“ပျားရည်အိုင်” ဇာတ်လမ်း တွဲမှတဆင့် ပရိသတ်များစွာရဲ့ အားပေးမှု ရရှိခဲ့တဲ့ သရုပ်ဆောင် မေမီကိုကိုက လက်ရှိ Canal+ ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသနေသည့် “အဆိပ်သွေး” ရုပ်သံဇာတ်လမ်းတွဲမှာတော့ သတင်းထောက် အဖြစ်ပါဝင် သရုပ်ဆောင်ထားပါတယ်။ မေမီကိုကိုက နောက်ထပ်လည်း ကာရိုက်တာ ဆန်းဆန်းလေးတွေ ရိုက်ကူးဖြစ်ဦးမှာလို့ ဧရာဝတီကို ဆိုပါတယ်။
“လတ်တလောတော့ မေမီကားလေး Toxic Season 2 လွှင့်နေတယ်။ အဲကားထဲမှာ မိတ်ကပ်လုံးဝ မပြင်ရဘူး။ ဒီကားက အချစ်လုံးဝ မပါဘူး။ လက်ဝှေ့ဝါသနာပါတဲ့ ကောင်မလေး။ အလှအပ ဝါသနာမပါဘူး။ အမှုတွေကိုလည်း အရမ်းစိတ်ဝင်စားတဲ့ သတင်းထောက် ကောင်မလေးအနေနဲ့ သရုပ်ဆောင်ထားတယ်။ ကာရိုက်တာပီပြင်အောင် ထွေထွေထူးထူး ပြင်ဆင်ရတာတော့ မရှိဘူး။ ယောကျ်ားဆန်တဲ့ မိန်းကလေးဆိုတော့ ဆံပင်ကို ဒီတိုင်းပဲ ထားထားလိုက်တယ်”
“အဆိပ်သွေးကားက အရမ်းကောင်းတယ်။ ကြည့်တဲ့ သူတွေလည်း အရမ်းကြိုက်ကြတယ်။ နောက် “တတိယမြောက်ဆုံမှတ်”ဆိုတဲ့ ကားလေးလည်း လွှင့်ဖို့ရှိတယ်။ “လိပ်ပြာနှောင်ကြိုး” ဆိုတဲ့ ဇာတ်လမ်းတွဲလေး ရိုက်ဖို့ရှိတယ်။ ကာရိုက်တာ ဆန်းဆန်းလေးတွေ မြင်ရဦးမှာပါ။ ရုပ်ရှင်ကားကြီးတွေလည်းရိုက်ဖို့တော့ရှိတယ်။ မသေချာသေးဘူး”လို့ မေမီကိုကိုက ပြောပါတယ်။
“မေမီတို့ အနုပညာသမားတွေအတွက်ကျတော့ ကံ၊ ဉာဏ်၊ ဝီရိယ၊ စန်း၊ လုံ့လ ဒါတွေအားလုံးပေါင်းစပ်ပြီးတော့မှ ဒီအနုပညာမှ မဟုတ်ဘူး။ ကံတက်ချိန်၊ စန်းတက်ချိန်မှဆိုတော့ ကျန်တာ တွေအားလုံးကို မေမီကြိုးစားခဲ့တယ်။ ကံနဲ့စန်း ကျတော့ မေမီတို့ လုပ်ယူလို့ မရဘူးလေ။ အခုကတော့ အားလုံးတိုက်ဆိုင်နေတဲ့ အချိန်လို့ ပြောရမှာပေါ။ မေမီနောက်ထပ် ဘယ်လို ကာရိုက်တာမျိုးကို သရုပ်ဆောင်ချင်လဲဆိုတော့ ရိုမန့်ဆန်တာလေးတွေ သရုပ်ဆောင်ဖူးချင် သေးတယ်’’လို့ မေမီကိုကိုက ပြောပါတယ်။

မကြာခင်ပြုလုပ်မယ့် အကယ်ဒမီပေးပွဲမှာ Star Awards ဆုပေးမှာ ဖြစ်ပြီး ဒီဆုက ဇာတ်လမ်းတွဲတွေကိုပါ ဆုပေးမယ့် အတွက် အတိုင်းမသိဝမ်းသာသလို လူငယ်တွေအတွက် ပိုပိုပြီးကြိုးစားချင်လာချင်မယ့် အားဖြစ်စေတယ်လို့ဆိုပါတယ်။
“ရုပ်ရှင်ကားကြီးနဲ့ ဇာတ်လမ်းတွဲနောက်ပိုင်း ဘယ်ဟာပိုလုပ်ဖြစ်မလဲဆိုရင် မေမီ့ကို မွေးဖွားပေးလိုက်တာက ဇာတ်လမ်းတွဲပေါ့။ အဲ့အတွက် ဒီဘက်ကိုတော့ ပိုဥိးစားပေးဖြစ်မယ်။ MRTV-4ကလည်း မေမီတို့ကို ကန့်သတ်ထားတာတော့ မရှိဘူး။ အတတ်နိုင်ဆုံးတော့ ညှိပြီးလုပ်ပေးပါတယ်။ Star Award ဇာတ်လမ်းတွဲတွေကိုပါ ဆုပေးမယ်ကြားတယ်။ ဇာတ်လမ်းတွဲတွေလည်း တော်တော်များများပါတယ် ကြားတယ်”
“အဲ့ကားတွေထဲမှာ ပျားရည်အိုင်လည်း ပါလာတယ်ပေါ့။ အဲ့လို ပေးတဲ့အတွက် အတိုင်းမသိပျော်တယ်။ ဝမ်းသာတယ်။ လူငယ်တွေအတွက် ပိုပိုပြီးကြိုးစားချင်လာချင်မယ့် အားဖြစ်စေတယ်။ ဒီလိုမှတ်တိုင်လေး တခု ရမယ်ဆိုတဲ့ အသိနဲ့ အပြိုင်အဆိုင်ကြိုးစား စိတ်တွေ ဖြစ်စေတယ်။ အဲ့အတွက် အားပေးတယ်။ ဘယ်သူပဲရရပျော်မယ်။ အကယ်ဒမီပွဲကတော့ ဖိတ်စာမရသေးဘူးပေါ့။ ဖိတ်စာရရင်တော့ တက်မှာပါ”လို့ မေမီကိုကိုကပြောပါတယ်။
ယခုထုတ်လွှင့်နေတဲ့ “အဆိပ်သွေး”ဇာတ်လမ်းတွဲအပြင် “တတိယမြောက်ဆုံမှတ်” ဇာတ်လမ်းတွဲလည်း ထုတ်လွှင့်ပြသရန် ရှိတယ်လို့ သိရပါတယ်။
မေမီကိုကိုကတော့ အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တာ အချိန်အတိုင်းအတာ တခု ရှိပြီဖြစ်သော်လည်း ပရိသတ်များ အနေနဲ့ကတော့ လက်ရှိပြသနေတဲ့ “ပျားရည်အိုင်” ဇာတ်လမ်းတွဲမှာ “မြိုင်” ဆိုတဲ့ ကာရိုက်တာနဲ့ တွဲမြင်ကာ ယခင်က သူမကို မသိခဲ့တဲ့ ပရိသတ်များရဲ့ စိတ်ဝင်တစား ချစ်ခင်မှုကိုလည်း ရရှိလာခဲ့ပါတယ်။
The post ဇာတ်လမ်းတွဲများစွာ ရိုက်ကူးဖို့ရှိနေတဲ့ သရုပ်ဆောင် မေမီကိုကို appeared first on ဧရာဝတီ.