Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

သရုပ်ဆောင် မင်းစိန် ကွယ်လွန်မှုအပေါ် မိသားစုဝင်များရဲ့ ဝမ်းနည်းစကား

$
0
0

ရုပ်ရှင်နှင့် ဗီဒီယို လူကြမ်း သရုပ်ဆောင် ဦးမင်းစိန်ဟာ ဇန်နဝါရီလ ၅ ရက်နေ့က ရန်ကုန်မြို့၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ပန်းနာရင်ကြပ်ရောဂါကြောင့် ချွဲဆို့အမောဖောက်ဝေဒနာနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၅၆ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဦးမင်းစိန်အတွက် မိသားစုများရဲ့ ဝမ်းနည်းစကားများကို ဖော်ပြပေးလိုက်ပါတယ်။

ဦးမင်းစိန်ရဲ့ ဇနီးဟောင်း

“သူဒီလောက် မြန်မြန်ဖြစ်လိမ့်မယ်လို့ မထင်ဘူး။ ဆေးရုံတက်ရတဲ့ သတင်းကြားတော့ အန်တီ သားနှစ်ယောက်ကို ဆေးရုံလွှတ်လိုက်တယ်။ အန်တီ အိမ်ကနေပဲ ဖုန်းသတင်းနားထောင်တယ်။ အဖေအခြေအနေ ကောင်းတယ်။ ဆရာဝန်ကတော့ တပတ်လောက်ဆေးရုံတက်ရမယ်ပြောတယ်။ ညမိုးချုပ်တော့ ၁ နာရီကျော်လောက် အခြေအနေမကောင်းဘူးဆိုပြီး ဖုန်းဆက်တော့ အန်တီဆေးရုံကို သွားဖို့ အဆင်မပြေဘူး။ အသက်ထွက်ချိန်မှာတော့ အန်တီအသက် မမှီလိုက်ပါဘူး။ ခရီးမထွက်ခင်တော့ အိမ်ကို လာတယ်။ ကလေးတွေနဲ့ တီဗီတွေဘာတွေကြည့်တယ်။ အဲဒါကတော့ တွေ့တာနောက်ဆုံးပေါ့”

“အန်တီတို့ တတ်နိုင်သလောက် အလှူလုပ်ပေးမယ်။ ကိုလူချောအဖွဲ့တွေလည်း ကူညီပေးကြတယ်။ ကိုအောင်ခိုင်တို့နဲ့ ထောက်ကြံ့အိမ်မှာဆုံတော့ နောက်အိမ်ထောင်နဲ့ ကလေးလေးကလည်း ငယ်သေးတော့ အန်တီက ထောက်ပံ့ငွေတွေကို သူ့နောက်ကောင်မလေးကိုပဲ ပေးခိုင်းတယ်။ ကောင်မလေးမှာလည်း ခံစားခွင့်ရှိတယ်လေ။ ကလေးအတွက်လည်း စိတ်ပူရတော့ သူ့နဲ့ပဲဆိုင်တယ်။ ထင်တယ်။ အန်တီနဲ့က သားသမီးလေးယောက် ရှိပါတယ်။ သား ၃ ယောက် သမီး ၁ ယောက်ပါ။ သူနောက်အိမ်ထောင်ပြုသွားတာ ၅ နှစ်ကျော် ၆ နှစ်လောက်ရှိပါပြီ။ အန်တီတို့၊ အိမ်ကိုတော့ အချိန်မရွေး ဝင်ထွက်သွားလာနိုင်တယ်။ ကိုယ်ကတော့ သူ့ကို အပူမကပ်ဘူး။ ဟိုမှာပဲ အဆင်ပြေအောင်နေဆိုပြီးပြောတယ်”

ဦးမင်းစိန်ရဲ့ သမီး

“ခရီးမသွားခင်က အိမ်လာတယ်။ ပျော်ပျော်ရွှင်ရွှင်နဲ့ မနက်မှပြန်သွားတယ်။ နောက်ပိုင်းသိပ်မတွေ့လိုက်ရပါဘူး။ ဆေးရုံတင်ထားတာလည်း သွားမကြည့်လိုက်ရဘူး။ အဖေနာရေးကို လူသိပ်လာမယ်တောင် မထင်ထားဘူး။ လူတွေ အများကြီးလိုက်ပို့ကြတယ်။ သတင်းမေးကြလို့ အကုန်လုံးကိုကျေးဇူးတင်ပါတယ်။ အဖေက မိန်းကလေးအငယ်လည်းဖြစ်တော့ပိုပြီးချစ်ပေးတယ်”

