးမှုတွေကနေ ကိုယ့်ကိုယ်ကို သတ်သေစေဖို့ စိတ်ကို စိုးမိုးခဲ့တဲ့ သဘာဝလွန် စွမ်းအားတွေနဲ့ ရင်ဆိုင်ရင်း အသက်လုပြေးရတဲ့ ဇာတ်ဝင်ခန်းတွေဟာ ကြည့်ရှုသူကို မွန်းကြပ်မှုရော၊ လွတ်မြောက်မှုကို ငတ်မွတ်မှုရော၊ ခံစားရစေသလို တပြိုင်တည်းမှာပဲ အာဂအမျိုးသမီးရဲ့ သတ္တိတွေ၊ ခွန်အားတွေကို ကြည့်ရင်း ဘေးကျပ်နံကျပ် အခက်အခဲကြားထဲမှာ ရုန်းကန်ရပုံတွေဟာ အတုယူ အားကျရဖွယ် ဖြစ်ပါတယ်။
အဲဒီရုပ်ရှင်ကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာ ၁၂ ရက်မှာကျင်းပခဲ့တဲ့ AFI Fest မှာ ပွဲဦးထွက်ပြသခဲ့ပြီး ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ အကန့်အသတ်အနေအထားနဲ့ ပြသခဲ့ပါတယ်။
တကမ္ဘာလုံးမှာတော့ ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ပြသခဲ့တာဖြစ်ပါတယ်။ အခုတော့ “Bird Box” ရုပ်ရှင်ထဲက ကောင်းနိုးရာရာ ဇာတ်ဝင်ခန်းလေးတွေကို အမြည်း ပြောပြပေးပါမယ်။
ဇာတ်လမ်းကို ကမ္ဘာကြီးမှာ ထူးဆန်းတဲ့ဘေးဒုက္ခဆိုးကြီးကြုံပြီးတဲ့ ကာလတခုနဲ့အစပြုထားပါတယ်။ Malorie Hayes ဆိုတဲ့အမျိုးသမီးဟာ နာမည်ပေးမထားတဲ့ ကလေးငယ် နှစ်ဦးနဲ့ မြစ်ထဲမှာ လှေတစင်းကို စီးပြီး ရေစုန်ဆင်းနေခဲ့ကြပါတယ်။ မိခင်ဖြစ်သူက ကလေးနှစ်ဦးကို မျက်နှာစည်းကို မချွတ်ဖို့နဲ့ ချွတ်ရင် သေရမယ်လို့ ပြောဆိုနေပါတယ်။ အဲဒီ့နောက် လွန်ခဲ့တဲ့ ၅ နှစ်ကာလတခုကို ပြပါတယ်။
Malorie ဟာ အစ်မဖြစ်သူ Jessica နဲ့အတူ သားဖွားမီးယပ်ဆေးခန်းမှာ ကိုယ်ဝန်ကို သွားရောက်စစ်ဆေးနေခဲ့ပါတယ်။ အပြန်လမ်းမှာပဲ မှန်ကို ခေါင်းနဲ့ ရိုက်ခွဲနေတဲ့ အမျိုးသမီးကို တွေ့လိုက်ရပြီးတဲ့နောက် အလန့်တကြား ဖြစ်ခဲ့ပါတယ်။
အဲဒီအချိန်ကစလို့ အစ်မဖြစ်သူ Jessica နဲ့အတူ ဆေးရုံကနေ ပြန်လာတဲ့လမ်းမှာ ကားတွေက အထိန်းအကွပ်မရှိ ဝင်တိုက်နေတာတွေ၊ စိတ်နဲ့တောင် စဉ်းစားလို့မရတဲ့ ရူးကြောင်ကြောင် ဖြစ်ရပ်တွေကို ဆက်တိုက် မြင်လာရသော Malorie တယောက် သွေးပျက်လာခဲ့ပါပြီ။
ဒါပေမယ့် အမဖြစ်သူ Jessica ကိုယ်တိုင်ကလည်း ဘာမှန်းမသိတဲ့ အရာရဲ့ ညှို့ယူမှုကို ခံလိုက်ရပြီး ကားတိုက်မှု ဖြစ်ပွားခဲ့ပါတယ်။ နောက်တော့ ကားလမ်းပေါ်မှာ လာနေတဲ့ ထရပ်ကားတစီးရဲ့ ဝင်တိုက်မှုကို ကျေကျေနပ်နပ်ကြီး ခံယူလိုက်တာကလည်း ညီမဖြစ်သူအတွက်တော့ စိတ်ထိခိုက်စရာ မြင်ကွင်းဖြစ်ပါတယ်။
အဲဒီနားမှာရှိတဲ့ လူတချို့ရဲ့ ကယ်ဆယ်မှုနဲ့ အိမ်တခုမှာ တဒင်္ဂလွတ်မြောက်ခဲ့ပေမယ့် တလောကလုံးက ဘာဖြစ်လို့ ဘာဖြစ်နေမှန်းမသိတဲ့ အနေအထား နဲ့ ကြုံနေရပါတယ်။
အိမ်ထဲက အပြင်မထွက်ရင် ဘေးအန္တရာယ်ကင်းရှင်းပေမယ့် ရက်အနည်းငယ်လောက်အကြာမှာပဲ ရိက္ခာပြတ်လာ ပါတယ်။ ဒါကြောင့် အနီးနားမှာရှိတဲ့ စူပါမားကတ်တခုကနေ စားသောက်စရာတွေ သွားယူခဲ့ကြပေမယ့် အဲဒီမှာလည်း အဖြစ်ဆိုးတွေနဲ့ ကြုံတွေ့ခဲ့ပါတယ်။
အဲဒီစူပါမားကတ်မှာ ရောင်းချတဲ့ ငှက်တစုံကို လှောင်ချိုင့်ထဲကနေ ယူလာခဲ့ပြီး အဲဒီငှက်တွေရဲ့ အသံပြုချက်နဲ့ မမြင်ရတဲ့ သဘာဝလွန်အရာ ရောက်လာချိန်မှာ အသိပေးနိုင်လို့ ဘေးအန္တရာယ်ကနေ လွတ်ကင်းခဲ့ကြပါတယ်။
ဒါပေမယ့်လည်း သူမီးဖွားရမယ့် အချိန်ရောက်လာတဲ့အချိန်မှာလည်း သူတို့အိမ်မှာပဲ ကယ်ဆယ်ထားတဲ့ သူတဦးရဲ့ ရူးကြောင်ကြောင်လုပ်ရပ်ကြောင့်ပဲ ကလေးနှစ်ဦးနဲ့ Malorie ဒုက္ခရောက်နေချိန် Tom ဆိုတဲ့ အမျိုးသားက ကယ်ဆယ်ထားလိုက်ရပါတယ်။
ငါးနှစ်ကြာပြီးတဲ့နောက် Tom နဲ့ Malorie တို့ဟာ နေရာတခုမှာ လျှို့ဝှက်စွာနေထိုင်းရင်း သတင်းအစကြားလိုက်ရပါတယ်။ မြစ်ရဲ့ အောက်ဘက် တမံနားမှာ နားခိုရာ နေရာတခု ရှိသတဲ့။
အဲဒီ့နေရာမှာ ဘေးကင်းလုံခြုံဖို့ မဖြစ်မနေသွားရတော့မယ့် သူတို့ မိသားစုလေးဟာ ခရီးဆုံးအဖြစ် သွားရောက်နိုင်ပါ့မလား။ သူတို့ကိုလာခဲ့ဖို့ ဖိတ်ခေါ်တဲ့နေရာက ဘယ်နေရာလဲ။ တကယ်အစစ် မှန်ရှိတဲ့နေရာလား ဆိုတာ ဇာတ်လမ်းကို ကြည့်ရှုပေးကြပါလို့ ပြောချင်ပါတယ်။
ဇာတ်လမ်းတခုလုံးရဲ့ ကြာချိန် ၁၂၄ မိနစ်အတွင်းမှာပဲ ကြည့်ရှုသူပရိသတ်ကို ခံစားမှု တစုံတရာပေးနိုင်မှာ အသေအချာပဲဖြစ်ပါတယ်။
Ref:Wiki
The post အာဂအမျိုးသမီးရဲ့ သောကတွေကိုမြင်တွေ့ရမယ့် Bird Box ရုပ်ရှင် appeared first on ဧရာဝတီ.