ဟာသ သရုပ်ဆောင် အကယ်ဒမီ မိုးဒီက လက်ရှိမှာ ကျန်းမာရေး အခြေအနေတွေ အနည်းငယ် ပြန်လည်ကောင်းမွန်လာပြီး ဇက်ကြောတက်၊ ဒူးနာ၊ ခါးနာ၊ လေဖြတ် အစရှိတဲ့ ရောဂါတွေကို ပျောက်ကင်းစေနိုင်တဲ့ “မိုးဒီ”အမှတ်တံဆိပ်နဲ့ ဒဏ်ကြေးလိမ်းဆေးကို ထုတ်လုပ်ရောင်းချနေတယ်လို့ ပြောပါတယ်။
“လက်ရှိ ကျန်းမာရေးအခြေအနေကတော့ ကောင်းနေတယ်။ အနေအထိုင် မမှားအောင် နေရတယ်။ ဆေးလည်း ရောင်းနေပါတယ်။ ‘တောင်တစ်လုံး’ အားတိုးဆေး။ ဆရာတော်ကြီးက ဆေးတွေ ဖော်ပြီး အလကားကုပေးရင်းနဲ့ ဆရာတော်ကြီးက ကုန်ကြမ်းဖိုးတွေ အခက်အခဲဖြစ်လာတော့ ဘုန်းကြီးကဆေးရောင်းလို့ မရဘူးလေ။ မာန်အောင် ဆရာတော်ကြီးပါ။ မိုးဒီရယ် ငါနဲ့ အတူ သတ္တဝါတွေကယ်ရအောင်ဆိုပြီး ဆရာတော်ကြီးဆေးကို ကျနော့်နာမည်နဲ့ မှတ်ပုံတင် လိုင်စင်တင်ပြီး ရောင်းနေပါတယ်” လို့ မိုးဒီက ပြောပါတယ်။
“ဆေးက ကျနော်ကိုယ်တိုင် သုံးစွဲကြည့်လို့ ကောင်းလို့ ကျနော်ကည်း ကျနော့်လိုပဲ သုံးစွဲနိုင်ကြပါစေ ဆိုပြီးရောင်းတာပါ။ ကျနော်ကတော့ လက်တွေ့ ဒူးနာ၊ ခါးကိုက်၊ အကြောတင်တာ၊ ဇက်ကြောတက်တာ တော်တော်ကောင်းတယ်ဗျာ။ နောက် ထိခိုက်ရှနာကျင်လည်း အနာကျက်က အရမ်းမြန်တယ်။ ထိခိုက်ရှနာကိုလည်း မြန်မြန်ပျောက်ကင်းစေတယ်”လို့ မိုးဒီက ဆိုပါတယ်။
“အဲ့တော့ ညတိုင်းညတိုင်း ဇက်ကြောတွေ တက်နေတယ်ဆိုရင် လိမ်းကြည့်။ ကျနော်ဆိုရင် ခြေထောက်တခြမ်း ထူပြီးတော့ ညဘက်ကြရင် ကိုက်တာ အခုအဲ့ဆေးနဲ့မှ ေပျာက်သွားတော့တယ်။ အဲ့ထက် မြတ်တဲ့ဆေးကို သုံးစွဲချင်လို့ ငွေကြေး အမြတ်အစွန်းကလည်း သိပ်ပြီးတော့ ယူမထားပါဘူး”
“ကျနော်တို့ လုပ်သာကိုင်သာ ရုံလေးပဲ။ အဓိကတော့ ကုသိုလ်ရချင်တာရယ် သုံးစွဲတဲ့သူတွေအတွက် ဆေးကောင်းဝါးကောင်းလေး ရစေချင်တာရယ်ကြောင့် အသက်အရွယ်အရ လုပ်သင့်လုပ်ထိုက်တယ်ထင်လို့ ကျနော် ဖြန့်ချိခြင်း ဖြစ်ပါတယ်”လို့ မိုးဒီက ပြောပါတယ်။
ကျန်းမာရေးကြောင့် ရုပ်ရှင်ဇာတ်ကား ရိုက်ကူးမှုတွေကို အချိန်ကာလတခုကြာ အနားယူလိုက်ရတဲ့ မိုးဒီက လတ်တလော မင်္ဂလာပွဲအခမ်းအနားပွဲ အခမ်းအနားတွေမှာ ဘိတ်သိတ်မြှောက်တဲ့ အလုပ် လုပ်ကိုင်နေပြီး ဇာတ်ကားတွေလည်း ပြန်ရိုက်နေတယ်လို့ ပြောပါတယ်။
“လတ်တလောတော့ ဘိတ်သိတ်မြှောက်တဲ့အလုပ်လေးပဲ လုပ်ပါတယ်။ ဖေဖော်ဝါရီထဲမှာ ဇာတ်ကားတကားတော့ လက်ခံထားတယ် အပြည့် မဟုတ်ဘူး။ Daily ပါ။ ၃ ရက်လောက် ရိုက်ရမယ်။ ရုပ်ရှင်တော့ တော်တော် ပါးသွားပြီ။ ပြောင်းလဲ လာတာကိုး။ ရုပ်ရှင်ခေတ်ကနေ ဗီဒီယိုခေတ်၊ ဗီဒီယိုခေတ်ကနေ ရုပ်ရှင်ခေတ် ပြောင်းလဲနေတယ်။ အဲ့အပြင် နည်းပညာတွေကလည်း တိုးတက်လာတယ်”
“ဖုန်းတွေကလည်းပေါ်လာတော့ ဖုန်းထဲ ရုပ်ရှင်ကြည့်လို့ ရတယ်။ လွယ်လွယ်ကူကူနဲ့ ကြည့်လို့ရနေတော့ တဖြည်းဖြည်းနဲ့ ရုပ်ရှင်တောင် ကြောက်နေရတယ်။ အနုပညာရှင်တွေအတွက်လည်း အလုပ်တွေ ပါးကုန်တယ်။ မျက်နှာသစ်တွေကလည်း များလာတယ်။ မျက်နှာသစ်တွေကလည်း ကောင်းကြတယ်။ ကျနော်တို့တုန်းက ပိတ်ကားပေါ်ရောက်ဖို့ခက်တယ်။ အခုခေတ် လွယ်လွယ် ရောက်လာကြတယ်။ ပိုက်ဆံရှိရင်လည်း ရောက်လာကြတယ်”လို့ မိုးဒီက ဆိုပါတယ်။
The post “မိုးဒီ” အမှတ်တံဆိပ်နဲ့ ဒဏ်ကြေလိမ်းဆေး ထုတ်လုပ်ရောင်းချနေတဲ့ မိုးဒီ appeared first on ဧရာဝတီ.