
“အမျိုးသမီးများ” ခေါင်းစဉ်ဖြင့် ရန်ကုန်တွင် ကျင်းပမည့် အမှတ်တရ နိုင်ငံတကာ ရုပ်ရှင်ပွဲတော် Facebook အဖွင့်ပုံ
၂၀၁၅ ခုနှစ် ဇွန်လ ပထမပတ်အတွင်း နိုင်ငံအတော်များများက အမျိုးသမီးတွေကို တနေရာတည်းမှာ ကျမ တွေ့ခဲ့တယ်ဆိုရင် ကြားရသူတွေက အံ့သြမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကျမ တွေ့ခဲ့တဲ့ အမျိုးသမီးတွေဟာ ၁၉၀၆ ခုနှစ်ဝန်းကျင် တဝိုက်ကနေ ဒီနေ့ခေတ် အထိ ခေတ်အစုံစုံ ပုံရိပ်အမျိုးမျိုး နောက်ခံထားသူတွေ ဆိုရင်တော့ နည်းနည်းများ ထူးခြားလေမလားပဲ။ တကယ့်တကယ်တော့ ကျမ သူတို့ကို ပြင်ပမှာ တွေ့ခဲ့တာ မဟုတ်ပါဘူး။ ရုပ်ရှင်မှာ တွေ့ခဲ့တာ၊ ဂန္ထဝင်ရုပ်ရှင်တွေထဲမှာ တွေ့ခဲ့တာပါ။
ရန်ကုန်မြို့မှာ မေလ ၂၉ ရက်ကနေ ဇွန်လ ၇ ရက်နေ့အထိ ၁၀ ရက်ကြာ ကျင်းပတဲ့ ‘အမှတ်တရ’ နိုင်ငံတကာ ရုပ်ရှင်အမွေအနှစ် ပွဲတော်ဟာ ကမ္ဘာတဝန်းက ဂန္ထ၀င်အမွေအနှစ် ရုပ်ရှင်ဇာတ်ကားတွေကို ပြသတဲ့ ရှားပါးပွဲတော် တခု။ ဒီနှစ် ရုပ်ရှင်ပွဲတော်ရဲ့ အဓိက ဦးတည်ရာ နောက်ခံ ကားချပ်ကတော့ “အမျိုးသမီး” ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားပေါင်း ၅၀ ကျော်က အမျိုးသမီး ပုံရိပ်ပေါင်း ၅၀ ကျော်။ အဲဒီအထဲမှာ အများက ချစ်ခင်နှစ်သက်တာ ခံရသူ၊ အမုန်းခံရသူ၊ ရွံရှာခံရသူ၊ အဝေဖန်ခံရသူ၊ အထင်ကြီးလေးစား ခံရသူ၊ သူရဲကောင်း၊ အရှုံးပေးရသူ၊ အကြင်နာကင်းမဲ့သူ၊ သတ္တိရှိသူ စသည်ဖြင့် ပုံရိပ်ပေါင်းများစွာ။ အဲဒီပုံရိပ်တွေထဲမှာ ကျမကတော့ ဂန္ထဝင် အာရှအမျိုးသမီးတွေကို ခံစားထိတွေ့ မိပါတယ်။
ရုပ်ရှင်ဟာ ကျမတို့ မဖြတ်သန်းခဲ့ရတဲ့ ခေတ်၊ မသိမီခဲ့တဲ့ ခေတ်ကို မီးမောင်းထိုးပြပြီး သိနားလည်စေနိုင်တဲ့ အနုပညာ။ ကျမတို့နဲ့ မရင်းနှီးတဲ့ နယ်မြေဒေသကို အရောက်ခေါ်ကာ ယဉ်ကျေးမှုမတူ၊ ဘာသာစကား မတူသူတွေကိုလည်း နားလည်သိမြင်စေတဲ့ အနုပညာ။ ဒီအနုပညာ ကြားခံထားလို့ပဲ ဘဝပေး ကံကြမ္မာလမ်းကြောင်းပေါ်မှာ အရှုံးပေး ပြိုလဲခဲ့ရတဲ့ ဂျပန်အမျိုးသမီးကြီး တယောက်ကို မြင်တယ်။ အသက် ဆုံးပါးတဲ့အထိ ချစ်သူအပေါ် တွယ်တာခဲ့တဲ့ ထိုင်ဝမ်မိန်းမပျိုလေးကို တွေ့တယ်၊ အနုပညာ မာန်ပြင်းပြတဲ့ တရုတ်အမျိုးသမီးလေး၊ ဆရာမအ ပေါ် ချစ်ခင်စိတ် လွန်ကဲတဲ့ ဂျာမန်မိန်းကလေး၊ မိသားစုတခုကို မွှေနှောက်ခဲ့တဲ့ အိမ်အကူ ကိုရီးယား မိန်းကလေး၊ အထီးကျန်ဇနီးသည် အိန္ဒိယ အမျိုးသမီး စတဲ့ အမျိုးသမီးတချို့ရဲ့ ပုံရိပ်ကို မြင်တွေ့ရပါတယ်။
အာရှအမွေအနှစ် များထဲက တခုဖြစ်တဲ့ “The Lonely wife” အမည်ရတဲ့ (အဖြူအမည်း) အိန္ဒိယ ရုပ်ရှင်ဟာ ၁၉၆၄ ခုနှစ်မှာ ထွက်ရှိခဲ့တာပါ။ အလုပ် အလွန်အကျွံ လုပ်တတ်သူ၊ စိတ်ပါဝင်စားရာက လွဲလို့ ကျန်တာတွေအပေါ် စိတ်အာရုံ နည်းပါးသူ သတင်းစာ အယ်ဒီတာရယ်၊ အယ်ဒီတာ့ ဇနီးသည် ချာရူရယ်၊ သူ့အိမ်ရောက်လာတဲ့ ဝမ်းကွဲညီ အမလ်ရယ်နဲ့ ဇာတ်လမ်းကို ဖွဲ့စည်းထားပါတယ်။
အထီးကျန် ဆန်ဆန် နေ့ရက်များစွာ ဖြတ်လာရတဲ့ ချာရူတယောက် သူနဲ့ စာပေ၀ါသနာတူသူ စကားပြောဆို အဖော်ပြုနိုင်သူ အမလ်အပေါ် တစစ သံယောဇဉ် တွယ်လာတာ၊ တခြားတပါးသော မိန်းကလေးက ဂရုစိုက်ပုံ ပြရင်တောင် ဝန်တိုတတ်လာတာ၊ သံယောဇဉ် ကိုလည်း ပေါ်ပေါ်ထင်ထင် ပြတော့တာကို ကျမတို့ တဆင့်ချင်း မြင်တွေ့ကြရတယ်။ နောက်ဆုံးတော့ ချာရူရဲ့ အဲဒီသံယောဇဉ်ကြောင့်ပဲ အမလ် အိမ်က ထွက်သွားပါတော့တယ်။ ချာရူ အသည်းကြွေပျက်မျှ ငိုကြွေးတဲ့အခါ သူ့အချစ်ကို ခင်ပွန်းသည်ကလည်း ရိပ်မိခဲ့တယ် ဆိုပါစို့။
ဒီဇာတ်လမ်းက ယဉ်ကျေးမှု စံနဲ့ကြည့်ရင်တော့ အဆင်ပြေမယ် မဟုတ်ပါဘူး။ ဇနီးသည်ဟာ ခင်ပွန်းအပေါ် သစ္စာမစောင့်သိခဲ့ဘူး ရယ်လို့ အဝေဖန် ခံရမယ့်သူမျိုးပါ။ ဒါပေမယ့် ခင်ပွန်းရဲ့ လစ်လျူရှု ခံရသလောက်နီးပါး နေထိုင်ရတဲ့ မိန်းမတယောက်ရဲ့ အထီးကျန် စိတ် ဝညာဉ်ကတော့ တွယ်ရာကို ရှာတတ်တာပဲ၊ ရှာကောင်းရှာမှာပဲ၊ မရှာသော်လည်း တွေ့မှာပဲဆိုတာကို ရုပ်ရှင်က အနုပညာဆန်ဆန် ပါးပါးနပ်နပ် ပြပါတယ်။ ဒီရုပ်ရှင်မှာ အဲဒီခေတ်အခါက အိန္ဒိယ ရုပ်ရှင်တွေရဲ့ အဆင့်အတန်းကို မြင်ရပါတယ်။ အနုပညာပိုင်းရော၊ အတတ်ပညာ ပိုင်းပါ အားကောင်းလှတာကို သတိပြုမိပါတယ်။ ဇာတ်ပို့ဇာတ်ရံ တယောက်တလေတောင် အပိုအဖြစ် ရှိမနေပါဘူး။
