၁၉၄၅ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ မွေးဖွားခဲ့တဲ့ အဆိုတော် Robert Nesta Marley ဆိုတာကတော့ ဂျမေကာနိုင်ငံသား အဆိုတော်၊ သီချင်းရေးဆရာဖြစ်ပြီး ရက်ဂေးဂီတ၊ ၁၉၅၀ ပြည့်လွန်နှစ်တွေမှာ ဂျမေကာမှာ ထွန်ကားခဲ့တဲ့ Ska နဲ့ Rocksteady ဂီတတွေကို ဦးဆောင်ဖန်တီးခဲ့တဲ့ နိုင်ငံတကာ ဂီတပညာရှင်တဦးလည်း ဖြစ်ပါတယ်။
သူက ၁၉၆၃ ခုနှစ်မှာ “The Wailers Band” ဆိုတဲ့အဖွဲ့နဲ့အတူ ဂီတလောကထဲကို စတင်ဝင်ရောက်လာခဲ့ပြီး ထူးခြားတဲ့ သီချင်းရေးသားနဲ့ ပုံစံနဲ့ သီဆိုတဲ့ပုံစံတွေကြောင် ကမ္ဘာတဝန်းမှာရှိတဲ့ ပရိသတ်တွေရဲ့ အထူးအားပေးနှစ်ခြိုက်မှုကို ခံခဲ့ရသူပါ။
အဲဒီ့နောက် ၁၁ နှစ်လောက်အကြာမှာ သူတို့အဖွဲ့ကို ဖျက်သိမ်းလိုက်ပြီးတဲ့နောက် Marley ဟာ အင်္ဂလန်နိုင်ငံ ကို ပြောင်းရွှေ့ပြီးတော့ တကိုယ်တော် အနုပညာလှုပ်ရှားမှုတွေကို စတင်ခဲ့ပါတယ်။ အဲဒီ့နောက် ၁၉၇၇ ခုနှစ်မှာ “Exodus” ဆိုတဲ့ အယ်လ်ဘမ်ကို ဖြန့်ချိခဲ့ပါတယ်။ အဲဒီ့ အယ်လ်ဘမ်ကြောင့်ပဲ ကမ္ဘာတဝန်းမှာ နာမည်ကျော်ကြား လာခဲ့ပြီး အယ်လ်ဘမ်ချက်ရေ ၇၅ သန်းကျော်ရောင်းချရတဲ့ ကမ္ဘာ့ရောင်းအားအကောင်းဆုံး အနုပညာရှင်တယောက် ဖြစ်လာခဲ့ပါတယ်။
အဲဒီ့အယ်လ်ဘမ်ဟာ ယူကေရဲ့ အယ်လ်ဘမ်ဇယားမှာ သီတင်း ၅၆ ပတ်ဆက်တိုက် ရပ်တည်နိုင်ခဲ့ပြီး အဲဒီ့အယ်လ်ဘမ်ထဲမှာပါဝင်တဲ့ “Exodus”, “Waiting in Vain”, “Jamming” နဲ့ “One Love” သီချင်းတွေက ယူကေမှာ အထူးကိုအောင်မြင်ကျော်ကြားခဲ့တဲ့ သီချင်းတွေ ဖြစ်ခဲ့ပါတယ်။
၁၉၇၈ ခုနှစ်မှာတော့ သူဟာ Kaya ဆိုတဲ့ အယ်လ်ဘမ်ကို ဖြန့်ချိခဲ့ပြီး အဲဒီ့အယ်လ်ဘမ်ထဲမှာ “Is This Love” နဲ့ “Satisfy My Soul” တို့လိုမျိုး နာမည်ကျော်သီချင်းတွေပါဝင်ပါတယ်။ သူ့အတွက် တကယ့်ကိုပဲ အကြီးမားဆုံး အယ်လ်ဘမ်လို့ ပြောနိုင်မယ့် “Legend” အယ်လ်ဘမ်ကိုတော့ ၁၉၈၄ ခုနှစ်မှာ ဖြန့်ချိခဲ့ပါတယ်။
ဒါပေမယ့် အဲဒီ့ အယ်လ်ဘမ်ဖြန့်ချိတဲ့အချိန်မှာ Marley ဟာ လူ့လောကမှာ သက်ရှိထင်ရှားမရှိတော့ပါဘူး။ သူဟာ အသက် ၃၆ နှစ်အရွယ်၊ ၁၉၈၁ ခုနှစ် မေလ ၁၁ ရက်နေ့၊ ဖလော်ရီဒါပြည်နယ်၊ မီယာမီမြို့မှာ အရေပြားကင်ဆာနဲ့ နီးစပ်တဲ့ ကင်ဆာရောဂါ တမျိုးကြောင့် ကွယ်လွန်ခဲ့ပါတယ်။ သူ့ရဲ့ နောက်ဆုံးအယ်လ်ဘမ်ဟာ အခုအချိန်အထိ ရောင်းအားအကောင်းဆုံး ရက်ဂေးအယ်လ်ဘမ် ဖြစ်နေဆဲဖြစ်ပါတယ်။
ဒီနှစ်မှာ ကျရောက်တဲ့ ဖေဖော်ဝါရီ ၆ ရက်နေ့ကတော့ သူ့အသက် ၇၄ နှစ်ပြည့်ပဲ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ရက်ဂေးဂီတအကြောင်းကို ပြောမယ်ဆိုရင်သူ့အကြောင်းကနေ စပြောမှရမယ့်အထိ သြဇာကြီးမားသူ ဖြစ်ပြီး ကမ္ဘာတခွင်ကို ရက်ဂေးဂီတပျံ့နှံ့စေဖို့ ဦးဆောင်ခဲ့သူလည်းဖြစ်ပါတယ်။ ပြီးတော့ ဂျမေကာနိုင်ငံရဲ့ ယဉ်ကျေးမှု ပြယုဒ်တခုလည်း ဖြစ်ပါတယ်။
Ref:Wiki
The post ရက်ဂေးဂီတ ဖခင်ကြီး Bob Marley ရဲ့ ဘဝကောက်ကြောင်း appeared first on ဧရာဝတီ.