အနုပညာလှုပ်ရှားမှုတွေ နည်းပါးနေတဲ့ အဆိုတော် သရုပ်ဆောင်စိုးသူက အသက်အရွယ်နဲ့ လိုက်ဖက်တဲ့ ဇာတ်မျိုးဆိုရင် သူ့အနေနဲ့ လက်ခံရိုက်ကူးမယ်လို့ မီဒီယာတွေကိုပြောပါတယ်။
“ကျနော် လတ်တလောမှာတော့ ထွေထွေထူးထူး မရှိပါဘူး။ တိုက်ဆိုင်နေရင်တော့ ကားလေးတွေရိုက်ဖြစ်တယ်။ သီချင်းလေးတွေ ဆိုဖြစ်နေတယ်ပေါ့။ “ကျွန်မရဲ့ သစ်ပင်” ဇာတ်ကားက ပထမတုန်းက ရိုက်မယ်ဆိုပြီး အခုတော့ ကျနော်ဘာမှမသိတော့ ကျနော်လည်း ဘာမှပြောလို့မရဘူး ဖြစ်နေတယ်။ ဒါရိုက်တာရော စိုင်းစိုင်းခမ်းလှိုင်ရော အလုပ်များနေလို့လား မသိဘူး ဘာမှ Update ပြန်မလုပ်ကြတော့ ကျနော်လည်းမမေးတော့ဘူး”
“ ဝတ္ထုလည်း ဖတ်ပြီးပါပြီ၊ သီချင်းလေးတွေလည်းလုပ်ဖို့ရှိပါတယ်။ ကိုယ်ပိုင်သံစဉ် တွေလည်း ဆိုချင်သေးတယ်။ ပရိသတ်တွေကလည်း သူတို့အရမ်းကြိုက်ခဲ့တဲ့ သီချင်းလေးတွေကို သိမ်းထားချင်လို့ ပြန်ဆိုပေးပါ ဆိုတာနဲ့ သီချင်းဟောင်းတွေလည်း ပြန်ဆိုချင်တယ်။ အခုထိတော့ ဘာမှကို အကောင်အထည် မဖော်ရသေးဘူး။ အခွေတွေလုပ်ရင်းနဲ့ ပရိသတ်အတွက် ရှိုးလည်းလုပ်ချင်တယ်” လို့ စိုးသူက ဆိုပါတယ်။
မကြာခင်ပြုလုပ်မယ့် အကယ်ဒမီပေးပွဲကိုလည်း ခရီးသွားတာနဲ့ မတိုက်ဆိုင်ရင် တက်ရောက်ဖြစ်မယ်လို့ စိုးသူက ဆိုပါတယ်။
“ အကယ်ဒမီပေးပွဲကို ခရီးသွားတာနဲ့ မတိုက်ဆိုင်ရင် တက်ဖြစ်မှာပါ။ ဇာတ်ကားကောင်းတွေ အများကြီးလို့ ကြားသာ ကြားနေတာ ကျနော်ကိုယ်တိုင်က ထိထိတွေ့တွေ့မရှိသေးတော့ ကျနော်ကိုမေးရတာ အဆင်ပြေမှာ မဟုတ်ဘူး”လို့ စိုးသူက ပြောပါတယ်။
အရင်ရိုက်ကူးခဲ့ရတဲ့ ရိုက်ကူးရေး ပုံစံနဲ့ ယနေ့ခေတ်ရိုက်ကူးနေကြတဲ့ ပုံစံများကွာခြားလာပြီး မြန်မာရုပ်ရှင်တိုးတက် လာတယ်လို့လည်း ဆိုပါတယ်။
“မြန်မာရုပ်ရှင် တိုးတက်လာတယ်။ ကျနော်စရိုက်ခဲ့တဲ့ကား ကိုမောင်(ကျော်သူ)နဲ့ ၁၉၈၃ စရိုက်တုန်းကကားဆိုရင် ဖလင်နဲ့ အဖြူအမည်းပဲရှိသေးတယ်။ ကင်မရာကြီးတွေလည်းအကြီးတွေ စက်အဖွဲ့တွေဆို တအားပင်ပန်းတာ။ အခုတော့ ဘက်စုံ ထောင့်စုံတိုးတက်လာတော့ အရမ်းကောင်းသွားတယ်။ ဇာတ်ကားတွေ ရိုက်ရတာ အရမ်း လွယ်ကူသွားတယ်”
“ ရုံကားတွေ များလာတာဝမ်းသာတယ်။ ကျနော်တို့တုန်းက ဖလင်ကလည်း တအားရှားတယ်။ နိုင်ငံတော်က ဝယ်ပေးတယ်။ ဝယ်ပေးနိုင်တာထက် ပိုလိုအပ်နေတယ်။ အခုတော့ ဒီလိုတွေ မဟုတ်တော့ ပိုကောင်းသွားတယ်”လို့ စိုးသူက ပြောပါ တယ်။
စိုးသူဟာ အနုပညာလောကနဲ့ ဝေးကွာနေတာ ၁၀စုနှစ်ကျော်ခဲ့ပြီဖြစ်ပါတယ်။ အမေရိကားကကိုထွက်သွားပြီး ၂၀၁၅ ခုနှစ်က မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာတာ ဖြစ်ပါတယ်။ ပြန်ရောက်ချင်းမှာ မန္တလေးမှာရော၊ ရန်ကုန်မှာပါ တကိုယ်တော် ဖျော်ဖြေပွဲတွေ ပြုလုပ်ခဲ့ပါတယ်။ စိုးသူကို အားပေးတဲ့ ပရိသတ်တွေကတော့ ဒီနေ့ အချိန်ထိ အခိုင်အမာရှိနေပါတယ်။ အနုပညာလှုပ်ရှားမှုအနေနဲ့ “တရားလား” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးမှာဖြစ်ပါတယ်။
The post စိုးသူရဲ့ လတ်တလော အနုပညာလှုပ်ရှားမှု အခြေအနေ appeared first on ဧရာဝတီ.