လတ်တလော ရုံတင်ပြသနေတဲ့ “ဝက်ဝက်ကွဲအောင်ပွင့်” ရုပ်ရှင်ဇာတ်ကားက မိန်းမလျာတွေ၊ LGBT (Lesbian, Gay, Bisexual, Transgender) တွေကို နှိမ့်ချဆက်ဆံတဲ့ ဇာတ်ကားဖြစ်တဲ့အတွက် ဒါဟာ လူလူချင်း တန်ဖိုးမထားတာ ဖြစ်တယ်လို့ မိတ်ကပ် မေဦးမောင် (တော်ဝင်သူ) က ဧရာဝတီကို ပြောပါတယ်။
“LGBTတွေကို နှိမ့်ချဆက်ဆံတဲ့ ကားတွေ ရိုက်ကူးနေတာကို မကြိုက်လို့ Facebook မှာ မကျေနပ်တာလေး ရေးတင်ဖြစ်တာပါ။ ဒီလို မိန်းမလျာကားတွေ ရိုက်နေတာ ပထဦးဆုံး တချက်က လူလူချင်း တန်ဖိုးမထားဘူးလို့ မြင်မိတယ်။ ကိုယ်နဲ့ လုပ်ငန်းတူ မိတ်ကပ်ဆရာတွေကို သရော်တယ်၊ လှောင်ပြောင်တယ်၊ ရှုံ့ချတယ်။ အခြောက်တွေကို တဏှာအတွက်ပဲ လူဖြစ်နေကြတဲ့သူတွေလို့ သူတို့ တွေးထားတယ်လို့ မြင်မိတယ်”
“အရင်တုန်းက မတင်ဖြစ်ပဲ အခုမှတင်ဖြစ်တာက ဦးမောင်မှာက အရင်တုန်းက လုပ်ငန်းနဲ့ ဆက်စပ်နေတာတွေ ရှိတယ်။ အနုပညာသမားတွေကလည်း ကိုယ့်ရဲ့ ညီအစ်ကို မောင်နှမတွေလို့ မြင်မိတယ်။ အနုပညာရှင်တွေနဲ့ ခင်တာတွေကလည်း ရှိတော့ ဝေဖန်ချင်သော်လည်း အကျိုးအကြောင်းတွေ ထောက်ထားနေရတာပေါ့။ အဲ့တော့ အခုမှ ဘာလို့လုပ်လဲ ဆိုတော့ ဆင်ခြင်မလားလို့ စောင့်ကြည့်နေရင်းကနေ မဆင်ခြင်ဘဲနဲ့ ပိုပိုဆိုးလာတဲ့အတွက် ကိုယ်နဲ့မျိုးတူ LGBT တွေကိုယ်စား ကိုယ်ပြောမှဖြစ်မယ်ထင်တဲ့အတွက် အခုပြောရတာပေါ့”လို့ မိတ်ကပ် မေဦးမောင်က ဧရာဝတီကို ပြောပါတယ်။
ဆက်လက်ပြီး “ရှေ့ဆက်ပြီး လုပ်သွားဖို့လည်း အများကြီးရှိတယ်။ LGBTတွေ နောက်ကားတွေလည်း လာဖို့ ရှိပါသေးတယ်။ အဲ့အတွက် ဘယ်လိုလုပ်မလဲဆိုတာတွေကိုလည်း ဆင်ဆာအဖွဲ့ကို ဦးတိုက် စာတင်ပါမယ်။ မြန်မာ့ရုပ်ရှင်အစည်းအရုံးကိုလည်း အသနားခံစာ တင်ပါမယ်။ ဟိုတယ်ကြီးတခုမှာလည်း ရှင်းလင်းပွဲလုပ်ပါမယ်” လို့ မေဦးမောင်က ဆိုပါတယ်။
မိန်းမလျာတွေက ရုပ်ရှင်ထဲကလို သူငယ်ထောင်ဖို့ အချိန်မပေးနိုင်ကြသလို ယောကျာ်း၊ မိန်းမတွေရဲ့ အိပ်ရာပေါ်က ကိစ္စထက် မိန်းမလျာတွေရဲ့ အိပ်ရာပေါ်က ကိစ္စက ပိုခက်ခဲပါတယ်လို့ ဆိုပါတယ်။
“ရုပ်ရှင် သမားတွေကလည်း မိန်းမလျာတွေကို မုန်းလို့ ဒီကားတွေ ရိုက်တာ မဟုတ်ပါဘူး။ သူတို့ အကျိုးစီးပွားအတွက် စီးပွားရေးကြပ်တည်းနေတဲ့ ရုပ်ရှင်လောက အကုန်လုံး အဆင်ပြေအောင် အသက်ရှုပေါက်တပေါက်အနေနဲ့ ရိုက်ကြတယ်။ သရော်မှန်းမသိ သရော်တာ။ နှိမ်ချမှန်း မသိ နှိမ်ချတာ။ သူတို့လုပ်လို့ လုပ်မှန်းမသိတာပါ။ ဦးမောင် ဘက်ပေါင်းစုံက တွေးပေးပါတယ်။ အဲ့လို ဘက်ပေါင်းစုံက တွေးပြီးလည်း ရေးတင်ပြီး ပြောဖို့ အကောင်အထည် ဖော်တာပါ”လို့ မေဦးမောင်က ဆိုပါတယ်။