နောက်ထပ် ခံစားထိတွေ့မိတဲ့ အာရှရုပ်ရှင်ကတော့ နယ်လှည့်ဇာတ်လောကကို အခြေခံထားတဲ့ တရုတ်ရုပ်ရှင် “Stage Sisters” ပါ။ ဒီရုပ်ရှင်က ၁၉၆၉ ခုနှစ်မှာ ထွက်ရှိပြီး ဇာတ်လမ်းစတင်တဲ့ နောက်ခံကာလကတော့ တော်လှန်ရေး မတိုင်မီကာလဖြစ်ပါတယ်။ Stage Sisters ဟာ ညီအစ်မ သဖွယ် ချစ်ခင်ခဲ့ကြတဲ့ မိန်းကလေးနှစ်ဦး၊ နောက်တော့ သူတို့နှစ်ဦးဟာ ငွေကြေး အောင်မြင်မှု နိုင်ငံရေး ခေတ်အခြေအနေ စတာတွေကြောင့် တစစ ဝေးကွာသွားကြပုံကို ပြပါတယ်။ တဦးက အနုပညာ မာန်ကြီးတယ်၊ တဦးကတော့ ပရိသတ်အကြိုက် လိုက်ချင် တယ်၊ အောင်မြင်မှုနောက်ကို လိုက်ချင်တယ်။ မတူကွဲပြားတဲ့ မိန်းကလေးနှစ်ဦးကို မြင်ကြရပါတယ်။ သူတို့မှာ တူညီနေတာကတော့ တဦး အပေါ် တဦး အပြန်အလှန် ထားရှိတဲ့ ချစ်ခြင်းမေတ္တာပါ။
ချွန်ဟွာဆိုတဲ့ မိန်းကလေး အိမ်က ထွက်ပြေးပြီး ယူး (Yue) အော်ပရာအဖွဲ့နောက် လိုက်ပါပုံနဲ့ ရုပ်ရှင်ကို စဖွင့်ပါတယ်။ ဇာတ်အဖွဲ့ ခေါင်းဆောင်က မခေါ်ချင်ပေမယ့် ဇာတ်ဆရာနဲ့ သူ့သမီး ယုဟို တို့က ခေါ်တာကြောင့် လိုက်ရတယ်။ ကျေးလက်ဒေသအနှံ့ ခရီးသွား ယာဉ် ပုံစံမျိုးစုံနဲ့ သူတို့အဖွဲ့ သွားကြပုံဟာ လွမ်းစရာ အတိတ်မြင်ကွင်းပါ။ ကျေးလက်မှာတင် ကပြနေကြရာက စစ်အတွင်းမှာ တဖွဲ့လုံး အတော်ပဲ အတိဒုက္ခရောက်ကြရ၊ နောက်ဆုံးတော့ ယုဟိုဖခင် ကွယ်လွန်တဲ့အခါ ဇာတ်အဖွဲ့ ခေါင်းဆောင် ခေါ်လာတာနဲ့ပဲ ရှန်ဟိုင်းကို သူတို့နှစ်ယောက် ရောက်သွားကြပါတယ်။ မန်နေဂျာ တန်ရဲ့ လက်ကို ရောက်ကြရတယ်။ တချိန်က ကျော်ကြားခဲ့သူ မင်းသမီးကြီးခမျာ အသက်ရလာလို့ တန်ရဲ့ ချောင်ထိုး ခံရပုံကိုလည်း သံဝေဂ ဖြစ်စရာ မြင်ရတယ် (နောက်ဆုံးတော့ ဒီမင်းသမီးကြီး ကိုယ့်ကိုယ်ကိုယ် သတ်သေ သွားပါတယ်)။
