Bonanza ရုပ်ရှင်ထုတ်လုပ်ရေးက ဒုတိယအကြိမ်မြောက် ရိုက်ကူးထုတ်လုပ်တဲ့ “မြို့ပြမုဆိုးများ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ ပတ်သက်ပြီး ဝေဖန်နေမှုများကို ထုတ်လုပ်သူဖြစ်တဲ့ နိုရာကိုက အခုလိုပြောပြခဲ့ပါတယ်။
“တကယ်စိတ်မကောင်းပါဘူး။ အမှန်အတိုင်းပြောရရင် ဘာလို့လဲဆိုတော့ ဒီကားကို ဇာတ်ညွှန်း စဖတ်လိုက်တဲ့ အချိန်မှာ ဒါရိုက်တာ ဉာဏ်ထင်က ရန်ကုန်မာဖီးယားဆိုတဲ့ နာမည်နဲ့ ရေးထားခဲ့တယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် နိုရာတို့ထုတ်လုပ်ရေးက အားနည်းချက်လို့ ပြောလို့ရတယ်။ ရိုက်ကူးဖို့အတွက် ရိုက်ကူးခွင့် တင်တဲ့အခါမှာ ဒီနာမည်ကို လုံးဝ ခွင့်မပြုပါဘူးလို့ စာပြန်လာပါတယ်။ ထပ်တောင်းဆိုတော့လည်း ခွင့်မပြုပါဘူး”
“ဒီနာမည်မပြောင်းရင် လုံးဝ ရိုက်ကူးခွင့် မပြုပါဘူးလို့ ပြောပါတယ်။ ဇာတ်ကားရဲ့ရည်ညွှန်းထားတဲ့ အကြောင်းအရာကလည်း ရန်ကုန်မှာရှိတဲ့ Gangster တွေကြားမှာဖြစ်တဲ့ ဇာတ်လမ်းပေါ့။ တကယ်တော့ စိတ်ကူးယဉ်ဇာတ်လမ်းပေါ့။ အဲဒါကြောင့် တခြားနာမည်လည်းပေးလို့ အဆင်မပြေဘူး။ ရန်ကုန်မာဖီးယား နာမည်ရရင်တော့ အရမ်းကို ပျော်မိမှာ။ နောက်တော့ ရန်ကုန်ကို ညွှန်ပြရမယ်ဆိုတော့ မြို့ပြဖြစ်သွားရော လူဆိုးတွေဖြစ်တဲ့အတွက် မုဆိုးများဖြစ်သွားရော။ အလိုက်ဖက်ဆုံး ပေးခဲ့ပါတယ်” လို့ နိုရာကိုက ပြောပါတယ်။
နိုင်ငံတကာမှာလည်း “မြို့ပြမုဆိုးများ” (City Hunters) ဆိုတဲ့ နာမည်နဲ့ ရုပ်ရှင်ဇာတ်ကားများ ၊ ဇာတ်လမ်းတွဲများ ရှိပေမယ့် မြန်မာနိုင်ငံမှ ရိုက်ကူးထားတဲ့ မြို့ပြမုဆိုးများကတော့ ရန်ကုန်မြို့မှာရှိတဲ့ Gangster များအကြောင်းကို ရိုက်ကူးထားတာဖြစ်တယ်လို့ သိရပါတယ်။
“တချို့တွေက ဇာတ်ကား နမူနာကို ကြည့်ဖူးတဲ့သူရှိတယ်။ မကြည့်ဖူးတဲ့သူလည် းရှိတယ်။ တခုပြောချင်တာကလေ City Hunter ဆိုတာ မြန်မာနိုင်ငံမှာမှ မြို့ပြမုဆိုးများဆိုတာ ရှိတာ မဟုတ်ပါဘူး။ ဂျက်ကီချန်းကားမှာလည်း ရှိပါတယ်။ သူကတော့ Comedy အက်ရှင်ပေါ့။ ဂူဂျွန်ဖြိုး ရိုက်တာကတော့ ဇာတ်လမ်းတွဲပါ။ ၁၆ ပိုင်း၊ ၁၇ ပိုင်းလောက် ရှိတဲ့ ဇာတ်လမ်းတွဲကြီးကို ဘယ်လို Copy ရမလဲဆိုတာ နိုရာလည်း မစဉ်းစားတတ်ပါဘူး”
“နိုင်ငံတကာမှာ နာမည်တူတာတွေ များပါတယ်။ နာမည်တူတာနဲ့တော့ Copy မဟုတ်ပါဘူး။ နောက်တခုအာမခံတာကတော့ နိုရာတို့ ထုတ်လုပ်ရေးက ဘယ်တော့မှ Copy မရိုက်ပါဘူး” လို့ နိုရာကိုက ပြောပါတယ်။
ဒီကားကို ဆင်ဆာတင်တုန်းကလည်း ရုပ်ရှင်နာမည်ကိုသာ ခွင့်မပြုတာဖြစ်ပြီး တခြားသော ဇာတ်ဝင်ခန်းများကတော့ ဆင်ဆာမိတာ နည်းတယ်လို့လည်း သိရပါတယ်။
“ဆင်ဆာတင်တုန်းကတော့ အရမ်းကြီးမထိဘူး။ Gangster တွေဖြစ်တဲ့အတွက် စကားပြောတာတွေမှာ နည်းနည်းတော့ ရိုင်းတာ ပါတယ်။ ဆဲဆိုနေတာမျိုးတော့ မဟုတ်ပါဘူး။ စကားပြောကြမ်းသွားတာမျိုး၊ ဆေးလိပ်သောက်တဲ့ အခန်းလေးတွေဆို No Smoking Sign လေးပြခိုင်းတယ်။ သိပ်တော့ ဆင်ဆာမမိခဲ့ပါဘူး။ အဓိကကတော့ ဖာတ်လမ်းခွင့်ပြုမိန့် တင်တဲ့အခါမှာ နာမည်ကြီးတခုလုံး မိသွားတာ” လို့ နိုရာကိုက ပြောပါတယ်။
“မြို့ပြမုဆိုးများ” ရုပ်ရှင်ကတော့ အက်ရှင် ဒရာမာကားတကားဖြစ်ပြီး လက်ရှိပြသနေတဲ့ မြန်မာရုပ်ရှင်ကားများနဲ့ ကွဲထွက်တဲ့ ဇာတ်လမ်းမျိုးကို ဒါရိုက်တာ ဉာဏ်ထင်က ဖန်တီးထားတာ ဖြစ်ပါတယ်။
ဒီကားထဲမှာတော့ အဓိက သရုပ်ဆောင်များအဖြစ် ရန်အောင်၊ ဇင်ဝိုင်း၊ ခါရာ၊ ပြည့်ဝတီမောင်၊ မင်းမြတ်စိုးစံ၊ ခန့်ညား၊ ဂျာစိုင်းအိန်၊ ဟိန်းသစ်စ၊ ဟန်နွေတို့က ပါဝင်သရုပ်ဆောင်ထားပြီး မတ်လ ၁ ရက်နေ့မှ စတင် ပြသတော့မှာ ဖြစ်ပါတယ်။
The post “မြို့ပြမုဆိုးများ” နာမည်နဲ့ ပတ်သက်ပြီး ဝေဖန်ခံရတာတွေကို ပြန်ဖြေရှင်းလိုက်တဲ့ နိုရာကို appeared first on ဧရာဝတီ.