နာမည်ကြီး မိတ်ကပ် ပညာရှင်တဦးဖြစ်တဲ့ မိတ်ကပ် မထက် (Pop Soul) ကတော့ အချိန် ၅ နှစ်တာ လက်တွဲလာခဲ့တဲ့ ချစ်သူနဲ့ လမ်းခွဲ လိုက်တာဟာ အချစ်ရေးက စနှိုက်ကျော်ခံရတာ မဟုတ်ဘဲ ငှက်နှစ်ကောင်ကို တပြိုင်တည်း ဖမ်းဖို့စဉ်းစားနေတာကြောင့် ကိုယ်က အရင်ဦးအောင်ဖြတ်လိုက်တာလို့ ဆိုပါတယ်။
“အသည်းကွဲတာတော့ မှန်တယ်။ သတိရတဲ့အခါ၊ တိုက်ဆိုင်တဲ့အခါ ငိုမိတာတွေ ရှိတယ်။ Status တွေတော့ အများကြီး မရေးတော့ဘူး။ အသက်လည်းရလာတော့ တည်ငြိမ်သွားပြီပေါ့။ အချိန်တန်ရင် အားလုံးက အနည်ထိုင်သွားမှာပါ။ ၂ လ၊ ၃ လ တော့ ဖြစ်နေဦးမှာပေါ့။ ၅ လ၊ ၆ လလောက် နောက်ရည်းစာရရင် ပျောက်သွားမှာပါ။ လောလောဆယ်တော့ ရည်းစားမထားချင်သေးဘူး”လို့ မထက်က ပြောပါတယ်။
“အစ်မတို့ Relationship က ၅ နှစ်ကြာတယ်။ အစ်မက ချစ်ရမှာ ကြောက်တယ်။ သူနဲ့ကြိုက်ပြီး တနှစ်ခွဲမှသူ့ကို ချစ်တာ။ Relationship တခုကို တည်ဆောက်ရတာ ခက်တယ်။ နှစ်ဦးစလုံးမှာ အမှားတွေလည်း ရှိတယ်။ အမှန်တွေလည်း ရှိတယ်။ ဒါတွေကို ပြေလည်အောင် ဖန်တီးရင်း ရှေ့ဆက်ရတာပေါ့။ အသိုင်းအဝိုင်းတွေက အမြင်မတူတာတွေ ရှိတဲ့အခါကျတော့ အချိန်တန်တော့လည်း အသိုင်းအဝိုင်းတွေ ပတ်ဝန်းကျင် တွေကို ငဲ့ညှာရင်းနဲ့ပဲ အစ်မတို့က လမ်းခွဲကြတာ များပါတယ်”လို့ မထက်က ဆိုပါတယ်။
“အချစ်ရေးက စနှိုက်ကျော်ခံရတာ မဟုတ်ဘူး။ ကိုကြီးက ထွက်သွားတာ။ သူက ငှက်နှစ်ကောင်ကို တပြိုက်နက်တည်း ဖမ်းဖို့စဉ်းစားတာ။ ကိုယ်က အရင်ဦးအောင် ဖြတ်လိုက်တာ။ ငါ့ကို တူတူနေမယ် ပြောပြီးတော့ ညာတယ်ပေါ့။ သူ့ကို Block မလုပ်သေးဘူး။ Unfriend လည်း မလုပ်သေးဘူး။ ပြန်လာရင်တော့ လက်မခံဘူး။ လွမ်းရင်တော့ ငိုတာပေါ့။ အသည်းကွဲသီချင်းတွေကတော့ နားထောင်လို့ အကောင်းဆုံးပေါ့”လို့ မထက် (Pop Soul) က ပြောပါတယ်။
ချစ်သူသစ်ထားဖို့ ရှိပေမယ့် လောလောဆယ် မထားသေးဘဲ ကိုယ့်စိတ်ငြိမ်အောင်ထားလိုက်ဦးမယ်လို့ မထက်က ဆိုပါတယ်။
“အစ်မ နောက်ရည်းစားသစ် ထားဖို့တော့ အစီအစဉ် ရှိပါတယ်။ အသက်လေးလည်း ရလာတော့ အလွယ်တကူ စိတ်မကစားချင်ဘူး။ လာပြောတဲ့သူတွေ ရှိသလို ကိုယ်သဘောကျတဲ့သူတွေလည်း ရှိပေမယ့် အပျော်လည်း မထားချင်တော့ဘူး။ ခဏခဏလည်း ခဲတွေ မမှန်ချင်တော့ဘူး။ အချစ်နဲ့ အလုပ်ကို ခွဲခြားထားတယ်။ အစ်မ အလုပ်ခွင်ထဲ ရောက်သွားရင် အစ်မ အသည်းကွဲတာတွေကို ထားခဲ့တယ်။ အကောင်းဆုံးလုပ်ပြီးမှ အလုပ်ပြီးသွားပြီဆိုမှ အခန်းတံခါးပိတ်ပြီး ငိုရင် ငိုတယ်။ အစ်မက အရမ်းချစ်တတ်တယ်။ ဒါပေမယ့် ပေးဆပ်ရမယ်။ ကိုယ့်ဘဝကို ကိုယ်ဘယ်တော့မှ မမေ့လိုက်ဘူး။ ကိုယ့်ဘဝကို နားလည်တယ်”
“သူများထောက်ပြမှ မဟုတ်ဘူး။ ကိုယ့်ဘဝကို ကိုယ်သိတယ်။ ကိုယ်ခန္ဓာကိုယ် တခုလုံးကို မိန်းမနဲ့ တူအောင် ဘယ်လိုပဲပြောင်းတယ်ထား ဖြစ်ပါစေ။ အစ်မ ဘယ်တော့မှ မေ့မပစ်လိုက်ဘူး။ အစ်မ မေ့လိုက်ချင်တယ်။ ဒါပေမယ့် ပတ်ဝန်းကျင်က အစ်မတို့ကို မမေ့ပေးထားဘူးလေ။ အစ်မဘဝလေးကို မမေ့ဘဲနဲ့ ဒီပတ်ဝန်းကျင်မှာ လျှောက်နေတယ်”
“ကိုယ့်ကိုယ်ကိုယ်တော့ နူးညံ့တဲ့ မိန်းမကလေးလို့ သတ်မှတ်ထားပေမယ့် ကိုယ့်ကို ပတ်ဝန်းကျင်ကမှ မသတ်မှတ်ပေးထားတာ။ ဘယ်သူ့ကိုမှ အပြစ်မမြင်ဘူး။ ကိုယ့်ကိုယ်ကိုယ် လှအောင်နေတယ်။ စိတ်ချမ်းသာအောင်နေတယ်။ အချစ်ရေးကတော့ ကံကောင်းတယ်ပြောရမယ်”လို့ မထက် (Pop Soul) က ပြောပါတယ်။
The post ၅ နှစ်တာ ကြိုက်ခဲ့တဲ့ချစ်သူနဲ့ လမ်းခွဲပြီး အသည်းကွဲနေတဲ့ မထက် (Pop Soul) appeared first on ဧရာဝတီ.