တစစ အောင်မြင်လာတဲ့ ကြယ်နှစ်ပွင့်ဟာ အမြင်သဘောထားတွေ မတူကြတော့ပါဘူး။ အနုပညာကို စွဲမြဲဆုပ်ကိုင်ဖို့ဆိုတဲ့ ဆရာ့ စကားကို ချွန်ဟွာက မမေ့မလျော့ ရှိပေမယ့် ဆရာ့သမီး ယုဟိုကတော့ အောင်မြင်မှုနဲ့ ပစ္စည်းဥစ္စာနောက်ကို လိုက်တယ်။ တန် လက်ထပ်ခွင့် တောင်းတာကို လက်ခံလိုက်ပါတယ်။ ချွန်ဟွာဟာ အခက်အခဲ ဘယ်လိုကြုံကြုံ နောက်မဆုတ်ပါဘူး။ ဘယ်လိုပစ္စည်း တန်စိုးလက်ဆောင်နဲ့မှ ချူလို့မရဘူး။ အာဏာရှိသူတွေက ဘယ်လိုပဲ ခြိမ်းခြောက် ခြိမ်းခြောက် မမှုပါဘူး။ သူ့စိတ်ကို စိုးမိုးတဲ့ တခုတည်းသော အရာကတော့ အနုပညာပါ။ သူ့ဇာတ်အဖွဲ့သားတွေပါ။ အနုပညာကို သစ္စာ မဖောက်ခဲ့သူပါ။ ချွန်ဟွာ ဇာတ်ရုပ်ဟာ အင်မတန် ခွန်အားပါလှပါတယ်။ သရုပ်ဆောင်ရဲ့ အနုပညာစွမ်းကြောင့်လည်း ကြွလို့နေပါတယ်။ စိတ်ခွန်အားရှိတဲ့ အမျိုးသမီး၊ တော်ရုံလောကဓံလောက်ကို အပြုံးမပျက် ရင်ဆိုင်နိုင်တဲ့ အမျိုး သမီးတွေကို ချွန်ဟွာက ကိုယ်စားပြုတယ်လို့ ဆိုချင်တယ်။
အမှတ်တရ နိုင်ငံတကာ ရုပ်ရှင်အမွေအနှစ်ပွဲတော်မှာ မြန်မာရုပ်ရှင်ဇာတ်ကား လေးကား ပါဝင်ပြသပါတယ်။ နေကျောက်ခဲ (၁၉၈၃)၊ ဖိုးပြုံးချို (၁၉၅၅)၊ တစ်ကျော့နှစ်ကျော့ တေးကိုသီ (၁၉၇၁)၊ တစ်ခါက တစ်ဘဝ (၁၉၇၈) စတဲ့ အမျိုးသမီးပုံရိပ်တွေကို ထင်ဟပ်ရိုက်ကူးထားတဲ့ ရုပ်ရှင်တွေပါ။ ဒီအထဲကမှ ဝင်းဦး၊ တင်တင်မြ၊ ချိုပြုံးတို့ ပါဝင် သရုပ်ဆောင်ထားတဲ့ တစ်ကျော့ နှစ်ကျော့ တေးကိုသီ ရုပ်ရှင်ထဲက ဝေဝေစိုး (တင်တင်မြ) ဇာတ်ရုပ်ဟာ ဂန္ထဝင် မြန်မာအမျိုးသမီးပါပဲလို့ ကျမ ဆိုပါရစေ။
ဒီရုပ်ရှင်ဟာ ဝေဝေစိုး၊ သင်းသင်း၊ ကိုကျော်စွာတို့ သုံးပွင့်ဆိုင်အချစ်ကို ပြတယ်။ ဂီတအနုပညာနဲ့ ပတ်သက်တဲ့ ခေတ်ရေစီးကြောင်း အပြောင်းအလဲကို ပြတယ်။ ကိုယ်ကသာ ဘဝနစ်မွန်းနေမယ်၊ သမီးလေးကိုတော့ အေးချမ်းတဲ့ ဘဝလေးတခုမှာ မြင်လိုတဲ့ အမေ့မေတ္တာ၊ မွေးစားသမီး ဝေဝေစိုးအပေါ် သမီးရင်းနဲ့မခြား ချစ်တဲ့ မိဘတွေရဲ့ မေတ္တာကို ပြတယ်။ ဒီအထဲမှာမှ အထိရှဆုံးကတော့ အစ်မက ညီမအပေါ် ထားတဲ့ မေတ္တာပါ။ ကိုယ် သံယောဇဉ်ရှိသူကိုတောင် ညီမအတွက် စွန့်လွှတ်ခဲ့တာ၊ အစ်မမေတ္တာကိုတောင် တပြန်စီး စော်ကားလာသေးတဲ့ ညီမကို ခွင့်လွှတ်ခဲ့တာ၊ မေတ္တာမပျက်ခဲ့တာ စတဲ့ သရုပ်တွေ အားလုံးစုပေါင်းထားတဲ့ ဝေဝေစိုးဟာ မြန်မာအမျိုးသမီး အများစုကို ကိုယ်စား ပြုတဲ့ အစ်မမျိုးပါ။ မြန်မာမိသားစု တခုမှာ အစ်မကြီး အမိအရာ ရှိနေသူတွေဟာ ကိုယ့်အောက်က မောင်၊ ညီမတို့အပေါ် တတ်နိုင်သမျှ တာဝန်ကျေပွန် အနစ်နာခံကြပုံတွေကို ဝေဝေစိုးက ထင်ဟပ်ပါတယ်။
အမှတ်တရ နိုင်ငံတကာ ရုပ်ရှင်အမွေအနှစ်ပွဲတော်ကို ပြင်သစ်၊ မလေးရှား၊ ဟောင်ကောင်၊ စင်ကာပူ၊ ဂျော်ဂျီယာက အနုပညာရှင်တွေ ပါဝင် တက်ရောက်ကြတဲ့အထဲ မီရှဲလ်ယို ပါဝင်တာကတော့ မြန်မာပရိသတ်တို့ စိတ်အဝင်စားဆုံး ဖြစ်ရပါတယ်။ အရင့်အရင်ကလည်း သူ့ရဲ့ နာမည်ကျော် ဟောလိဝုဒ် ရုပ်ရှင်တွေမှာကတည်းက မြန်မာပရိသတ်က ကျွမ်းဝင်ခဲ့ကြတာပါပဲ။ ဒါပေမယ့်လည်း ဒေါ်အောင်ဆန်း စုကြည်ရဲ့ ဘဝပုံရိပ်ကို ရိုက်ကူးတဲ့ The Lady မှာ ပါဝင်မယ် ဆိုလိုက်ချိန်ကစလို့ ပိုပြီး စိတ်ဝင်တစား ရှိခဲ့ကြပါတယ်။ မာန်မာန ကင်းဟန်၊ သွက်လက် ပေါ့ပါးဟန်နဲ့ ကမ္ဘာကျော်မင်းသမီးကို ရန်ကုန်မြို့က ရုပ်ရှင်ပွဲတော် တခုမှာ တွေ့မြင်ကြရတာကတော့ မြန်မာရုပ်ရှင် ချစ်သူတွေအတွက် အမှတ်တရတစ်ခုပါ။
၂၀၁၃ ခုနှစ်က စတင်ခဲ့တဲ့ အမှတ်တရ နိုင်ငံတကာ ရုပ်ရှင်အမွေအနှစ်ပွဲတော်ဟာ ဒီနှစ်မှာတော့ သုံးကြိမ်မြောက် ဖြစ်ခဲ့ပြီ။ မြန်မာနိုင်ငံမှာ ကျင်းပတဲ့ ပွဲတော်ရဲ့ အဓိက အကြောင်းအရာက “အမျိုးသမီးများ” ဆိုတဲ့အတိုင်း ကမ္ဘာအရပ်ရပ်က အမျိုးသမီးတွေကို ဒီ ၁၀ ရက်တာအတွင်း ကျမတို့ ဆုံခွင့်ရပါတယ်။ အကဲခတ် လေ့လာခွင့်ရပါတယ်။
ရုပ်ရှင်ထဲက အမျိုးသမီးတွေဟာ အဘက်ဘက်က ပြည့်စုံသူတွေ ဟုတ်မနေပါဘူး။ လူသားဆန်သူတွေပါ။ လူသားဆန်တဲ့ဇာတ်ရုပ် တွေပါ။ ဒီဇာတ်ရုပ်တွေကတဆင့် တကယ့်ပြင်ပက အမျိုးသမီးတွေကို ကျမတို့ မှန်းကြည့်နိုင်ကြတယ်။ ကိုယ်မသိနိုင်တဲ့ ဘဝဘဝတွေက ခံစားမှုကို ကူးယူခံစားနိုင်ကြတယ်။ ဒါကြောင့်သာပဲ ရုပ်ရှင်ဟာ အမွေအနှစ်လို့ ဒီပွဲတော်က ဆိုတာဖြစ်ပါလိမ့်မယ်။ ။
The post အတိတ်ရုပ်ရှင် ပြတင်းပေါက်မှ ဂန္ထဝင် အာရှအမျိုးသမီးများ appeared first on ဧရာဝတီ.