မြန်မာနိုင်ငံမှာ လာရောက် ရိုက်ကူးလျက်ရှိတဲ့ “Line Walker 2” ရုပ်ရှင် အခုလို ရိုက်ကူးရေးလာတဲ့အပေါ် ဒါရိုက်တာ ကြည်ဖြူသျှင်က မြန်မာအငွေ့အသက်တွေ ပါဝင်အောင် ရိုက်ကူးတဲ့အတွက် ကျေနပ်မိကြောင်း ဧရာဝတီကို ပြောပါတယ်။
“သူတို့ ကမ္ဘာကျော်တာလည်း မပြောနဲ့ ပြင်ဆင်မှုတွေ၊ ကြိုးစား အားထုတ်မှုတွေရော၊ အချိန်တွေရော၊ လူတွေရော၊ ငွေတွေ သုံးတာတွေက ကြောက်ခမန်းလိလိပဲ။ ကျမတို့အတွက် ကွင်းဆင်းလေ့လာလို့ ရတယ်။ သူတို့သုံးထားတဲ့ ဈေးတန်းလေးက လမ်းဘေးဈေးတန်းလေး၊ ကြာပန်းဈေးဆိုင်လေးတွေ။ သဘာဝ ကျတယ်။ သူတို့ကလည်း ကြိုလေ့လာပြီးတော့မှ ပြင်ဆင်တာပါ။ သူတို့က မြန်မာပစ္စည်းတွေပါအောင် သူတို့ထည့်ပေးထားတယ်။ ကျမတို့ သဘောကျတယ်။ ကြိုက်တယ်။ ဒီကတဆင့် မြန်မာရုပ်ရှင်တွေ တိုးတက်လာမယ်လို့ထင်တယ် ”လို့ ဒါရိုက်တာ ကြည်ဖြူသျှင်က ပြောပါတယ်။
ရိုက်ကွင်း အတွေ့အကြုံနဲ့ ပတ်သက်လို့လည်း ဒါရိုက်တာ ကြည်ဖြူသျှင်က အခုလို ဆိုပါတယ်။
“ကျမ မနက် ၇ နာရီကတည်းက ရှုတင်ကို ရောက်တယ်။ ကျမ သူငယ်ချင်း တယောက်နဲ့ အတူတူ လာတာ။ လာကြည့်တဲ့အခါ သူက ဖုန်းဆက်တယ်။ ၆ ခွဲကတည်းက အားလုံးအဆင်သင့် ဖြစ်နေပြီ။ အံ့သြတယ်။ ၇ နာရီ ကျမ ရောက်တော့ အားလုံးက အဆင်သင့် ဖြစ်နေပြီ။ လမ်းထဲကသူတွေ မေးတော့ သူတို့ ညကတည်းက ပြင်ဆင်နေပြီ။ နိုင်ငံခြားကားတွေ အများကြီး ဆက်တင်တွေ သုံးတယ်”
“ကြိုးစားအားထုတ်မှုက ကိုယ်တွေ ထင်ထားတာထက် ကြိုတင်ပြင်ဆင် ကြိုးစားအားထုတ်မှု အားကောင်းတယ်။ ဘာလို့လဲဆိုတော့ Rehersal ကို တရက် ကြိုတိုက်တယ်။ ဂျပန်နဲ့ “ဇာတိမြေ” ရိုက်တုန်းက အရမ်းပင်ပန်းတယ်လို့ ခံစားရပေမယ့် အခု သူတို့ကို ကြည့်ပြီး ငါပင်ပန်းတယ်ဆိုတာ ပါးပါးလေးပဲ။ သူတို့ပင်ပန်းတာက ပိုစိုးတယ်”လို့ ကြည်ဖြူသျှင်က ဆိုပါတယ်။
ဒီဇာတ်ကားမှာ မြန်မာဘက်က အနုပညာရှင် တချို့ပါ ပူးပေါင်းပြီး ပါဝင်တဲ့အပေါ်ကိုလည်း ကြည်ဖြူသျှင်က အခုလိုပဲ ဆိုပါတယ်။
