တောင်ကိုရီးယား အမျိုးသားအဆိုတော်အဖွဲ့ Big Bang ရဲ့ အဖွဲ့ဝင် Seungri ဟာ သူ့ရဲ့ ကိုယ်ပိုင်ကလပ်တခုမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေအတွက် ပြည့်တန်ဆာ ငှားရမ်းပေးခဲ့တာနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်မှာ တရားစွဲခံခဲ့ရတယ်လို့ မီဒီယာတွေမှာ ဖော်ပြကြပြီး သူ့အေဂျင်စီရဲ့ ရှယ်ယာတွေလည်း ၁၄ ရာခိုင်နှုန်းလောက် ကျဆင်းသွားခဲ့ပါတယ်။
တောင်ကိုရီးယားရဲ့ အကြီးမားဆုံး Kpop အေဂျင်စီ ၃ ခုထဲက တခုဖြစ်တဲ့ သူ့ရဲ့အေဂျင်စီ YG အင်တာတိန်းမန့်ကတော့ သူတို့ရဲ့အဆိုတော်အနေနဲ့ တရားစွဲခံထားရတာကို သိရှိထားတဲ့ အကြောင်း မတ်လ ၁၁ ရက်မှာ ပြောပေမယ့် မှတ်ချက် တစုံတရာပေးခဲ့ခြင်း မရှိပါဘူး။
YG အင်တာတိန်းမန့်ရဲ့ ရှယ်ယာတွေဟာလည်း ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလကစပြီး အနိမ့်ဆုံးအနေနဲ့ ၁၄ ဒဿမ ၂ ရာခိုင်နှုန်းအထိ ထိုးကျသွားခဲ့ပါတယ်။ ရဲတပ်ဖွဲ့ကလည်း မှတ်ချက် တစုံတရာ မပေးသေးပါဘူး။ Lee Seung-hyun လို့ အမည်ရင်းရှိတဲ့ အသက် ၂၈ နှစ်အရွယ် အဆိုတော် Seungri ကလည်း မတ်လ ၁၁ ရက်မှာတော့ မှတ်ချက်ပေးတာမျိုး မရှိသေးပါဘူး။
“လိင်ပိုင်းဆိုင်ရာ လာဘ်ပေးမှု” မှာ ပါဝင်ခဲ့တယ်လို့ မီဒီယာတခုကနေ ပြီးခဲ့တဲ့လမှာ သတင်းထုတ်ပြန်ခဲ့ပြီးနောက် ပြည့်တန်ဆာ ရှာဖွေပေးခဲ့တာမရှိဘူးလို့ သူက ငြင်းဆိုထားပါတယ်။
အဲဒီသတင်းထွက်ပေါ်လာပြီးတဲ့နောက် YG အင်တာတိန်းမန့်ရဲ့ ရှယ်ယာတွေဟာ ၂၁ ဒဿမ ၉ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာတုန်းက ထွက်ရှိခဲ့တဲ့ မီဒီယာသတင်းနဲ့ ပတ်သက်လို့တော့ အဲဒီ့သတင်းဟာ အမှားသာဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။
မတ်လ ၁၁ ရက်မှတော့ အေဂျင်စီက သူ့ရဲ့ ရပ်တည်ချက်အတိုင်းပဲ မပြောင်းလဲဘူးလို့ဆိုထားပါတယ်။ အဲဒီ့သတင်းတွေဟာ အဆိုတော် Seungri အနေနဲ့ တောင်ကိုရီးယားနိုင်ငံသားတိုင်း မဖြစ်မနေ ထမ်းဆောင်ရမယ့် စစ်မှုထမ်း အစီအစဉ် မတိုင်မီ ထွက်ပေါ်လာတာပါ။ သူဟာ စစ်မှုထမ်းတာဝန်တွေကို လာမယ့် မတ်လ ၂၅ ရက်နေ့ကစလို့ ထမ်းဆောင်တော့မှာ ဖြစ်တဲ့အကြောင်း အေဂျင်စီက အတည်ပြုပြောဆိုထားပြီးဖြစ်ပါတယ်။
Ref:Reuters
The post နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများအတွက် ပြည့်တန်ဆာ ရှာဖွေပေးမှုဖြင့် Seungri တရားစွဲခံရ appeared first on ဧရာဝတီ.