အနောက်တိုင်း အနုပညာလောကရဲ့ နာမည်ကျော်တဦးဖြစ်သူ Kylie Jenner ဟာ အသက် ၂၁ နှစ်အရွယ်၊ ကမ္ဘာ့အသက်အငယ်ဆုံး ကိုယ်တိုင်ရှာဖွေတဲ့ ငွေနဲ့ ဘီလီယံနာ ဖြစ်လာခဲ့ပါပြီ။
သူ့ရဲ့ အောင်မြင်တဲ့ Kylie Cosmetics ကုမ္ပဏီကနေ ရရှိတဲ့ ဝင်ငွေတွေကို ပိုင်ဆိုင်ထားတဲ့ Jenner ဟာ အသက် ၂၃ နှစ်နဲ့ ကမ္ဘာ့အသက် အငယ်ဆုံး ဘီလီယံနာဖြစ်ခဲ့တဲ့ Facebook တည်ထောင်သူ Mark Zuckerberg ကို ကျော်တက်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။
Jenner ရဲ့ ချစ်သူ Travis Scott ကတော့ အခုလိုမျိုး ထူးခြားတဲ့ မှတ်တိုင်တခုကို ရောက်ရှိနိုင်ခဲ့တဲ့ အပေါ် ဂုဏ်ယူမိကြောင်းနဲ့ “ဘုရင်မ” ဆိုပြီးတော့လည်း Twitter မှာ ရေးသားခဲ့တာကို တွေ့ရပါတယ်။
“Keeping Up with the Kardashians” အစီအစဉ်စတားလည်း ဖြစ်ပြီး ကမ္ဘာကျော် Kardashians ညီအစ်မတွေထဲမှာ အငယ်ဆုံးဖြစ်တဲ့ Jenner က “ကျမ ဘာကိုမှ မမျှော်လင့်ခဲ့ပါဘူး။ အနာဂတ်ကိုလည်း ကြိုတင်မခန့်မှန်းခဲ့ပါဘူး။ ဒါပေမယ့် အခုလိုမျိုးအသိအမှတ်ပြုတာ တကယ့်ကိုပဲ ကောင်းမွန်ပါတယ်။ ပြီးတော့ ဒါဟာ ဆိုရှယ်မီဒီယာရဲ့ စွမ်းပကားလည်း ဖြစ်ပါတယ်။ ကျမတခုခုကို မစတင်နိုင်ခဲ့ခင်မှာ တော်တော်လေးကို နေရာတခုဆီ ရောက်ရှိစေနိုင်ခဲ့ပါတယ်” လို့ Forbes မဂ္ဂဇင်းကို ပြောဆိုခဲ့ပါတယ်။
Forbes မဂ္ဂဇင်းရဲ့ ခန့်မှန်းချက်အရ နှုတ်ခမ်းအလှခြယ် ပစ္စည်းတွေနဲ့ နာမည်ကျော်ကြားတဲ့ Jenner ရဲ့ မိတ်ကပ်ကုမ္ပဏီဟာ ပြီးခဲ့တဲ့နှစ်မှာ ဝင်ငွေ ဒေါ်လာ သန်း ၃၆ဝ ရှိတယ်လို့ဆိုပါတယ်။
သူ့ရဲ့မိခင် Kris Jenner ကတော့ အဲဒီ Brand ရဲ့ ငွေကြေးပိုင်းနဲ့ PR ပိုင်းကို ကိုင်တွယ်ပေးနေပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ နှစ်စဉ်ဖော်ပြနေကျ ဘီလီယံနာ စာရင်းမှာ သူဟာ ခန့်မှန်းချေ ဒေါ်လာ ၁ ဘီလီယံပိုင်ဆိုင်တဲ့ အသက် ၂၁ နှစ်အရွယ် ပုဂ္ဂိုလ်အဖြစ် ပါဝင်လာခဲ့ခြင်း ဖြစ်ပါတယ်။
Ref: etcanada
The post ကမ္ဘာ့အသက်အငယ်ဆုံး ဘီလီယံနာ ဖြစ်လာတဲ့ Kylie Jenner appeared first on ဧရာဝတီ.