“နောက်ဆုံးတွေ့တုန်းက ပြောတာက အဖေက သားသမီးတွေ အကုန်လုံးကိုချစ်တယ်ပေါ့။ မလွဲသာလို့ ဖြစ်သွားပေမယ့် ရင်ထဲမှာ ရှိတယ်။ ချစ်လည်း ချစ်တယ်။ မုန်းလို့ထားခဲ့တာ မဟုတ်ဘူး။ အဲ့သဘောမျိုးပြောတာကိုတော့ ရင်ထဲမှာ မှတ်မိနေတာပေါ့။ အဖေက ငယ်ငယ်တုန်းက အနုပညာနဲ့ ပတ်သက်ပြီး လုံးဝ မလုပ်ရဘူး။ သမီးကလည်း ဝါသနာ မပါဘူး။ အသက်ကြီးလာတော့ ဝါသနာပါရင်လုပ် ပံ့ပိုးပေးမယ်ပြောတယ်။ သမီးကိုယ်တိုင်က ဝါသနာမပါလို့ မလုပ်ဖြစ်ဘူး”

ဦးမင်းစိန်ရဲ့ သား

“ကျနော်တို့ အဖေဆေးရုံတက်တဲ့ သတင်းကြားတာနဲ့ သွားပြီး ဆေးရုံစောင့်ပေးတယ်။ လိုအပ်တာတွေ လုပ်ပေးတယ်။ ညနေ သက်သာနေတယ်။ ကျနော်တို့ကိုလည်း စကားပြန်ပြောတယ်။ ကျနော်နဲ့ အစ်ကို ပြန်လာပြီး ညကျတော့ပြန်လာတယ်။ ၁ ကျော်လောက် ဖုန်းဆက်တော့ ကားအခက်အခဲကြောင့် ဆေးရုံကို မသွားလိုက်ရဘူး။ တတ်နိုင်သလောက်တော့ ပြုစုလိုက်ရပါတယ်။ အဖေ မဆုံးခင်က အိမ်ကိုလာတယ်။ သီချင်းဆို၊ တီဗီကြည့်ပြီး ကျနော်တို့နဲ့ အတူတူအိပ်ပြီး မနက်မှ ပြန်သွားတယ်။ အဲ့ဒါကတော့ အမှတ်တရပါ”

“အဲ့နောက်ပိုင်းတော့ ဆေးရုံရောက်မှာပဲ ထပ်တွေ့ဖြစ်တယ်။ အဖေရဲ့ နောက်ဆုံးခရီးကို စည်စည်ကားကားနဲ့ အကုန်လုံး ဝိုင်းဝန်းကူညီပေးကြတယ်။ အဖေက ကျနော်တို့ကို အမြဲဆုံးမတယ်။ ဘယ်အရာဖြစ်ဖြစ် သည်းခံ၊ သည်းခံတာ ကောင်းတယ်လို့ ပြောတယ်။ လူတယောက်က လူလောက်ပဲ သည်းခံနိုင်မှာလို့ ပြောတယ်။ အဲ့စကားက ကျနော်တို့အတွက် တွေးတတ်ရင် တွေးတတ်သလို အကျိုးရပါတယ်”

ဦးမင်းစိန်ရဲ့ လက်ရှိ ဇနီး

“လွန်ခဲ့တဲ့ ၁၅ ရက်က မန္တလေး မိုးကုတ်ဘက်ကို ခွေသွားရောင်းတယ်။ အဲ့မှာ အအေးလှိုင်းဖြတ်တော့အဆုတ်ထဲမှာ ချွဲတွေကြပ်ပြီး ပြန်လာတယ်။ ရောက်တော့ အရမ်းမောနေလို့ ကျမ လွတ်လပ်ရေးနေ့မှာ သူ့ကို ဆေးရုံတင်လိုက်တယ်။ ဆရာဝန်က ၅၀/၅၀ ကောင်းနိုင်ခြေတော့ ရှိတယ်။ မျက်လုံးလေးတွေကတော့ ဝါနေတယ်။ သူက အောက်ဆီဂျင် ပြတ်လို့ မရဘူး။ တချက်လေး အောက်ဆီဂျင်ပြတ်သွားတာ ပြန်ကယ်လို့ကို မရတော့ဘူး။ ဝေဒနာ သိပ်မခံစားရဘူးလို့ ပြောလို့ ရတယ်။ သေပန်းပွင့်တယ်လို့ ပြောလို့ ရတယ်။ အိပ်နေတဲ့အတိုင်းပဲ သူစိတ်ချတယ်လို့ ခံစားရတယ်”

