တေးသံရှင်ဘိုဖြူက လတ်တလောမှာတော့ တေးရေးစိုင်းခမ်းလိတ်ရဲ့ အောင်မြင်ခဲ့တဲ့ သီချင်းတွေကို အဆိုတော်မီမီဝင်းဖေနဲ့အတူ “လွန်ဆန်နိုင်မလား အချစ်” ဆိုတဲ့ စုံတွဲတေးစီးရီးထွက်ရှိထားပါတယ်။ ဒီသီချင်းခွေပြုလုပ်ခဲ့တဲ့ အကြောင်းကိုလည်း အခုလိုဆိုပါတယ်။
“သီချင်းဟောင်းတွေ မဆိုဖြစ်တာကြာပြီ။ ကျနော်က ဆရာစိုင်းခမ်းလိတ်ရေးပြီး ကိုထီးဆိုတဲ့သီချင်းတွေနဲ့ ဒီလောကထဲရောက်လာရတာလေ။ ဒါကြောင့် အဲဒီသီချင်းတွေဆိုရတာ အရမ်းကြည်နူးတယ်။ မမီနဲ့လည်း ဆိုချင်လို့လေ။ ကျနော့်မှာ စိတ်ကူးတခုရှိတယ်။ ငါအဆိုတော်ဖြစ်ရင် မမီမီဝင်းဖေနဲ့ စုံတွဲဆိုချင်တယ်ဆိုတဲ့ စိတ်ကူးရှိခဲ့တယ်။ အဲဒီစိတ်ကူး စိတ်သန်းလေးက လွန်ခဲ့တဲ့ ၁၂နှစ်လောက်ကတည်းက ရှိခဲ့တာ”
“တယောက်နဲ့ တယောက်မလုပ်ဖြစ်၊ မလုပ်ဖြစ်နဲ့ ခုမှပဲလုပ်ဖြစ်တာ။ ဒီအတွက် ပျော်တယ်။ ဝမ်းသာတယ်။ ကြည်လည်း ကြည်နူးတယ်။ ပရိသတ်ကို တကယ့်ကို Experience ရှိတဲ့၊သီချင်းကောင်းတွေ ဆိုလည်းဆိုတတ်တဲ့ ၊အသံအေးအေးလေးနဲ့ ဆိုတတ်တဲ့ မမီနဲ့သီချင်းတွေအတူ ဆိုခွင့်ရလို့ ဖော်မပြတတ်အောင် ဝမ်းသာတယ်”လို့ အဆိုတော်ဘိုဖြူက ဆိုပါတယ်။
Clik here to view.

“လွန်ဆန်နိုင်မလား အချစ်” တေးစီးရီးကို အချိန် သုံးနှစ်ကြာ စီစဉ်ခဲ့ရပြီး အရင်ခေတ်နဲ့ ယခုခေတ်တေးစီးရီးထွက်ရှိမှု ခံစားချက်ကိုလည်း အခုလိုဆိုပါတယ်။
“ဒီအခွေဆို သုံးနှစ်ကြာတယ်။ အချိန်တွေအများကြီးရင်းရတယ်။ အရင်ခေတ်ကတော့ ပရိုဂျူဆာခေတ်ပေါ့။ အရင်က ကိုယ်တို့က ပရိုဂျူဆာ ရွေးလို့ရတယ်။ အခုခေတ်ကတော့ ရွေးလို့မရတော့ဘူး။ ကိုယ့်ဟာကိုလုပ်ရတယ်။ အခုတောင်မှ ကံကောင်းထောက်မလို့ ပရိုဂျူဆာတွေ့ရတာလေ။ ခဏ ခဏအရှုံးမခံနိုင်တော့ဘူး။ သူဋ္ဌေးမှ မဟုတ်တာ။ သိပ်ရှုံးလွန်း အားကြီးရင်တော့ မလုပ်ချင်ကြတော့ဘူး”လို့ ဘိုဖြူက ဆိုပါတယ်။
‘လွန်ဆန်နိုင်မလားအချစ်’စုံတွဲတေးစီးရီးကို VCD ရိုက်ဦးမယ်လို့သိရပါတယ်။ အဆိုတော်ဘိုဖြူက သူ့စိတ်ကူးနဲ့ပတ်သက်ပြီးလည်း အခုလိုဆိုပါတယ်။
