မကြာခင်မှာ ပြုလုပ်တော့မယ့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ့် အလှမယ် ထက်ထက်ထွန်းကတော့ သူမအတွက် ထိုက်တန်လို့ပေးတဲ့ မဲမျိုးရဖို့အတွက် ကြိုးစားနေတယ်လို့ ပြောပါတယ်။
“အဓိကကတော့ ပြည်သူတွေကို မဲထည့်ချင်အောင် ဆွဲဆောင်တဲ့ သဘောပါ။ မဲထည့်ချင်အောင်ဆိုတဲ့ သဘောမှာ ကိုယ့်ကို ယုံကြည်လာအောင်ပဲ လုပ်ချင်ပါတယ်။ ထက်က သူတို့စိတ်ပူနေတဲ့ လူငယ်တယောက် ဖြစ်နေတယ်။ မော်ဒယ်တယောက် ဖြစ်နေတယ်။ တနေ့နေ့ မိတ်ကပ်တွေပဲ လိမ်းနေတယ်။ ဒီအလုပ်ကို လုပ်နိုင်ပါ့မလားဆိုပြီး စိတ်ပူနေကြတယ်”
“သူတို့ စိတ်ပူနေတာတွေအတွက် ဗဟုသုတတွေ ဘယ်လိုရှိရမယ်၊ စာတွေ ဘယ်လို ဖတ်ရမယ်။ ဘယ်လိုမျိုး ပြောင်းလဲရမယ်။ သူတို့စိတ်ပူနေတာတွေ ပြောင်းလဲဖို့၊ ဖြည့်ဆည်းဖို့ နေရာတခုအတွက် ထိုက်တန်ဖို့ပဲ ဒီကြားထဲမှာ ကြိုးစားမှာပါ။ တကယ်ယုံကြည်လို့ အားကိုးလို့ ၊ ထိုက်တန်လို့ပေးတဲ့ မဲလေးတွေပဲ လိုချင်တဲ့အတွက် ကြိုးစားပြင်ဆင်နေပါတယ်” လို့ ထက်ထက်ထွန်းက ပြောပါတယ်။
အဆိုပါ စည်ပင်ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းများစာရင်း ထွက်ရှိလာပါက အချိန် တလခန့် မဲဆွယ်စည်းရုံးခွင့်ရှိပြီး မဲဆွယ်ဖို့အတွက်လည်း အဆင်သင့်ဖြစ်နေတယ်လို့ ဆိုပါတယ်။
“မဲဆွယ်ကာလမှာတော့ သူများတွေ မဲဆွယ်သလိုပဲပေါ့။ သီချင်းတွေ ဆိုမယ်။ ကမယ်။ အဲဒီလိုတွေ လုပ်ဖို့ အတွက်ကတော့ အနုပညာရှင်တယောက် ဖြစ်နေတဲ့အတွက် လွယ်တယ်။ ထက်မှာလည်း ပွဲလုပ်ဖို့အတွက် ပစ္စည်းတွေ အစုံရှိနေတယ်။ အကုန်လုံးက အဆင်သင့်ရှိနေပြီးသားပါ။ သူငယ်ချင်းတွေလည်း ဝိုင်းကူကြမယ်ဆိုတော့ ပျော်စရာကြီးပေါ့နော်။ ကိုယ့်အတွက် ပျော်စရာပွဲကြီးလိုမျိုးတောင် ဖြစ်နေမှာပေါ့နော်။ မဲဆွယ်ကာလက ၁ လ အချိန်ရတော့ တရက်ရက်တော့ လုပ်ဖြစ်မှာပါ”လို့ ထက်ထက်ထွန်းက ပြောပါတယ်။
ထက်ထက်ထွန်းကတော့ မဲဆန္ဒနယ် ၃ မှာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး သူမ ယှဉ်ပြိုင်မယ့် မဲဆန္ဒနယ်မှာတော့ မြို့နယ် ၁၂ မြို့နယ် ပါဝင်တယ်လို့ သိရပါတယ်