“တရက်ပဲ ကျမ ပြုစုလိုက်ရတယ်။ အခု ကျမတို့မှာ မိသားစုကြီး ပြိုသွားပြီ။ သူ့နာရေးမှာ အဖက်ဖက်ကနေ ကူညီပေးနေကြတာ ကျမအတွက် အင်အားတခုပေါ့။ ကျမတယောက်တည်း ကျန်ခဲ့ရမှာလေ။ ကျမ သမီးလေးကလည်း ငယ်ငယ်လေး ရှိသေးတယ်။ ကျမရှေ့ဆက်ဖို့တောင် ဘာဆက်လုပ်ရမှန်း မသိဘူး။ ၇ ရက်ပြည့်ရင် ဘာဆက်လုပ်ရမှန်း မသိဘူး၊ တွေးနေမိတယ်။ အခုတော့ လူတွေများနေတော့ မသိသာဘူး”

“၇ ရက်ပြည့်ရင် သိသိသာသာခံစားရမှာ ကျမ သမီးလေး။ ဒီချိန်မှာ သူက လူများနေတော့ ပျော်နေတာ။ သူဘာမှ မသိသေးဘူး။ အဲ့အချိန်ရောက်မှာ ကျမ အရမ်းကြောက်နေတယ်။ မသေခင် ကျမကို မငိုနဲ့နော် မိန်းမ ဒါပဲ မှာတယ်။ ကျမ မကြောက်ဘူး။ ခွေးဟောင်ရင်တောင် ထထကြည့်တယ်။ သူများ လာနှုတ်ဆက်မလားလို့။ အားလုံးက အရမ်းကောင်းကြတဲ့အတွက်လည်း ကျေးဇူးတင်တယ်”လို့ သရုပ်ဆောင် မင်းစိန်ရဲ့ လက်ရှိဇနီး မဆုလဲ့ဝင်းက ဧရာဝတီကို ပြောပါတယ်။

လူကြမ်း သရုပ်ဆောင် မင်းစိန်အတွက် အနုပညာရှင်အသိုင်းအဝိုင်းက သရုပ်ဆောင်တွေကလည်း စိတ်မကောင်းဖြစ်နေကြပါတယ်။ သရုပ်ဆောင် မင်းစိန်ရဲ့ ဈာပနနဲ့ ပတ်သက်ပြီး ကိုလူချော အဖွဲ့ဝင်တွေက ဆောင်ရွက်ပေးခဲ့ကြပြီး ဇန်နဝါရီလ ၇ ရက်နေ့ နေ့လည်ပိုင်းမှာ ရေဝေးသုဿာန်မှာ မီးသဂြိုဟ်ခဲ့ပါတယ်။

သရုပ်ဆောင် မင်းစိန်ဟာ ရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ကားများမှာ လူဆိုး၊ လူမိုက်၊ ဓားပြ၊ လူသတ်ကောင်၊ မူးယစ်ဂိုဏ်းစတား၊ အမျိုးသမီးများကို အဓမ္မကျင့်သူ စတဲ့ နေရာများမှာ ပီပီပြင်ပြင် သရုပ်ဆောင်ခဲ့သူဖြစ်ပြီး ဖိုက်တင်ကားများ၊ အသတ်အပုတ်ကားများနဲ့ ကြမ်းကြမ်းရမ်းရမ်း ဇာတ်ကားများ ရိုက်ကူးခဲ့သူလည်း ဖြစ်ပါတယ်။

The post သရုပ်ဆောင် မင်းစိန် ကွယ်လွန်မှုအပေါ် မိသားစုဝင်များရဲ့ ဝမ်းနည်းစကား appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...