မင်းသား Hugh Jackman ဟာ ရွှေကမ္ဘာလုံးဆုတခု၊ အမ်မီဆု တခု၊ ဂရမ်မီဆုတခုနဲ့ တိုနီဆု နှစ်ခု ရရှိထားသူပါ။ အခုတော့ သူဟာ ဂင်းနစ် ကမ္ဘာ့စံချိန်တင် မှတ်တမ်းပိုင်ရှင် ဖြစ်လာပါပြီ။
ဗြိတိသျှမနက်ခင်း အစီအစဉ်တခုဖြစ်တဲ့ “This Morning” မှာ ပါဝင်ခဲ့တဲ့အသက် ၅၀ အရွယ် သြစတြေးလျမင်းသား Hugh ဟာ ဂင်းနစ်ကမ္ဘာ့စံချိန်တင်မှတ်တမ်း အယ်ဒီတာချုပ် Craig Glenday ကနေ ချီးမြှင့်ခဲ့တဲ့ အသိအမှတ်ပြုလက်မှတ် လာရောက်ပေးအပ်တာကို လက်ခံခဲ့ပါတယ်။ အဲဒီ မှတ်တမ်းကတော့ ကာတွန်းဇာတ်ကောင်ကို ရုပ်ရှင်အဖြစ် ဖန်တီးထားတဲ့ Marvel စူပါဟီးရိုးအဖြစ် အချိန်အကြာဆုံး သရုပ်ဆောင်နိုင်ခဲ့တယ်ဆိုတဲ့ မှတ်တမ်းပဲ ဖြစ်ပါတယ်။
မင်းသား Hugh အတွက်တော့ အဲဒီ့ဆုဟာ သူ့ရဲ့ တဘဝတာ အိပ်မက်တခုကို ဖြည့်ဆည်းပေးခဲ့တာဖြစ်ပြီး ၂၀၀၀ ပြည့်နှစ်မှာ ထွက်ရှိခဲ့တဲ့ “X-Men” ရုပ်ရှင်မှာပထမဆုံး သရုပ်ဆောင်ခဲ့တဲ့ Wolverine ဇာတ်ရုပ်နဲ့ အဲဒီ အသိအမှတ်ပြုမှုကို ရရှိခဲ့တာဖြစ်ပါတယ်။ မင်းသားက “ကျနော် ကလေးဘဝတုန်းက ဂင်းနစ် စံချိန်တင် မှတ်တမ်းထဲမှာပါဖို့ အိပ်မက်မက်ခဲ့ရတာပါ။ ကျနော့် အစ်ကိုနဲ့ ကျနော်က ၂ ညလောက် မအိပ်ဘဲ ကြက်တောင်ကစားကြမယ်လို့ တွေးခဲ့ကြတာပါ။ အဲဒါတော့ အခုတော့ လုပ်နိုင်ခဲ့ပါပြီ”လို့ ရှင်းပြပါတယ်။
အခုလိုမျိုး အသိအမှတ်ပြု လက်မှတ်ကို ရရှိတာ မင်းသား Hugh တယောက်တည်း မဟုတ်ပါဘူး။ သူနဲ့ အတူ “X-Men” ရုပ်ရှင်တွေမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Sir Patrick Stewart လည်း သူနဲ့အတူ ဆုနဲ့ ဂုဏ်ပြုခံရပါတယ်။ မင်းသား Patrick ဟာ သူနဲ့အတူ ပရောဖက်ဆာ X တဖြစ်လဲ Charles Xavier အဖြစ် စတင်ပါဝင်ခဲ့ပြီး ၂၀၁၇ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ “Logan” ရုပ်ရှင်မှာလည်း အသီးသီး ပြန်လည် ပါဝင်လာကြပါသေးတယ်။ ဂင်းနစ် မှတ်တမ်းရဲ့အဆိုအရ သူတို့တွေရဲ့ ဇာတ်ရုပ်တွေ သရုပ်ဆောင်မှုဟာ ၁၆ နှစ်နဲ့ ၂၂၈ ရက် ရှိတယ်လို့ ဆိုပါတယ်။
အသိအမှတ်ပြု လက်မှတ်ကို ချီးမြှင့်ခဲ့တဲ့ အယ်ဒီတာချုပ် Glenday က “နောက်ဆုံးတော့ Hugh ကို အသိအမှတ်ပြု လက်မှတ်တခု လွှဲပေးနိုင်ခဲ့ပြီး ဂင်းနစ် ကမ္ဘာ့စံချိန်တင် မှတ်တမ်း မိသားစုထဲကို ဖိတ်ခေါ်နိုင်ခဲ့နိုင်လို့ ဂုဏ်ယူမိပါတယ်။ ကျနော်ဟာ စံချိန်တင်မှတ်တမ်းဌာနမှာ ၁၆ နှစ်ကျော် စံချိန်တင် မှတ်တမ်းပိုင်ရှင်တွေနဲ့ တွေ့ခဲ့ဖူးပါတယ်။ တကြိမ်တခါ စီတိုင်းမှာလည်း သူတို့ရဲ့ အောင်မြင်မှုတွေတွေကို ချီးကျူးဂုဏ်ပြုနိုင်ခဲ့ပါတယ်။ ထပ်ပြီးတော့ ဂုဏ်ယူပါတယ်။ Hugh ရေ။ မင်းနဲ့ မင်းရဲ့ အစ်ကိုတို့ နောက်ထပ်စံချိန်တင်မှတ်တမ်းအတွက် ကြိုးစားဖို့ ရုံးကို ဖိတ်ခေါ်ပါတယ်နော်”လို့ ပြောကြားခဲ့ပါတယ်။
Ref: etcanada
The post Marvel စူပါဟီးရိုး ဇာတ်ရုပ်ကို အချိန်အကြာဆုံး သရုပ်ဆောင်သူအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ Hugh Jackman appeared first on ဧရာဝတီ.