Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ခင်မောင်ရင် နှင့် နှမလက်လျှော့

$
0
0
ခင်မောင်ရင်, ပေါ်ဦးသက် , ၀င်းဖေ , AI

ပန်းချီ ခင်မောင်ရင် ပုံတူ စကက်ခ်ျ (ရေးဆွဲသူ – ပန်းချီ ယဉ်မင်းပိုက်)

ကျနော်သည် ယခုရက်ပိုင်းအတွင်း ကျနော်၏ မွေးစားသား မောင်ဇင်မင်းဝေ နေထိုင်ရာ လှိုင်သာယာ ၁၅ ရပ်ကွက်သို့ သွားရောက် အိပ်နေတတ်ပါသည်။

လှိုင်သာယာမြို့နယ်သည် တိုက်တာအိမ်ရာ အဆောက်အအုံ ကြီးကြီးမားမား၊ မြင့်မြင့်မားမား မရှိလှဘဲ သစ်၊ ၀ါးတို့ဖြင့် ဆောက် လုပ်ထားသည့် အိမ်ကလေးများနှင့် သစ်ပင်တောအုပ်ကလေးများ ရောယှက်နေသည့် သဘာဝကပေးသော ရပ်ကွက်ကလေး ဖြစ်ပါသည်။

ကလေးတို့မှာ စာမေးပွဲကြီး နီးလာပြီဖြစ်သဖြင့် ညမိုးချုပ်ထိသော်လည်းကောင်း၊ နံနက်စောစော ထ၍သော်လည်းကောင်း စာကြည့်ကြရပါသည်။ ဤရက်ပိုင်းအတွင်း အအေးလွန်ကဲမှုကလည်း ရှိသဖြင့် ခိုက်ခိုက်တုန်အောင် အေးလှပါသည်။

မြန်မာသက္ကရာဇ် ၁၃၇၃ တပို့တွဲလပြည့်နေ့ ဖြစ်ပါသည်။ ထိုနေ့ညက သားဖြစ်သူသည် စောစောအိပ်၍ မနက် ၅ နာရီမထိုးမီထကာ စာကျက်သဖြင့် ကျနော်ပါ လူးလဲထကာ ရေးနွေးကျို၊ ကော်ဖီလေး ရေနွေးကြမ်းလေး သောက်ပြီးခါမှ အိမ်ပြင်ထွက်လိုက်သောအခါ အပြင်ဘက်တွင် ဆီးနှင်းများကျ၍ ပိန်းပိတ်အောင် မှောင်လျက်ရှိပြီး တောင်မြောက် ဘယ်မမြင်ဆိုသကဲ့သို့ ရှိနေပါတော့သည်။ စိတ်ထဲတွင်လည်း အမည်ဖော်မပြနိုင်သည့် စိတ်ခံစားမှုတရပ် ဖြစ်ပေါ်ကာ အိမ်ရှေ့ကုက္ကိုပင်ကြီးအောက်တွင် ရေနွေးကြမ်း ထိုင်၍ သောက်ရင်း ရာသီသဘာဝတရား၏ ဖမ်းစားချက်နောက်သို့ မျောလွင့်လိုက်ပါလျက်ရှိသည်။

ကျနော်နေထိုင်ရာ ဆီးနှင်းများကြားမှ ကုက္ကိုပင်ကြီးမှာ ရွက်ဟောင်းကြွေ၍ ရွက်သစ်ဖူးကလေးများ ပြူထွက်စတွင် ရှိနေဆဲအချိန် ဖြစ်ပါသည်။ ကုက္ကိုအရိုးကိုင်းနှင့် ပြူထွက်စ ရွက်သစ်ဖူးကလေးများ၏ နောက်ကွယ်မှ လပြည့်လ၀န်း၏ အရောင်သည် ဆီးနှင်းများကို ထွင်းဖောက်ကျဆင်းလာနေပုံမှာ ပန်းချီကားတချပ်သဖွယ် ဖြစ်နေပါတော့သည်။ ထိုကဲ့သို့ ကျနော်၏ စိတ်ခံစားမှုများ ကွန့်မြူးနေ စဉ် ရှေ့တူရူအရပ်မှ ဆီးနှင်းများကြားတွင် မကြာခဏဆိုသလို ထွက်ပေါ်လာတတ်သော ပိုးစုန်းကြူးသဖွယ် အလင်းစက်ကလေး သည် ကျနော်နှင့် ပိုမိုနီးကပ်လာသဖြင့် သတိထားကြည့်မိသောအခါတွင် ရပ်ကွက်အတွင်း လှည့်လည်၍ ဘ၀၀မ်းစာ ရှာမှီးနေသော ပဲပြုပ်သည် တဦး ဖြစ်နေပါသည်။ တချက်တချက်တွင် လင်းလက်လာသော အလင်းစက်ကလေးမှာ အအေးဒဏ်ကို အံတုရန် ရှိုက်ဖွာလိုက်သော သူ၏လက်အတွင်းမှ ဆေးပေါ့လိပ်၏ အရောင်ပင်။ ထိုပဲပြုတ် သည် သည် ကျနော်၏ရှေ့မှ ထွက်ခွာသွားပေပြီ။ သံဝါဖြောက်ဖြောက် ဆီးနှင်းတို့က မိုးလောက်ပြင်းထန်ဆဲ။ ခဏအကြာတွင် “ပဲပြုတ်” ဟူသော သူ၏အသံသည် နှင်းထုကို တိုးဝှေ့ဖြတ် သန်းလာခဲ့ပြန်လေသည်။ ယင်းစက္ခုအာရုံနှင့် သောတအာရုံတို့ကြောင့် ကျနော်၏စိတ်သည် တခုသော အတိတ်၏ သက္ကရာဇ်များဆီသို့ …။