“မိန်းမလျာတွေကို ခွဲခြားဆက်ဆံတာ မြို့ပေါ်မှာပဲ မရှိတာ။ နယ်ဘက်တွေမှ ာရှိသေးတယ်။ ဦးမောင်တို့ မိန်းမလျာတွေက ယောကျာ်း၊ မိန်းမတွေထက် ပိုပင်ပန်းတယ်။ မနက် ၃ နာရီမှာထပြီး ညထိ မိတ်ကပ်တွေ လိုက်လိမ်းပြီး အိပ်ချိန်တောင်လုပြီး အလုပ်လုပ်စားနေရတဲ့ သူတွေပေါ။ သူငယ်ထောင်ဖို့ အချိန် မပေးဘူး။ ငယ်ဘဝမှာတော့ ပေးချင်ပေးကြမှာပေါ့။ ဒီကားထဲကလိုတော့ သူငယ် အချိန်တိုင်း ထောင်နေကြတာ မဟုတ်ပါဘူး”
“ယောကျာ်းတိုင်းလည်း လွယ်လွယ် မဟုတ်သလို မိန်းမလျာတိုင်းလည်း လွယ်လွယ် မဟုတ်ပါဘူး။ ယောကျာ်း၊ မိန်းမတွေရဲ့ အိပ်ရာပေါ်က ကိစ္စထက် မိန်းမလျာတွေရဲ့ အိပ်ရာပေါ်က ကိစ္စက ပိုခက်ခဲပါတယ်”လို့ မေဦးမောင်က ပြောပါတယ်။
မိတ်ကပ် မေဦးမောင်ဟာ မြန်မာနိုင်ငံမှ လူသိများတဲ့ မိတ်ကပ် ပညာရှင်တဦးဖြစ်ပြီး မိတ်ကပ်ပြင်ဆင်မှုများ အနေနဲ့ ပွဲတွေအတွက် ဆက်တိုက် လိမ်းခြယ်မှုများ ပြုလုပ်နေလျက် ရှိပါတယ်။ လက်ရှိမှာလည်း MRTV-4 ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသနေတဲ့ “Make Me Beautiful” အစီအစဉ်ရဲ့ ဒိုင်လူကြီး တဦးလည်း ဖြစ်ပါတယ်။
မိတ်ကပ် မေဦးမောင်နှင့် ဧရာဝတီ သတင်းဌာနမှ အင်တာဗျူး ရုပ်သံ
"LGBT တွေ ကိုယ်စား ကိုယ်တိုင်ပြောမှ ဖြစ်မယ်ထင်လို့ ပြောလိုက်ပြီ"ဆိုတဲ့ မေဦးမောင်
"LGBT တွေ ကိုယ်စား ကိုယ်တိုင်ပြောမှ ဖြစ်မယ်ထင်လို့ ပြောလိုက်ပြီ"ဆိုတဲ့ မေဦးမောင်ဧရာဝတီ ၊ ဖေဖော်ဝါရီလ၂၂ ၊ ၂၀၁၉ "အရင်တုန်းက ကျမမှာ လုပ်ငန်းနဲ့ ဆက်သွယ်နေတဲ့အရာတွေ မျိုးစုံရှိတယ်။ ဒီလူတွေဟာ ကိုယ်ရဲ့ ညီအစ်ကို မောင်နှမတွေလို သိပ်ကို ရင်းနှီးတဲ့သူတွေ ဖြစ်တယ်။ ကိုယ့်အနေနဲ့ ဝေဖန်ချင်သော်လည်း အကျိုးအကြောင်းတွေက ထောက်ထားနေရတယ်။ အခုကျမှဘာလို့ လုပ်ဖြစ်လဲဆိုတော့ ဆင်ခြင်မလားလို့ စောင့်ကြည့်နေရင်းကနေ ပိုပိုဆိုးလာတဲ့အတွက် LGBT (Lesbian, Gay, Bisexual, Transgender) တွေဘက်ကနေ ပြောရခြင်း ဖြစ်ပါတယ်”လို့ မိတ်ကပ် မေဦးမောင်က ဧရာဝတီကို ပြောပါတယ်။အင်တာဗျူး – ချစ်ပိုးရိုက်ကူး/တည်းဖြတ် – သက်ပိုင်စိုး
Posted by The Irrawaddy Lifestyle on Friday, February 22, 2019
The post မိန်းမလျာတွေအပေါ် နှိမ့်ချတဲ့ကားတွေ မရိုက်အောင် ဆင်ဆာအဖွဲ့ကို စာတင်မယ့် မေဦးမောင် appeared first on ဧရာဝတီ.