Netfilx အခပေး ရုပ်သံကြည့်ဝက်ဘ်ဆိုက်က သူတို့ထုတ်လွှင့်နေတဲ့ ဟာသရှိုးတခုဖြစ်တဲ့ “Patriot Act with Hasan Minhaj” ကို ဆော်ဒီအာရေးဗီးယား အရာရှိတွေရဲ့စောဒကတက်မှုကြောင့် ပယ်ဖျက်လိုက်ကြောင်း ဇန်နဝါရီလ ၁ ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။
သတင်းနဲ့ ဟာသပေါင်းစပ် အစီအစဉ် အပိုင်းတခုမှာ ပြီးခဲ့တဲ့နှစ်တုန်းက တူရကီနိုင်ငံမှာရှိတဲ့ ဆော်ဒီကောင်စစ်ဝင်ရုံးမှာ ဂျာနယ်လစ် Jamal Kashoggi အသတ်ခံလိုက်ရတဲ့ကိစ္စရပ်နဲ့ ပတ်သက်လို့ ဆော်ဒီဘုရင့်နိုင်ငံကို ဝေဖန်ထားခဲ့ပါတယ်။
Kashoggi ဟာ ဆော်ဒီနဲ့ အိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆော်လ်မန်တို့ကို ဝေဖန်လေ့ရှိသူဖြစ်ကြောင်း Financial Timesနဲ့ အခြားမီဒီယာတွေက သတင်းထုတ်ပြန်ထားပါတယ်။ ဆော်ဒီဘုရင့်နိုင်ငံဟာ အမေရိကန်မှာ အခြေစိုက်နေထိုင်ခွင့်ရထားတဲ့ အဲဒီသတင်းထောက်ဟာ သူတို့လက်ထဲမှာပဲသေဆုံးခဲ့တယ်ဆိုတဲ့ အကြောင်းကို လက်ခံထားပြီးဖြစ်ပါတယ်။
Netflix ရဲ့ တာဝန်ရှိသူတွေကတော့ အဲဒီ့အတွက် မှတ်ချက်တစုံတရာ မပေးသေးဘဲ တရားဝင်ကြေညာချက် ထုတ်ပြန်တာလည်း မရှိသေးပါဘူး။ ဆော်ဒီအရာရှိတွေ ဘက်ကနေလည်း မှတ်ချက်ပေးတာမျိုး မရှိသေးပါဘူး။
Financial Times နဲ့ တခြားမီဒီယာတွေထံ ပေးပို့တဲ့ ကြေညာချက်တခုထဲမှာတော့ Netflix ဟာ ဆော်ဒီရဲ့ ဆက်သွယ်ရေးနဲ့ သတင်းအချက်အလက်နည်းပညာကော်မရှင်က ဆိုက်ဘာမှုခင်း တိုက်ဖျက်ရေး ဥပဒေကို ချိုးဖောက်ထားတဲ့အတွက် အဲဒီအပိုင်းကို ဖယ်ရှားပေးဖို့တောင်းခဲ့ပြီးတဲ့နောက် ပြီးခဲ့သီတင်းပတ်မှာပဲ အဲဒီအပိုင်းကို ပယ်ဖျက်ခဲ့တယ်လို့ အတည်ပြုထားပါတယ်။
Netflix မှ တာဝန်ရှိသူတဦးက “ကျနော်တို့ဟာ အနုပညာမြောက်တဲ့ လွတ်လပ်မှုကို ခိုင်ခိုင်မာမာထောက်ခံပြီး ဒေသဆိုင်ရာဥပဒေနဲ့ လိုက်လျောညီထွေဖြစ်ဖို့ တည်ဆဲဥပဒေ တောင်းဆိုချက်ကို လက်ခံရရှိခဲ့ပြီးတဲ့နောက် ဆော်ဒီနိုင်ငံတခုတည်းမှာ ထုတ်လွှင့်မယ့် အဲဒီအပိုင်းကို ပယ်ဖျက်လိုက်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။
နယူးယောက်တိုင်းမ်သတင်းရဲ့ အဆိုအရ အဲဒီအပိုင်းကို ဆော်ဒီအာရေးဗီးယားနိုင်ငံမှာ ကြည့်လို့ရတဲ့ Youtube မှာ ကြည့်ရှုနိုင်ဆဲဖြစ်တယ်လို့ ဆိုပါတယ်။
Ref: reuters
The post ဆော်ဒီအာရေးဗီးယားမှာ ထုတ်လွှင့်နေတဲ့ ဟာသအစီအစဉ် အပိုင်းတခုကို Netflix ပယ်ဖျက် appeared first on ဧရာဝတီ.