Beauty Blogger တဦးအနေနဲ့ စတင်ခဲ့တဲ့ နေခြည်ဦးကတော့ အခုအချိန်မှာ သရုပ်ဆောင်တယောက်အနေနဲ့လည်း ခြေလှမ်းလှမ်းလာခဲ့ပြီး မကြာခင်မှာလည်း အကယ်ဒမီ နေတိုးနဲ့ တွဲဖက်ကာ ရုပ်ရှင်ကားကြီးတကား ရိုက်တော့မယ်လို့ သိရပါတယ်။
နေတိုးနဲ့ တွဲဖက် သရုပ်ဆောင်ရမှာဖြစ်တဲ့ နေခြည်ဦးခံစားချက်ကတော့ “ရင်ခုန်ပါတယ်။ နေခြည်က အသစ်လေ။ သူတို့ဘက်က နေခြည့်ကို Welcome လုပ်ပေးလို့ နေခြည်ရိုက်ရတာလေ။ နေခြည့်ဘက်က ရိုက်ချင်တယ်။ ရိုက်ပေးပါလို့ပြောလို့မရဘူး။ ပရိုဂျူဆာဘက်က ရိုက်ချင်တယ်။ ညှိပေးလို့ သဘောတူတဲ့အတွက် ရိုက်ရတာ။ အဲဒီအတွက် ကိုနေတိုးကို ကျေးဇူးတင်တယ်”
“ကိုနေတိုးက အနုပညာလောကမှာ အသစ်တွေကို အရမ်းသင်ပေးတယ်။ အရမ်း စနစ်ကျတယ်။ အချိန်လည်း တိကျတယ်။ အနုပညာမှာ ဘက်စုံတော်တဲ့သူတယောက် ဖြစ်တဲ့အတွက် နေခြည် အရမ်းလည်းရှိန်ပါတယ်။ ရင်ခုန်တယ်ဆိုတာထက် လေးစားမှုအပြည့် ရှိပါတယ်”လို့ နေခြည်ဦးက ပြောပါတယ်။
အဆိုပါ “အခမ်းနားဆုံးမေတ္တာ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ 7th Sense Film Production မှ ထုတ်လုပ်ကာ မိုးနီလွင်ရဲ့ ဇာတ်လမ်း ၊ ဇာတ်ညွှန်းကို ဒါရိုက်တာ ပွင့်သိင်္ဂီဇော်က ရိုက်ကူးမှာဖြစ်ပါတယ်။
“ဒီရုပ်ရှင်လေးကို ကမ်းလှမ်းလာတဲ့ ပရိုဂျူဆာတွေကိုလည်း အရမ်းကျေးဇူးတင်တယ်။ ကိုယ်ကအနုပညာသက်တမ်း နည်းနည်းလေးပဲရှိသေးတယ်။ ဒီနေရာ ဒီလိုဖြစ်လာတာကလည်း နေခြည့် ချီလီတွေကြောင့်လည်းပါတယ်။ နေခြည်ရုပ်ရှင် ၅ ကား ရိုက်ထားတာ ၁ ကားပဲ ပြရသေးတယ်။ ကိုယ့်ရဲ့အနုပညာကို သေချာချမပြရသေးဘူး။ အဲဒီအချိန်မှာ တကယ့်ကိုနံပါတ် ၁ မင်းသား ကိုနေတိုးနဲ့လည်း တွဲပေးတယ်။ အဓိကဇာတ်ဆောင်နေရာမှာ ထားပေးပြီး ယုံကြည်တဲ့အတွက် ကျေးဇူးအများကြီးတင်တယ်”လို့ နေခြည်ဦးက ပြောပါတယ်။
အဆိုပါ “အခမ်းနားဆုံးမေတ္တာ” ဆိုတဲ့ရုပ်ရှင်ဇာတ်ကားထဲမှာတော့ နေတိုး၊ ဇင်ဝိုင်း၊ သူရိယ၊ တိုင်ရွန်၊ စိုးမြတ်သူဇာ၊ နေခြည်ဦး၊ ခင်သဇင်တို့ အဓိက ပါဝင် သရုပ်ဆောင်မှာဖြစ်ပြီး ၅ လပိုင်းမှာ စတင်ရိုက်ကူးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
“ဒီကားလေးကို ဇာတ်ညွှန်းဖတ်ပြီးကတည်းက တကယ့်ကို ရိုမန့်ကိုမှ တော်တော်လေးကို ပြင်းပြင်းသုံးထားတယ်။ ဒီကားလေးက ရိုမန့်လို့ပြောပေမယ့် ယောကျ်ားလေးရော မိန်းကလေးရော ပရိသတ် အကုန်လုံးကို ထိမယ့် ဇာတ်လမ်းလေးလို့ ပြောချင်ပါတယ်။ ဒီကားလေးကတော့ Stylish လည်း သေချာလုပ်ရမယ်။ ဆက်တင်တွေရော နေရာရွေးတာလည်း သေချာလုပ်ရမယ်”
“နာမည်ကိုက အခမ်းနားဆုံးမေတ္တာ ဆိုတော့ တကယ်လည်း အခမ်းနားဆုံးဖြစ်အောင် ရိုက်ကြမှာဆိုတော့ နေခြည့်ဘက်ကလည်း ဖန်စီရိုမန့်ဆိုပေမယ့် တကယ် ဖိအားများပါတယ်။ နေခြည်တို့ပြမယ့် ကာရိုက်တာက တော်တော်ကြီးပါတယ်”လို့ နေခြည်ဦးကပြောပါတယ်။
နေခြည်ဦးကတော့ ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူးလာခဲ့တာ ၅ ကား ရှိနေပြီဖြစ်ပြီး ပထမဆုံးရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ “ရန်သူ” ဇာတ်ကားတကားသာရုံတင်ရသေးတာဖြစ်ပါတယ်။ အဆိုပါ နေခြည်ဦးရဲ့ ပွဲဦးထွက်ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ “ရန်သူ” ကလည်း ဒီနှစ်ရဲ့ အကယ်ဒမီဆန်ခါတင်ဇာတ်ကား ၂၅ကားထဲမှာ ပါဝင်နေတဲ့အတွက်လည်း ရင်ခုန်နေတယ်လို့ ဆိုပါတယ်။
“နေခြည် ဖိတ်လား၊ မဖိတ်လား ဆိုတာတောင် မသိသေးပါဘူး။ ဒါပေမယ့် ကားလေးက ဆန်ခါတင်ဝင်တယ်ဆိုတော့ ဖိတ်မယ်လို့လည်း မျှော်လင့်ပါတယ်။ တကယ်တမ်းဖိတ်ရင်လည်း နေခြည့်ဘက်က အကောင်းဆုံးပြင်ဆင် ထားပါတယ်။ ရင်ခုန်တယ်လို့ နေခြည်အမြဲပြောတယ်”
“ဘယ်သူရရ ကိုယ်မရလည်း ရင်ခုန်တယ်။ အရင်တုန်းက ပွဲကြည့်ပရိသတ်တယောက်အနေနဲ့ကြည့်ခဲ့ရာကနေ ဒီလိုမျိုး Red Carpet ကြီးကို မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသား၊ မင်းသမီးတွေနဲ့အတူ တက်ရမှာဖြစ်တဲ့အတွက် ရင်ခုန်ပါတယ်”လို့ နေခြည်ဦးက ပြောပါတယ်။
The post နေတိုးနဲ့ တွဲပြီး သရုပ်ဆောင်ရမှာ အရမ်းရှိန်နေတဲ့ နေခြည်ဦး appeared first on ဧရာဝတီ.