၁၉၆၀ ခုနှစ်လွန် ကာလများ၊ ရန်ကုန်မြို့ ကမ်းနားလမ်းနှင့် ၂၄ လမ်းထောင့် ပထမထပ်ရှိ (AI) ခေါ် ဗိသုကာလုပ်ငန်းဌာနတွင် ဖြစ်ပါသည်။ ထိုရုံးခန်းကို စု၍တည်ထောင်ထားကြသူများမှာ ကိုဘိုကြီး(ယခု ဘုန်းတော်ကြီး)၊ ကိုတင်ထွန်း (ယခု အမေရိကန်နိုင်ငံနေ) နှင့် ကိုအောင်ကြီးမြင့် (ဗိသုကာ အင်ဂျင်နီယာချုပ်-ငြိမ်း) တို့ ဖြစ်ကြပါသည်။

ကိုခင်မောင်ရင်မှာမူ အရှေ့ပါကစ္စတန် (ယခု ဘင်္ဂလားဒေ့ရှ်) ဒါကာမြို့ မှ မြန်မာပြည်သို့ ပြန်လာပြီး သူ၏ ဆွေမျိုးညီအစ်ကို မောင်နှမများရှိရာ အင်းလျားလမ်းတွင်မနေဘဲ သူငယ်ချင်းများရှိရာ ဤအခန်းသို့ လာရောက်နေထိုင်ကာ ပန်းချီကားများရေးဆွဲရင်း ရုပ်ရှင် ရိုက်ရန် ကြိုးစားနေချိန်ကာလ ဖြစ်ပါသည်။

ထိုအချိန်က ပန်းချီဆရာ ပေါ်သက်ဦးမှာလည်း မန္တလေးမြို့မှ ရန်ကုန်မြို့သို့ လာရောက်အလုပ်လုပ်ကိုင်နေပြီး (AI) အခန်းမှာပင် စတည်းချ နေထိုင်လျက်ရှိပါသည်။ တနွယ်ငင် တစင်ပါ ဆိုသကဲ့သို့ ပေါ်ဦးနှင့် ပတ်သက်ပြီး မန္တလေးမှ ဘကြီးသက် (ဦးဘသက်)၊ ဦးခင်မောင် (ဘဏ်)၊ ကိုဝင်းဖေ(ပန်းချီဆရာ၊ ရုပ်ရှင် ဒါရိုက်တာ)၊ ဦးအေးမောင် (အလင်းရောင် ဘလောက်) စသည့် ပုဂ္ဂိုလ်များအပြင် လူငယ်များထဲမှ ကိုစိန်မြင့်(ရွှေချည်ထိုး) သည်လည်း ယင်းအခန်းသို့ မကြာခဏ လာရောက်လေ့ရှိပြီး ပန်းချီပြပွဲများတွင် ပါဝင်ပြ သလေ့ ရှိကြပါသည်။ ထိုစဉ်အခါက ကိုစိန်မြင့်မှာ Water Colour(ရေဆေး) အရေးများပါသည်။

ကိုခင်မောင်ရင်၏ ပန်းချီရေးဟန်မှာ အညိုရောင်၊ အမှောင်ရောင်များဖြင့်သာ ရေးဖွဲ့လေ့ရှိပါသည်။ ကိုခင်မောင်ရင်မှာကား ပန်းချီရေးခြင်းထက် ပန်းချီပွဲများဖြစ်မြောက်အောင် စီစဉ်ဆောက်ရွက်ပြီး သူရိုက်ကူးမည့် ရုပ်ရှင်ဇာတ်ကားအတွက် ဇာတ်ညွှန်းရေး၍သာ နေ တော့သည်။

