လတ်တလော ရုံတင်ပြသနေတဲ့ “ဝက်ဝက်ကွဲအောင်ပွင့်” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ဇာတ်လမ်း ဇာတ်ကွက်များဟာ LGBT (Lesbian, Gay, Bisexual, Transgender) အသိုင်းအဝိုင်းရဲ့ လက်တွေ့ဖြစ်တည်မှုများနဲ့ ကွာခြားနေတဲ့အတွက် LGBT အသိုင်းအဝိုင်းက လက်မခံနိုင်ဘဲ ကန့်ကွက်မှုမျာ းရှိနေခဲ့ပါတယ်။
အဆိုပါအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ LGBT တယောက်ဖြစ်တဲ့ မိတ်ကပ် တိုးတိုး (Cover Mark) က အခုလို ပြောပြခဲ့ပါတယ်။
“အခုဖြစ်နေတဲ့ အဖြစ်အပျက်တွေက ကမ္ဘာနဲ့ အဝှမ်း ဖြစ်နေတဲ့ အကြောင်းအရာတွေပေါ့။ မြန်မာပြည်မှာလည်း ဒီလိုပြဿနာမျိုး ဖြစ်လာတယ်။ ဒါကို လူငယ် LGBT တွေက မကျေမနပ်နဲ့ ဖြေရှင်းကြတယ်။ အပြစ်တင်ကြတယ်။ ဝေဖန်ကြတယ်။ ပြန်ပြီးတော့ တွန်းလှန် တိုက်ခိုက်တယ်။ တကယ်တမ်းတော့ သူတို့ စီးပွားရေးအရ အောင်မြင်အောင် လူတွေကြားထဲမှာ တိုးပေါက်အောင် လုပ်တာပေါ့လေ။ အဲဒီလိုလုပ်တယ်ဆိုပေမယ့် လူ့အသိုင်းအဝိုင်းတခုကို နှိမ်ချတာမျိုးတို့၊ အပြစ်တင်တာမျိုးတို့၊ ကဲ့ရဲ့တာမျိုးတွေ ဖြစ်နေတယ်”
“ဒီကား (ဝက်ဝက်ကွဲအောင်ပွင့်) ကိုတော့ အန်တီတိုး မကြည့်ရသေးဘူး။ များသောအားဖြင့် ဒီမှာလည်း သိပ်မနေဖြစ်တော့။ မြန်မာကား လည်းသိပ်မကြည့်ဖြစ်တော့လေ။ ဒီကားကိုတော့ ဘာလဲဆိုတာကို လေ့လာဖို့လိုပါတယ်” လို့ မိတ်ကပ် တိုးတိုး(Cover Mark) က ပြောပါတယ်။
အဆိုပါ “ဝက်ဝက်ကွဲအောင်ပွင့်” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ဇာတ်ဝင်ခန်းများမှာ LGBT များကို လှောင်ပြောင်ရှုတ်ချသလိုဖြစ်နေပြီး အပြင်မှာ အမှန်တကယ် တည်ရှိနေတဲ့ LGBT များနဲ့ ကွာခြားနေတာကြောင့် LGBT အသိုင်းအဝိုင်းက လက်မခံနိုင်တဲ့ အကြောင်းများကိုလည်း လူမှုကွန်ရက် စာမျက်နှာပေါ်မှတဆင့် ဖော်ပြမှုများရှိခဲ့ပါတယ်။
“ဒီအချိန်မှာ လူငယ်တွေက ဆိုရှယ်မီဒီယာတွေကနေတဆင့် လေ့လာပြီးတော့ မှန်၏၊ မမှန်၏ ဆိုတာကို ဆုံးဖြတ်နိုင်စွမ်းတွေ ရှိကြတယ်။ သူတို့လည်း သူတို့ဘက်ကနေ အတင်းအဓမ္မ ရပ်တည်ပြီးတော့ ငါတို့ LGBT တွေကို စော်ကားတယ်ဆိုပြီး အတင်း တွန်းလှန်နေတာတော့ မဟုတ်ဘူး ထင်တာပဲ။ ကိုယ့်အနေနဲ့ လူကြီးတယောက် ဖြစ်တဲ့အတွက် မှန်တာကိုပဲ အလယ်ကနေ ဆုံးဖြတ်မယ်”
