ကာမလိမ်လည်မှုဖြင့် တရားစွဲဆိုခံထားရတဲ့ သရုပ်ဆောင်ဝေဠုကျော်ရဲ့ အမှုကိုတော့ သူ့ရဲ့ရှေ့နေဖြစ်သူ အထက်တန်းရှေ့နေ ဦးဖိုးဖြူက ဝေဠုကျော်အတွက် တရားမျှတမှုနဲ့ အမှန်တရားအတွက် ဆောင်ရွက်ပေးသွားမယ်လို့ ပြောပါတယ်။
“အမှန်တရားဟာ တနေ့တရားခွင်မှာ ပေါ်ကိုပေါ်ပေါက်ရမယ့်အရာ ဖြစ်ပါတယ်။ ဒီအမှန်တရားဟာ တရားမျှတမှု အတွက် ပြည်သူတွေအတွက် ကိုဝေဠုကြီးအတွက် မလွှဲမသွေရရှိရလိမ့်မယ်လို့ ကျနော်မျှော်လင့်ပါတယ်။ ကျနော့်အနေနဲ့ အစွမ်းကုန်ကြိုးစားပေးသွားမှာပါ။ လူတယောက်ရဲ့ ဂုဏ်သိက္ခာအတွက် ၊ လူတယောက်ရဲ့ သူ့ဘဝမှာ ရှိနေနိုင်တဲ့ အတက်အကျအနိမ့်အမြင့်တွေတိုင်းမှာ ရှိသင့်ရှိထိုက်တဲ့ အမှန်တရားနဲ့ တရားမျှတမှုအတွက် အကောင်းဆုံးကြိုးစားပေးသွားမှာပါ” လို့ အထက်တန်းရှေ့နေဦးဖိုးဖြူက ပြောပါတယ်။
သရုပ်ဆောင်ဝေဠုကျော်ကိုတော့ တရားလိုဖြစ်သူ သင်းသင်းက ဇန်နဝါရီလ ၈ရက်နေ့က သင်္ဃန်းကျွန်းမြို့နယ် တရားရုံးမှာ တရားစွဲဆိုခဲ့ပြီး ဇန်နဝါရီလ ၂၂ရက်နေ့မှာတော့ ဝေဠုကျော်ဘက်မှ ငွေကျပ် သိန်း ၅၀နဲ့ အချုပ်လွတ်အာမခံ လျှောက်ထားရယူခဲ့ပါတယ်။
တရားလိုဖြစ်သူ သင်းသင်းကိုတော့ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်ဆန်းအောင်က အဆိုပါအမှုအတွက် လိုက်ပါဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။
အဆိုပါ ကာမလိမ်လည်မှုမှာ အာမခံပေးလို့ရတဲ့အမှုဖြစ်တာကြောင့် အာမခံလျှောက်ထားရယူခဲ့တာဖြစ်ပြီး ဆက်လက်ပြီးတော့လည်း အမှုမှန်ပေါ်ပေါက်အောင် ဆောင်ရွက်သွားမယ်လို့ ဝေဠုကျော်ရဲ့ ရှေ့နေဖြစ်သူက ပြောပါတယ်။
“ကျနော့်အနေနဲ့ ဒီအမှုကိုလိုက်ပါဆောင်ရွက်ပေးရတာနဲ့ ပတ်သက်ပြီး ကောင်းမြတ်တဲ့ ရည်ရွယ်ချက်တွေရှိပါတယ်။ အဲဒါဟာ ဘာကြောင့်လဲဆိုရင် လူ့လောက လူ့ဘဝမှာ အသက် ၁၀၀ မနေရ။ အမှု၁၀၀ ကြုံရတဲ့အဖြစ်မျိုးတွေ။ လူ့ဘဝမှာ လူတွေဟာ မလွှဲသာမရှောင်သာ ကြုံကြရပါတယ်”
“ဒီလိုကြုံရတာတွေအတွက် လူတွေကို အားမငယ်စေချင်ဘူး။ လူတွေကို အားရှိစေချင်တယ်။ ကောင်းတာဆိုးတာ တရားတာမတရားတာတွေ၊ ကိုယ်လိုချင်တာမလိုချင်တာတွေဟာ ကြုံရတတ်တယ်” လို့ အထက်တန်းရှေ့နေ ဦးဖိုးဖြူက ပြောပါတယ်။
ဆက်လက်ပြီးတော့လည်း ဦးဖိုးဖြူက “ဒီလိုကြုံရတိုင်းမှာ ခေါင်းမော့ပြီးတော့ ကိုယ်ကြုံရတဲ့အဖြစ်အပျက်တွေအတွက် အနိမ့်ဆုံးအောက်ထစ် အမှန်တရားအတွက် တရားမျှတမှုအတွက် ရဲရဲဝင့်ဝင့်ရင်ဆိုင်နိုင်မယ့် အားနဲ့သတ္တိ အားမာန်မျိုး ရှိစေနိုင်ဖို့အတွက် ကျနော်ဟာ ကိုဝေဠုရဲ့အနုပညာချစ် ပရိသတ်တွေအတွက် လိုက်ပါဆောင်ရွက်ပေးတာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
အဆိုပါအမှုရဲ့ နောက်ကြိမ်ရုံးချိန်းကိုတော့ ဖေဖော်ဝါရီလ ၅ရက်နေ့ကို ပြန်လည်ချိန်းဆိုခဲ့ပြီး ဝေဠုကျော်ကတော့ ရုံးချိန်းများကို လာရောက်အစစ်ဆေးခံ ရင်ဆိုင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
ဆက်စပ်ဖတ်ရှုရန် သတင်းလင့်ခ် – အမှုဖြစ်နေပေမယ့် ပရဟိတလုပ်ငန်းများကို အကျိုးသက်ရောက်မှုမရှိဟု ဝေဠုကျော်ပြော
The post တရားမျှတမှု အမှန်တရားအတွက် ဆောင်ရွက်သွားမယ့် ဝေဠုကျော်ရဲ့ ရှေ့နေ ဦးဖိုးဖြူ appeared first on ဧရာဝတီ.