အမှတ်ရ၍ ရယ်စရာ အဖြစ်အပျက်လေးတခုကို ပြောရဦးမည်။ ကိုခင်မောင်ရင်မှာ ရုံးခန်း၏ အပေါ်ထပ်ခိုးလေးပေါ်မှာနေပြီး သူ့အိပ်ရာ နံဘေးတွင် ဓာတ်ပြားကြီး ၁၂ ချပ်ကို ဆက်တိုက်ဖွင့်နိုင်သည့် (Long Play) ရေဒီယိုဂရမ်ကြီးတခု ရှိပါသည်။ ဓာတ်ပြားတချပ်လျှင် မိနစ် ၃၀ မှ ၄၅ မိနစ်ခန့် ဖွင့်ချိန်ကြာမြင့်သဖြင့် (Barouge ခေတ်မှ Romantic ခေတ်အထိ) အနောက်တိုင်း ဂန္တ၀င်ဂီတသံများမှာ နေ့ညမပြတ် အခန်းတွင်း၌ ပျံ့လွင့်လျက်ရှိပါသည်။

ပေါ်ဦးမှာ ပန်းချီရေးစရာမရှိလျှင် လက်ဖက်ရည်ဆိုင်မှာထိုင်ပြီး အပြန်တွင် ကီလီဈေးမှ လျှော်ထုံးတထုံး ၀င်ဝယ်ကာ အခန်းသို့ပြန် ရောက်လျှင် ထပ်ခိုးပေါ်သို့တက်သောတိုင်တွင် ထိုလျှော်ထုံးကို ပူးချည်လိုက်ပြီး ကရာတေးကစားသည့် အင်္ကျီအဖြူ ဘောင်းဘီအဖြူတို့ကို လဲလှယ်ဝတ်ဆင်ကာ ခါးတွင် ခါးပတ်အနက်ကိုဆီး၍ သူ၏ ကရာတေးလေ့ကျင့်ခန်း အကွက်စဉ်များအတိုင်း ထိုလျှော်ထုံးကို လက်သီးဖြင့် စည်းချက်မှန်မှန် ထိုးပါတော့သည်။ ယင်းကဲ့သို့ တိုင်ကိုလက်သီးဖြင့် စည်းချက်မှန်မှန်ထိုးရာမှ ထွက်ပေါ်လာသော “တဒုန်းဒုန်း” အသံတို့သည် အထပ်ခိုးပေါ်၌ ဂီတသံဖြင့်ဖီလင်ယူနေသော ကိုခင်မောင်ရင်ကို တူနှင့်စည်းချက်မှန်မှန် ထုသကဲ့သို့ ဖြစ် နေပြီး ကိုခင်မောင်ရင်မှာ ဂီတဖီလင်များ ပျက်ပြယ်ကုန်သဖြင့် ကရာတေးသမား ပေါ်ဦးနှင့် မကြာခဏ စကားများရပါတော့သည်။

ကိုခင်မောင်ရင်၏ “နှမလက်လျှော့နေလေတော့” ရုပ်ရှင်ဇာတ်ကားသည် အရပ်ကူပါ လူဝိုင်းပါနှင့် ရိုက်ကြရပါသည်။ ကိုခင်မောင်ရင် မှာ ငွေရေးကြေးရေးအတွက် ပန်းချီပြပွဲများ အားသွန်ခွန်စိုက် ပြုလုပ်နေပြီး ပေါ်ဦးကိုလည်း အဆက်မပြတ် ဇွတ်အတင်းရေးခိုင်းကာ နိုင်ငံခြားသံတမန်များနှင့် ပူးပေါင်း၍ ပြပွဲများ အဆက်မပြတ် ပြုလုပ်ပါသည်။ ပေါ်ဦးသည်လည်း ပန်းချီကားများရေးခြင်း၊ ပုံတူပန်းချီကားများ လက်ခံရေးပေးခြင်း ကိစ္စများနှင့် မအားလပ်နိုင်အောင် ဖြစ်နေပါတော့သည်။

ကျနော်တို့အခန်းရှိ စားရေးသောက်ရေးမှာမူ ပူစရာမလိုပါ။ အချိန်တန်လျှင် ကိုအောင်ကြီးမြင့်က စားစရိတ်ငွေ ထုတ်ပေးပြီး ကိုခင်မောင်ရင်က ငါးဆင့်ချိုင့်ဆွဲ ထွက်သွားကာ ၂၄ လမ်းထောင့်ရှိ ဆိုက်ကားပေါ် တက်ထိုင်လိုက်ရုံပါ။ ဆိုက်ကားဆရာ ကိုချိုတွင် ဤအခန်းမှာနေသူများ၏ GPS (လမ်းညွှန်မြေပုံ) ရှိသည်ထင့်။

