ပြီးခဲ့တဲ့နှစ်က အခွန်ရှောင်အရှုပ်တော်ပုံနဲ့ ရင်ဆိုင်ခဲ့ရတဲ့ မင်းသမီး ဖန်ဘင်းဘင်းဟာ ပြီးခဲ့တဲ့ တရုတ်နှစ်သစ်ကူး မတိုင်မီ အကြိုတရက်ဖြစ်တဲ့ ဖေဖော်ဝါရီလ ၄ ရက်နေ့၊ Weibo မှာ မိတ်ကပ်နည်းနည်းပဲ လိမ်းခြယ်ထားတဲ့ သူ့ရဲ့ selfie ဓာတ်ပုံ တပုံကို တင်ခဲ့ပါတယ်။
အဲဒီ ဓာတ်ပုံတွေနဲ့အတူ ပုံစာမှာတော့ “အားလုံးကိုချစ်ပါတယ်။ ပျော်ရွှင်ဖွယ် နှစ်သစ်ဖြစ်ပါစေ” လို့ ဆုတောင်းပေးထားပါတယ်။ အဲဒီ ဓာတ်ပုံတွေကို Facebook နဲ့ Instagram အကောင့်တွေမှာလည်း တင်ခဲ့တာကိုတွေ့ရပါတယ်။
မင်းသမီး ဖန်ဟာ ပြီးခဲ့တဲ့နှစ်မှာ အခွန်တွေပိုပြီးပေးဆောင်ရမှာကို ရှောင်ခဲ့ပြီးတဲ့နောက် အရှုပ်တော်ပုံနဲ့ ရင်ဆိုင်ခဲ့ပြီး ဆိုရှယ်မီဒီယာပေါ်ကနေလည်း ပျောက်ခြင်းမလှ ပျောက်သွားခဲ့တာပါ။
ပြီးခဲ့တဲ့နှစ် ဇွန်လကစလို့ ရေတွက်မယ်ဆိုရင် မင်းသမီးဟာ အောက်တိုဘာလမှ Weibo အကောင့်မှာပဲ စာတစောင်ကို တင်ခဲ့ပြီး အခုလိုမျိုး အခွန်ရှောင်ခဲ့တဲ့ ကိစ္စရပ်အတွက် တောင်းပန်ကြောင်း ပြောဆိုခဲ့ပါတယ်။ အခွန်ရှောင်ခဲ့တဲ့ ကိစ္စအတွက် အာဏာပိုင်တွေက အခွန်နဲ့ ဒဏ်ငွေအဖြစ် တရုတ်ယွမ် ၈၈၄ သန်းပေးဆောင်စေဖို့ အမိန့်ထုတ်ခဲ့ ပါတယ်။
ပြီးခဲ့တဲ့ နှစ် နိုဝင်ဘာလမှာပဲ သူဟာ ထိုင်ဝမ်နိုင်ငံပါဝင်တဲ့ တရုတ်နိုင်ငံရဲ့ မြေပုံတခုနဲ့ အတူ ပို့စ်တခုကို ဝေမျှခဲ့ပါတယ်။ သူက “အစက်လေးတစက်တောင်မှ အပျောက်မခံတဲ့ တရုတ်နိုင်ငံ” လို့ မှတ်ချက်ပေးခဲ့ပါတယ်။ အဲဒီအချိန်ဟာ တိုင်ပေမြို့မှာကျင်းပတဲ့ ရွှေမြင်းဆုပေးပွဲမှာ ထိုင်ဝမ်အမျိုးသမီး ဒါရိုက်တာတဦးက ထိုင်ဝမ်လွတ်လပ်ရေးအတွက် ဆုလက်ခံစကားမှာ ထည့်ပြောပြီးတဲ့နောက်ပိုင်း အခုလိုမျိုး ပို့စ်ကို ပြန်တင်ခဲ့တာလည်း ဖြစ်ပါတယ်။
အသက် ၃၇ နှစ်အရွယ် မင်းသမီးဟာ ၁၉၉၈ ခုနှစ်က အထူးနာမည်ကျော်ကြားခဲ့တဲ့ “My Fair Princess” ဇာတ်လမ်းတွဲမှာ မင်းသမီး Vicki Zhao နဲ့ မင်းသမီး Ruby Lin တို့နဲ့အတူ ပါဝင်ခဲ့ပြီး အိမ်အကူလေး ကျင်းစိုအဖြစ် သရုပ်ဆောင်ခဲ့တာပါ။ သူဟာ ၂၀၁၄ ခုနှစ်တုန်းက ” X-Men: Days Of Future Past” ရုပ်ရှင်မှာ စွမ်းအားရှင် Blink အဖြစ်ပါဝင်ခဲ့ပါတယ်။
Ref : asiaone
The post အခွန်ရှောင် အရှုပ်တော်ပုံနဲ့ ရင်ဆိုင်ခဲ့ရပြီး ဆိုရှယ်မီဒီယာပေါ်မှာ ဓာတ်ပုံပြန်တင်ခဲ့တဲ့ ဖန်ဘင်းဘင်း appeared first on ဧရာဝတီ.