ဒီတခါမှာတော့ IMDB rating (7.0) အထိ ရရှိထားတဲ့ မှုခင်းဒရာမာ ရုပ်ရှင်ဇာတ်ကားကောင်းတကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒါရိုက်တာ Nick Searcy ကရိုက်ကူးထားတာဖြစ်ပြီး မင်းသားတွေအနေနဲ့ မင်းသားကြီး Earl Billings, Dean Cain နဲ့ မင်းသမီး Sarah Jane Morris တို့ အဓိကပါဝင် သရုပ်ဆောင်ထားပါတယ်။
ဒီရုပ်ရှင်ဇာတ်ကားဟာ ဖြစ်ရပ်မှန်အကြောင်းအရာတခုကို အခြေခံ ရိုက်ကူးထားတာ ဖြစ်ပြီး ဖြစ်ရပ်မှန် ဇာတ်လမ်းကိုမှ ကြည့်ချင်သူတွေနဲ့ မှုခင်းဒရာမာ ဇာတ်ကားကောင်း ကြိုက်နှစ်သက်သူတွေ အကြိုက်တွေ့ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။
ဇာတ်လမ်းအကြောင်းအရာကတော့ ဒေါက်တာ Gosnell ဟာ အမေရိကန်ပြည်ထောင်စုမှာ ရှိတဲ့ Philadelphia မြို့က ဆရာဝန်တဦးဟာ ဆရာဝန်ဆိုပေမယ့် သူက ရိုးရိုးသာမန် ဆရာဝန် မဟုတ်ပါဘူး။ ကိုယ်ဝန်ဖျက်ချပေးတဲ့ ဆေးခန်းကို ဖွင့်လှစ်ထားတဲ့ ကိုယ်ဝန်ဖျက်ချပေးတဲ့ ဆရာဝန်ပဲဖြစ်ပါတယ်။
အမေရိကန်နိုင်ငံမှာတော့ ကိုယ်ဝန်ဖျက်ချပေးတာဟာ တရားဝင် လုပ်ကိုင်ခွင့်ရှိတဲ့ လုပ်ငန်းတခုဖြစ်ပြီး ဒီလိုတရားဝင်ချထားပေးခြင်းရဲ့နောက်ကွယ်မှာလည်း သတ်မှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေ ရှိပါတယ်။ ကိုယ်ဝန် ၆ လကျော်ရင် ဘယ်တရားဝင် ဆေးပေးခန်းကမှ ဖျက်ချပေးခွင့် မရှိသလို သတ်မှတ်ထားတဲ့ လုပ်ငန်းစဉ်တွေအတိုင်း လိုက်နာဖို့ကိုလည်း တရားဝင်ထုတ်ပြန်ထားပါတယ်။
Philadelphia ရဲစုံထောက် James Wood ဟာ မူးယစ် အထူးရဲတဦးဖြစ်ပြီး မူးယစ်ဆေးဝါးမှုတခုကို လိုက်ရင်း ဒေါက်တာ Gosnell ဆေးခန်းမှာ အမျိုးသမီးတဦး ကိုယ်ဝန်ဖျက်ချရာကနေ သေဆုံးခဲ့ဖူးတယ်ဆိုတဲ့ သတင်းအစအနကို သိလိုက်ရတဲ့အချိန်မှာတော့ ဒေါက်တာ Gosnell ရဲ့ဆေးခန်းကို ဝင်ရောက် စစ်ဆေးရှာဖွေဖို့ အကြောင်းဖန်လာပါတယ်။
ဒီလိုစုံစမ်းရှာဖွေရင်းနဲ့မှ ဒေါက်တာ Gosnell ဟာ ကိုယ်ဝန်ဖျက်ချရာမှာ သတ်မှတ်ထားတဲ့ စည်းကမ်းတွေကို မလိုက်နာတဲ့အပြင် မိခင်ဝမ်းဗိုက်ထဲက ကလေးကို အရင်မွေးဖွားပေးပြီး အပြင်ရောက်လာမှ ရက်ရက်စက်စက် သတ်ဖြတ်ပစ်တဲ့လုပ်ရပ်ကို သိသွားတဲ့အခါ ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ စိတ်ဝင်တစားဆက်လက် ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်။
ဒေါက်တာ Gosnell တယောက် ဒီလိုတရားမဝင်တဲ့ လုပ်ရပ်တွေကို လုပ်နေမှန်း ကျန်းမာရေးဝန်ကြီးဌာနနဲ့ မြို့ပေါ်က ဆရာဝန်တွေက သိပေမယ့် ဘာကြောင့် အရေးမယူကြတာလဲဆိုတာကလည်း စိတ်ဝင်စားစရာ အချက်တချက်ပဲ ဖြစ်ပါတယ်။
ဒီရုပ်ရှင်ဇာတ်ကားဟာဆိုရင်တော့ အမေရိကန်ရဲ့ အကြီးမားဆုံး ကွင်းဆက်လူသတ်သမား Kermit Gosnell ဆိုတဲ့ ဆရာဝန်တဦးအကြောင်းကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး ဇာတ်လမ်းတခုလုံးဟာလည်း စိတ်ဝင်စားစရာ အကြောင်းအရာတွေနဲ့ ပြည့်နှက်နေတာကြောင့် ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။
The post စိတ်ဝင်စားစရာ မှုခင်းဒရာမာ ရုပ်ရှင် “Gosnell: The Trial of America’s Biggest Serial Killer” appeared first on ဧရာဝတီ.