“ကိုယ်တိုင်က LGBT တယောက် ဖြစ်တဲ့အတွက် LGBT ဘက်က ရပ်တည်တာတို့ ယောကျ်ား၊ မိန်းမဘက်က ရပ်တည်တာမျိုးတို့ ဘယ်ဘက်ကမှလည်း မရပ်ဘူး။ အလယ်ကနေပြီးတော့ပဲ ဆုံးဖြတ်မယ်” လို့ မိတ်ကပ် တိုးတိုးက ဆိုပါတယ်။
လတ်တလောမှာတော့ မိတ်ကပ် တိုးတိုး (Cover Mark) အနေနဲ့ LGBT အသိုင်းအဝိုင်းက လူငယ်များနဲ့ မတွေဆုံရသေးဘဲ သူတို့ခံစားနေရတဲ့ အကြောင်းအရာများကို သေချာမေးမြန်း တွေ့ဆုံကာ သုံးသပ်သွားမယ်လို့ ဆိုပါတယ်။
“လောလောဆယ် ကလေးတွေနဲ့ သေချာမတွေ့ရသေးဘူး။ တရက်တော့ အကုန်လုံးစုံပြီးတော့ ကိုယ်တွေက လူကြီးတွေဖြစ်တော့ လူကြီးတွေကို ဦးထိပ်ထားပြီး လူငယ်တွေကို ဘာကြောင့်လဲဆိုတာတော့ သိအောင်မေးရဦးမယ်။ ကိုယ်တွေလည်း LGBT ကင်းကွာပြီး နေတဲ့သူတယောက် မဟုတ်ဘူးပေါ့။ အားလုံးနဲ့ ချစ်ခင်စွာနေတဲ့သူဆိုတော့ ဒီလိုရုပ်ရှင်မျိုးတွေ ရိုက်နေတယ်။ နှိမ့်ချပြီးတော့ စော်ကားနေတယ်လို့ တိုင်တန်းလာရင်တော့ ကိုယ်တွေအနေနဲ့တော့ သေချာသုံးသပ်ပြီး လုပ်စရာရှိတာလုပ်ရမှာပေါ့” လို့ မိတ်ကပ် တိုးတိုးက ပြောပါတယ်။
ကိုယ့်အကျိုးစီးပွားဖြစ်ထွန်းဖို့အတွက် တခြားသော အသိုင်းအဝိုင်းက လူများကို နှိမ့်ချပြီး ပုံဖော်တာ မသင့်တော်ဘဲ လူချင်းအတူတူ တတန်းတည်း ထားရမှာဖြစ်တယ်လို့ ဆိုပါတယ်။
“လူဆိုတာကတော့ ယောကျ်ား၊ မိန်းမ LGBT ပဲဖြစ်ဖြစ် အားလုံးက တတန်းတည်းပဲ။ တတန်းတည်းပဲ ဆက်ဆံရမှာ။ တတန်းတည်းမှာပဲ ထားရမှာ။ LGBT ထဲမှာပဲ သမ္မတတွေ ရှိတယ်။ ဝန်ကြီးချုပ်တွေ၊ လွှတ်တော် အမတ်တွေ ရှိတယ်။ ပညာတတ်တွေ အများကြီးပဲလေ။ ဒီပညာတတ်တွေကိုပါ စော်ကားပုတ်ခတ်မယ်ဆိုရင် သူတို့ အသိုင်းအဝိုင်းမှာလည်း သူတို့နဲ့ သက်ဆိုင်တဲ့ အဖြစ်အပျက်တွေ ရှိကောင်းရှိမှာပါ”
“ဒါတွေကိုလည်း သူတို့သိလို့ ရိုက်ခွင့်ရလို့ ချပြခွင့်ရမယ်ဆိုရင် ချပြချင်ချပြဦးမှာ။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်စီးပွားရေး အောင်မြင်ဖို့အတွက် တခြားတဖက်သားကို နှိမ့်ချပြီးတော့ ရိုက်ပြီး ပုံဖော်တာမျိုးကတော့ မသင့်တော်ဘူးပေါ့လေ” လို့ မိတ်ကပ် တိုးတိုးက ဆိုပါတယ်။
မိတ်ကပ် တိုးတိုး (Cover Mark) ကတော့ ဝါရင့် မိတ်ကပ် ပညာရှင်တယောက်ဖြစ်ပြီး ဆယ်စုနှစ်များစွာ မိတ်ကပ်ပညာဖြင့် အသက်မွေးဝမ်းကျောင်း ပြုလုပ်လျက်ရှိတဲ့ LGBT တဦး ဖြစ်ပါတယ်။
The post LGBT တွေ တွေ့ဆုံပြီး နစ်နာတာတွေ တိုင်ပင် ဆုံးဖြတ်သွားမယ့် မိတ်ကပ် တိုးတိုး appeared first on ဧရာဝတီ.