“ဒီလိုကားတွေ ဆင်ဆာပေးတော့ မြန်မာဇာတ်ကားတွေကိုလည်း ဘယ်လိုဆင်ဆာပေးမလဲလို့ ပြောလို့ ရမယ်လို့ ထင်တယ်။ မြန်မာ့ရုပ်ရှင် တိုးတက်တာထက် မြန်မာနိုင်ငံက တွဲဖက်လုပ်ကိုင်ကြတဲ့ လူငယ်တွေ ပါတယ်။ သူတို့တွေ ပညာရတယ်။ နိုင်ငံခြားသားနဲ့ တွဲဖက်လုပ်တဲ့အခါ ပညာ ရသလို ပစ္စည်းတွေ သုံးရတော့ အတွေ့အကြုံတွေ ရတယ်။ တဖက်က ကြည့်ရင် ကျမတို့ မြန်မာနိုင်ငံရဲ့ အထင်ကရ နေရာတွေကို ကမ္ဘာအရပ်ရပ်ကို ရောက်သွားမယ်ဆိုရင် Tour Attraction ဖြစ်တယ်”
“မြန်မာနိုင်ငံအတွက် အာကိုး ရှိတယ်။ မြန်မာလို့ ပြောရင် မသိကြဘူး။ ဒီလို ကားတွေကနေ သိလာလိမ့်မယ်။ ကျမတို့တွေ ကိုရီးယားကားတွေ ကြည့်လို့ ကိုရီးယားကို သွားချင်တယ်။ သူတို့နဲ့ ပတ်သတ်တာတွေ စိတ်ဝင်စားလာကြတယ်။ ပြောမယ်ဆိုရင် အနုပညာသည် တိုင်းပြည်တခုရဲ့ ပုံရိပ်ကိုပြတာပဲ”
“ကျမကို ဒီကားရိုက်မလားဆိုရင် ရိုက်ရဲပါ့ မလားလို့ စဉ်းစားရမယ်။ ကျမလည်း ဂျပန်နဲ့ “ဇာတိမြေ” ရိုက်တုန်းက အရမ်းပင်ပန်းတယ်လို့ ခံစားရတယ်။ အခု သူတို့ကိုကြည့်ပြီး ငါပင်ပန်းတယ်ဆိုတာ ပါးပါးလေးပဲ။ သူတို့ ပင်ပန်းတာက ပိုဆိုးတယ်။ အနုပညာသမားတွေ လေးစားသင့်တာကတော့ အချိန်ပဲ။ ရိုက်ကွင်းရောက်လာချိန် Right Time မဖြစ်တာ တခုပဲ။ အတုယူသင့်တယ်”လို့ ကြည်ဖြူသျှင်က ပြောပါတယ်။
ဒါရိုက်တာ ကြည်ဖြူသျှင်ရဲ့ တီဗီကြော်ငြာ၊ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားကြီးတွေဟာ ပရိသတ်အကြိုက်နဲ့ ထပ်တူကျခဲ့လို့ အမြဲတမ်း အောင်မြင်မှုတွေရရှိထားသူဖြစ်ပါတယ်။ သူရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားများစွာထဲကမှ နောက်ဆုံးရုံတင်ဖြစ်လိုက်တဲ့ “ဇာတိမြေ” ရုပ်ရှင် ဇာတ်ကားက မြန်မာနိုင်ငံမှာရော၊ ဂျပန်နိုင်ငံမှာပါ အောင်မြင်မှုရခဲ့တာ ဖြစ်ပါတယ်။
အခုချိန်မှာ ဒါရိုက်တာ ကြည်ဖြူသျှင်က ဇာတ်ကားတွေ အရိုက်နည်းနေပြီး ဘဝမှတ်တိုင်အဖြစ် ကျန်ခဲ့မယ့် ဇာတ်ကားများကိုသာ ရိုက်ကူးမယ်လို့ ဧရာဝတီကို ဖြေဆိုဖူးပါတယ်။
The post “Line Walker 2” မှာ မြန်မာအငွေ့အသက်တွေ ပါဝင်ရိုက်ကူးလို့ ကျေနပ်မိတယ်လို့ ကြည်ဖြူသျှင် ပြော appeared first on ဧရာဝတီ.