“Live နဲ့ Story တဝက်စီလောက်တော့ လုပ်မယ်။ စားရိတ်တွေက အရမ်းကြီးတော့ ပြန်တွက်ကြည့်ရမှာပေါ့နော်။ ဒီခေတ်က ပြန်မှမရကြတာ။ ထုတ်ဝေသူဘက်လည်း ပြန်ကြည့်ပေးရမှာပေါ့နော်။ အခွေတခွေ ထုတ်ဖို့ဆိုတာလည်း မလွယ်ဘူးလေ။ ဒီအခွေဆိုလည်း အရင်းအနှီးအရမ်းကြီးပါတယ်။ ကိုယ့်ရဲ့မိတ်ဆွေ ကိုငယ်ပေါ့။ ဒီအခွေကို လိုလေသေးမရှိ လုပ်ပေးတာ။ အဲဒီတော့ ချင့်ချိန်ပြီးတော့ လုပ်ပေးရမှာပေါ့။ အရမ်းလည်း မကုန်ကျအောင်၊ ကုန်ကျသင့်တာပဲ ကုန်ကျရအောင် အဓိကတော့ Quality မကျအောင် လုပ်ပေးရမှာပေါ့” လို့ အဆိုတော်ဘိုဖြူက ဆိုပါတယ်။
‘လွန်ဆန်နိုင်မလားအချစ်’စုံတွဲတေးစီးရီး သီချင်းများအပေါ်ခံစားမှုကိုလည်း အဆိုတော်ဘိုဖြူက အခုလိုဆိုပါတယ်။
“ဒီသီချင်းတွေကတော့ ပရိသတ် လက်မခံနိုင်စရာအကြောင်းမရှိဘူး။ ကိုယ်တို့ကိုသာ မကြိုက်ချင်၊မကြိုက်မယ်။ သီချင်းကတော့ မကြိုက်စရာမရှိဘူး။ နှစ်ပေါင်း ၄၅ နှစ်ရှိပြီ။ ဆရာစိုင်းခမ်းလိတ်ရဲ့ သီချင်းတွေက ပျံ့လွင့်နေတုန်းပဲလေ။ သိပ်ကိုပြည့် စုံတဲ့သီချင်းတွေ။ မြန်မာပြည်မှာရှိတဲ့ လူလတ်ပိုင်းတော်တော်များများက ဒီသီချင်းတွေနဲ့ ဘဝကိုဖြတ်သန်းခဲ့တာ။နောက်တခေတ်တွေမှာ ဒီလိုသီချင်းမျိုး မရနိုင်တော့ဘူး”လို့ ဆိုပါတယ်။
ပြောင်းလဲလာတဲ့ခေတ်အရ ပြောင်းလဲလာတဲ့ ဂီတရေစီး၊ ပရိသတ်၊ ထုတ်ဝေသူအကြောင်းနဲ့ ပတ်သက်တဲ့ အမြင်ကို ဘိုဖြူက အခုလိုဆိုပါတယ်။
Clik here to view.

“အရင်ကက်ဆက်ခေတ်က အိမ်တိုင်းမှာ ကက်ဆက်ရှိတယ်။ ပရိုဂျူဆာတွေအတွက်လည်း အဆင်ပြေတယ်။ အဆိုတော်တွေအတွက်လည်း အဆင်ပြေတယ်။ ကိုယ်တို့ဖြတ်သန်းလာတဲ့ခေတ်ကဆို ကောင်းကောင်းမွန်မွန် သေသေချာချာ ကျကျနနသာဆိုလိုက်၊ အရည်အချင်းနဲ့တက်လို့ရတယ်။ ခက်တော့ခက်ခဲတာပေါ့လေ။ ပိုကြိုးစားဖြစ်သွားတာပေါ့”
“ ခုခေတ်ကတော့ အိုင်နေသလိုပဲ ခံစားရတယ်။ ကိုယ်တို့ကတော့ ကိုယ်တို့ လုပ်ရိုးလုပ်စဉ်အတိုင်းပဲ Studio ကောင်းကောင်း ၊Band ကောင်းကောင်း၊Quality ကောင်းကောင်း လုပ်တယ်။ ဒီအတိုင်းပဲ အရင်ကလည်း ပေးဆပ်ခဲ့သလို နောက်လည်း ပေးဆပ်နေဦးမှာပဲ။ အခွေလေးတွေဝယ်ယူခြင်းအားဖြင့် အဆိုတော်တယောက်ရဲ့အနုပညာကို အသိအမှတ်ပြုပေးပါ”
ဘိုဖြူက သီချင်းအသစ်တွေနဲ့ ‘မနက်ခင်းသစ်’ဆိုတဲ့ တစ်ကိုယ်တော်တေးစီးရီးကို မနှစ်ကမှ ထွက်ရှိထားတာဖြစ်ပြီး ဒီနှစ်အတွက် ‘လွန်ဆန်နိုင်မလားအချစ် ‘စုံတွဲခွေ ထွက်ရှိလာတာဖြစ်ပါတယ်။
The post ကံကောင်းလို့ ထုတ်ဝေသူတွေ့တဲ့အကြောင်း ဆိုလိုက်တဲ့ အဆိုတော်ဘိုဖြူ appeared first on ဧရာဝတီ.