Project K အဖွဲ့ဟာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ချီးကျူးခြင်းခံရတဲ့ လူငယ်အဆိုတော် အဖွဲ့တဖွဲ့ ဖြစ်ပါတယ်။၂၀၁၈ ခုနှစ် ၊ ဒီဇင်ဘာလ ၁၄ ရက်နေ့က နေပြည်တော်မှာပြုလုပ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက်ခဲ့တဲ့ Myanmar Entrepreneurship 2018 ပွဲမှာလည်း သူတို့အဖွဲ့ဟာ သီချင်းများနဲ့ ဖျော်ဖြေခွင့်ရခဲ့ပါတယ်။
အဲဒီပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောကြားခဲ့စဉ် Project K အဖွဲ့ကို အသိအမှတ်ပြု၊ ချီးကျူးစကား ထည့်သွင်း ပြောကြားသွားခဲ့ပါသေးတယ်။ ဒီလိုဂုဏ်ပြုစကားပြောခံရတဲ့အတွက် Project K အဖွဲ့က ဝမ်းသာပြီး အသိအမှတ်ပြု၊ ချီးကျူးစကားပြောမယ် မထင်ထားခဲ့ဘူးလို့ ဧရာဝတီကို ပြောပါတယ်။
“အဲဒီပွဲမှာ အမေစု ချီးကျူးသွားတဲ့အတွက် အရမ်းဝမ်းသာတယ်။ မိန့်ခွန်းပြောတဲ့အချိန်မှာ ချီးကျူးစကား နှစ်ခါတောင် ပြောခဲ့တာ။ ကျနော်တို့ တဖွဲ့လုံး ပီတိတွေ ဖြစ်ခဲ့ရတယ်။ ကျနော်တို့ အဲ့လောက်ထိ အသိအမှတ်ပြုခံရမယ်လို့ မထင်ထားဘူး။ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်က ကိုယ်တွေ ဘာမှ မဟုတ်တဲ့သူတွေကို အသိအမှတ်ပြုပေးတာ အရမ်းဂုဏ်ယူတယ်”
“အမေစု ချီးကျူးတာ ခံရတဲ့အတွက် အပျော်ဆုံးလူသားလို့တောင် ပြောလို့ရပါတယ်။ ကျနော်တို့ဆို အမေစု ချီးကျူးစကား တခွန်းနဲ့တင် ရှေ့ကို ခြေလှမ်း ၁၀ လှမ်းလောက် ရောက်သွားတယ်လို့ ခံစားရတယ်။ အမေစုချီးကျူးစကားနဲ့ ထိုက်တန်အောင်လို့ ကျနော်တို့ ကြိုးစားသွားပါ့မယ်။ နိုင်ငံ့ဂုဏ်ဆောင်နိုင်တဲ့ အဖွဲ့တစ်ဖွဲ့ ဖြစ်အောင်လည်း ကြိုးစားသွားပါ့မယ်”လို့ Project K အဖွဲ့က ပြောပါတယ်။
ဆက်လက်ပြီး Project K အဖွဲ့ အနေနဲ့လည်း ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့သလို မြန်မာ့ ယဉ်ကျေးမှူ အမွေအနှစ်ကို ထိန်းသိမ်းပြီး နောက်ပိုင်းအကတွေမှာလည်း မြန်မာအကတွေပါ ထည့်သွင်း ကပြဖြစ်တယ်လို့ ဆိုပါတယ်။

“အမေစု ကျနော်တို့ကို ပြောခဲ့တာက မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်ကို ထိန်းသိမ်းရမှာ ကျနော်တို့တာဝန်ပဲ၊ ထိန်းလည်း ထိန်းသိမ်းတယ်။ ထိန်းသိမ်းရုံတင် မကဘူး။ ခေတ်နဲ့အညီလည်း ပြေးတယ်။ ပြီးတော့ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်ကို ထိန်းသိမ်းပြီးတော့ အနုပညာထဲမှာ ဖန်တီးထားတဲ့အတွက် သူအရမ်းကြိုက်တယ်။ နောင်လာ နောင်သားတွေကို လက်ဆင့်ကမ်း ထိန်းသိမ်းသွားဖို့လည်း လိုတယ်။ အဲ့အတွက် နောက်ပိုင်းမှာ မြန်မာ အကလေးတွေပါ ထည့်သွင်း ကပြဖြစ်တာပါ” လို့ Project K အဖွဲ့က ဧရာဝတီကို ပြောပါတယ်။
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် သူတို့အဖွဲ့ရဲ့ အမြင်ကိုလည်း အခုလိုဆိုထားပါတယ်။
“အမေစုကို ငယ်ငယ်ကတည်းက ချစ်တယ်။ လေးလည်း လေးစားတယ်။ ထပ်ပြီးတော့ ကျန်းကျန်းမာမာနဲ့ လူတွေ အများကြီးတာဝန်တွေ ထမ်းဆောင်နိုင်ပါစေ။ အမြဲနေကောင်းပါစေလို့ ဆုတောင်းပါတယ်။ ကျနော်တို့ကို သရုပ်ဆောင်ဖို့ ရှိမယ်ဆိုရင် ချပြသွားပါမယ်။ ၂၀၁၈ က Project Kအတွက် အမှတ်တရပဲ၊ ထူးခြားခဲ့တဲ့ နှစ်ပေါ့။ ကျနော်တို့ ခွေလည်း ထွက်နိုင်ခဲ့သလို ပရိသတ်တွေ အားပေမှု ပိုရရှိခဲ့တယ်။ ၂၀၁၉ ကတော့ မင်္ဂလာအရှိဆုံး နှစ်လေးပေါ့” လို့ Project K အဖွဲ့မှ ဝီလျှံက ပြောပါတယ်။
Project K အဖွဲ့ဟာ အမျိုးသား လူငယ် ၇ ယောက်နဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်ပါတယ်။ သူတို့အဖွဲ့ဟာ ၂၀၁၆ ခုနှစ်က ကိုရီးယာနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ Seoul K-Pop International Cover Dance မှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး ဒုတိယဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့အဖွဲ့လည်း ဖြစ်ပါတယ်။
မိန်းကလေးပရိသတ်များရဲ့ အားပေးမှု အခိုင်အမာရရှိ Project K အဖွဲ့ဟာ “The Beginning” ဆိုတဲ့ တေးအယ်လ်ဘမ်ကို ထွက်ရှိထားပါသေးတယ်။ Project K အဖွဲ့မှာ ထက်ဘုန်းနိုင်၊ ဝီလျှံ၊ ဘုန်းနေမင်း၊ ဘုန်းနေလင်း၊ ဟိန်းရာ၊ ရဲရင့်သော်၊ မင်းခန့်ဟိန်းတို့ ပါဝင်ပါတယ်။
The post ဒေါ်အောင်ဆန်းစုကြည်ရဲ့ ချီးကျူးမှုနဲ့ ထိုက်တန်အောင် ရှေ့ဆက်ကြိုးစားမယ့် Project K အဖွဲ့ appeared first on ဧရာဝတီ.