ဟင်းချက်တယ်ဆိုတာ အိမ်ရှင်မတွေအတွက် နေ့စဉ် လုပ်ရိုးလုပ်စဉ် အလုပ်တခု ဖြစ်လို့ ဘာမှ မထူးခြားပါဘူးလို့ ထင်နိုင်ပေမယ့် တကယ့်ကို ဟင်းချက်ဝါသနာ ပါသူတွေ အတွက်ကတော့ ဟင်းချက်ခြင်းဟာ အနုပညာတခုလိုပါပဲ။ ကပြက်ကချော် ချက်လိုက်တဲ့ ဟင်းတခွက်၊ အစပ်အဟပ် မတည့်တဲ့ ဟင်းတခွက်ကြောင့် ထမင်းပွဲမှာ စိတ်ညစ်ညူးရသလို၊ စနစ်တကျနဲ့ အနုပညာဆန်ဆန် ချက်ပြုတ်လိုက်တဲ့ ဟင်းတခွက်ကြောင့်လည်း တသက်လုံးစွဲအောင် ပြောမဆုံး ဖြစ်ရတတ်ပါတယ်။ ဟင်းချက်တာဟာ အမျိုးသမီးတွေရဲ့ အလုပ်လို့ တချို့က ထင်တတ်ပေမယ့် တကယ်တော့ အမျိုးသမီးရယ်၊ အမျိုးသားရယ်မဟုတ်ဘဲ ဝါသနာပါသူတိုင်းအတွက်တော့ စွဲလမ်းပျော်ရွှင်စရာကောင်းတဲ့ အလုပ်တခု ဖြစ်ပါတယ်။ ဒါကြောင့်ရဲ့ ဧရာဝတီရဲ့ အနုပညာကဏ္ဍမှာ ဟင်းချက်ခြင်း အနုပညာကို စာဖတ်သူတွေ စနေ အားလပ်ရက်မှာ ဖတ်ရှုလေ့လာနိုင်အောင် ချက်နည်းပြုတ်နည်း တမျိုးကို ဖော်ပြပေးလိုက်ပါတယ်။ လျှာရင်းမြက်အောင် ဘာဟင်းချက်ရလဲ စဉ်းစားနေသူတွေ အတွက်ကော၊ နိုင်ငံတကာမှာ ဘာကြောင့် ဒီဟင်းတွေဟာ နာမည်ကြီး ထိုးဖောက် နိုင်တာလဲဆိုတာပါ သိရှိနိုင်ဖို့ ရည်ရွယ်ပါတယ်။ (အယ်ဒီတာ)
ဒီဟင်းပွဲအမည်ကို ကျနော်ကိုယ်တိုင် အမည်ပေးပါတယ်။ ငယ်ငယ်က ပလောင်တိုင်းရင်းသူနဲ့ အိမ်ထောင်ကျတဲ့ ကျနော့် အစ်ကိုဝမ်းကွဲရဲ့ ပန်းဂေါ်ဖီ စိုက်ခင်းထဲမှာ ကျနော့်မရီး ချက်ကျွေးတဲ့ ဟင်းလေးကို အမှတ်တရရှိလို့ ပေးလိုက်မိပါတယ်။
စိုက်ခင်းထဲမှာ စားစရာကရှား၊ အလုပ်ပန်းတာကြောင့် ဘယ်လိုပဲ နည်းစနစ်မမှန်စွာ ချက်ပြုတ် ထားသည်ဖြစ်စေ စားကောင်းတာတော့ အမှန်ပါပဲ။
ပလောင် တောင်ယာဟင်း အတွက် လိုအပ်သည့် ပစ္စည်းများ …
ကြက်သား – ၁ ခြမ်း
ကြက်သွန်နီ – ၂ ဥ
ချင်းသေးသေး – ၁ တက်
ကြက်သွန်ဖြူ – ၃ မြွှာ
ငရုတ်ခြောက်တောင့် – ၅ တောင့်ခန့်
မုန်ညင်းစိမ်း – ၁ စည်း
မှို – အနည်းငယ်
ကြက်သားကို အတုံးငယ်များ တုံးပြီး ထောင်းထားတဲ့ ချင်း၊ ကြက်သွန်ဖြူ ၊ငရုတ်ခြောက်တောင့်နီ တို့နဲ့အတူ ဆား၊ ဟင်းခတ်မှုန့်တို့နဲ့ အရသာနယ်ပါ။
ချက်မယ့် အိုးထဲမှာထည့်ပြီး ရေအနည်းငယ်ထည့်ကာ အဖုံးပိတ်ပြီး စတင်အပူပေးပါ။ ကြက်သား တဝက်ခန့် ကျက်ပြီဆိုရင် ကြက်သွန်နီ ရှစ်စိတ်ကွဲ၊ မှို၊ မုန်ညင်းစိမ်းတို့ထည့်ပြီး ခေတ္တခဏ အဖုံးပြန်ပိတ်ပါ။ ပွက်ပွက်ဆူပြီဆိုရင် မီးဖိုပေါ်ကချ၊ သံပုရာသီး တခြမ်းလောက် ညှစ်ပြီး တောင်ယာဆန် နီကြမ်းကြမ်းနဲ့တောင် ထမင်းမြိန်စေခဲ့တဲ့ တောင်ယာဟင်း တခွက်ပေါ့။
The post ပလောင်တောင်ယာဟင်း appeared first on ဧရာဝတီ.