“ရန်ကုန်စည်ပင် သာယာဝပြောဖို့ဆိုရင် ရန်ကုန်မှာနေထိုင်တဲ့ သူတိုင်းရဲ့ စိတ်ဓာတ်တွေ၊ ခံယူချက်တွေ၊ သူတို့ရဲ့ လိုက်ပါလာမှု၊ ပူးပေါင်းလာမှုတွေကို အရင် လိုချင်တယ်။ အဲဒါတွေကို ပြောင်းလဲချင်တယ်။ အဲဒါလေးတွေ ပြောင်းလဲလိုက်ရင် အမှိုက်မှ မဟုတ်ပါဘူး။ အားလုံးပြောင်းလဲလာလိမ့်မယ်လို့ ထင်တယ်” လို့ ထက်ထက်ထွန်းက ပြောပါတယ်။
လူငယ်တယောက်ဖြစ်တဲ့အပြင် အလှမယ်တယောက် ဖြစ်တဲ့အတွက် ကိုယ်စားလှယ်လောင်း ရွေးချယ်ခံမယ့်အပေါ်မှာ ဝေဖန်မှုများစွာရှိနေပြီး အဆိုပါဝေဖန်မှုတွေကြောင့် ပြောင်းလဲဖို့ဖြစ်လာတာဖြစ်တဲ့အတွက် ဝေဖန်မှုတွေက လိုအပ်တယ်လို့ ထက်ထက်ထွန်းက ပြောပါတယ်။
“ဝေဖန်မှုတွေနဲ့ ရှေ့ဆက်နေတာ ဟိုးအရင်ကတည်းပေါ့နော်။ တောက်လျှောက်ရှိလာတာ သူငယ်ချင်းတွေလို့တောင် ပြောလို့ရတယ်။ ကောင်းတာနဲ့ ဆိုးတာက သဘာဝတရားပဲ။ အမြဲ ဒွန်တွဲနေတာ ဖြစ်တဲ့အတွက် ကိုယ့်ကို အကောင်းတွေပဲ ပြောနေကြတာကိုကြားရင် တခုခုတော့ မှားနေပြီ။ ရှေ့မှာ မပြောရဲလို့ပေါ့။ အခုရှေ့မှာရော နောက်မှာရော အကောင်းရော အဆိုးရော ပြိုင်တူပြောလာတဲ့အတွက် ထက်အခုဆို ဆင်ခြင်လို့ရတယ်။ ပြောင်းလဲလို့ ရတယ်။ ထက်လည်း အကောင်းချည်းပဲ လုပ်လာတာ မဟုတ်တဲ့အတွက် ဝေဖန်မှုတွေက ပြောသင့်တယ် ထင်ပါတယ်” လို့ ထက်ထက်ထွန်းက ပြောပါတယ်။
အဆိုပါ စည်ပင်ရွေးကောက်ပွဲကိုတော့ မတ်လ ၃၀ ရက်နေ့မှာ ပြုလုပ်မှာဖြစ်ပြီး ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာတော့ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ပြုမယ့် ကိုယ်စားလှယ်လောင်းစာရင်းကို ထုတ်ပြန်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။
ထက်ထက်ထွန်းကတော့ ဖခင်ဖြစ်သူရဲ့ ဆန္ဒအရ အဆိုပါ စည်ပင်ရွေးကောက်ပွဲကို ယှဉ်ပြိုင်ဖို့အတွက် ဖြစ်လာခဲ့တာဖြစ်ပြီး အလှမယ် တယောက်အနေနဲ့ Miss Universe 2016 ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ National Costume ဆုကို ရရှိပိုင်ဆိုင်ခဲ့သူတယောက် ဖြစ်ပါတယ်။
ဆက်စပ် သတင်းလင့်ခ် – မြို့တော်စည်ပင် ရွေးကောက်ပွဲဝင်ပြိုင်မယ့်အကြောင်း ပြောလာတဲ့ အလှမယ် ထက်ထက်ထွန်း
The post “ထိုက်တန်လို့ပေးတဲ့ မဲမျိုးရဖို့အတွက် ကြိုးစားနေတယ်”လို့ ထက်ထက်ထွန်း ပြော appeared first on ဧရာဝတီ.