ကိုချိုသည် ဤအခန်းတွင်နေသော မျက်နှာသိများဆိုလျှင် ဆိုက်ကားခကို ပေးလျှင်ယူ၍ မပေးလျှင်လည်း မယူပါ။ သူ့ကိုအကြောင်းပြု၍ ၂၄ လမ်းထောင့်မှ ဆိုက်ကားဆရာအားလုံးမှာ ကျနော်တို့အပေါ်၌ ငွေရေးကြေးရေးကို အဓိကမထားကြပါ။

တခါတလေ ကိုချိုသည် ဇနီးဖြစ်သူကိုပါ ခေါ်လာပြီး ရုံးခန်းရှိ အ၀တ်အစားများ လျှော်ပေးခြင်း၊ ရုံးသန့်ရှင်းရေး လုပ်ပေးခြင်းတို့ကိုလည်း မကြာခဏ ပြုလုပ်ပေးလေ့ ရှိပါသည်။

ဆိုက်ကားဆရာများသည် စေတနာတွင်သာမကဘဲ သဒ္ဓါတရားပါ ရှိလာကြသဖြင့် မကြာခဏဆိုသလို နိုင်ငံခြားဖြစ် စီးကရက်များ လာ၍ပေးတတ်ကြပါသည်။ ထို စီးကရက်ဘူးများသည် နိုင်ငံခြား သဘောင်္သားများက တခါတရံ ငွေအစားပေး၍ စီးကြသော စီးကရက်များ ဖြစ်ပါသည်။ ထို ဆိုက်ကားဆရာများ၏ ဖောက်သည်ခေါ်သံမှာလည်း ရှင်းသည်။ “ဟလို … မစ္စတာ ကမ်း၊ ၀မ်းမင်း ၀မ်းကျပ်”ဟူ၍ “Short to the point” ဖြစ်ပေသည်။

ကိုခင်မောင်ရင်မှာ နေ့ပိုင်းတွင် ဓာတ်စက်နားထောင်ရင်း ဇာတ်ညွန်းရေး၊ ညနေပိုင်းတွင်မူ ကမ်းနားလမ်းဘက်ရှိ နန်းသီတာဆိုင်၌ ဘီယာသောက်ပြီး မူးလာလျှင် ငိုပါတော့သည်။ တခါတလေ သူ့ကို ဆိုက်ကားဆရာ ကိုချို သို့မဟုတ် တယောက်ယောက်က ကမ်း နား လမ်းကို အသွားအပြန် ပတ်နင်းပေးရသည်။ ထိုအခါ သူက ဇိမ်ရှိရှိဖြင့်ငို၍ အားရတော့မှ အခန်းပေါ် တက်လာပါတော့သည်။ တခါက ရွှန်းမြိုင်(မြို့မ) တယောက် ကိုခင်မောင်ရင်စီးသည့် ဆိုက်ကားနောက်က လိုက်သွားမိ၍ အတော် “ဖု” သွားဖူးပါသည်။

ကိုခင်မောင်ရင် နှမလက်လျှော့ရုပ်ရှင် ရိုက်ပါပြီ။ ဗြိတိသျှဘားမားရုပ်ရှင် ဦးနေ၀င်းက ရုပ်ရှင်စတူဒီယို၊ စက် စသည်များ ကူညီသည်။ ပြင်ပရိုက်ကွင်းများကိုမူ ဦးထွန်းလင်းခြံလမ်းဆုံး နှစ်ထပ်အိမ်ကလေးတွင် အခြေချရိုက်သည်။ အသံဘက်ဆိုင်ရာ တာဝန်ခံမှာ ဦးဖိုးဘီး ဖြစ်၍ ကျနော်နှင့် အတော်ခင်မင်ရင်းနှီးမှု ရှိခဲ့ပါသည်။ ထိုဇာတ်ကား၏ ဇာတ်ဝင်သီချင်း အဆိုရှင်များမှာ ကိုသန်းလှိုင်၊ ဒေါ်တင်တင်မြ၊ ဒေါ်မာမာအေးနှင့် မန္တလေးမြို့မ။ ဇာတ်ဝင်သီချင်း တပုဒ်ဖြစ်သည့် “ပန်းတွေနဲ့ဝေ” ကို သီဆိုသူမှာ ကိုဝင်းဖေ၊ တချို့နေရာများသည် အနောက်တိုင်း ဂန္ထ၀င် ဂီတဓာတ်ပြားများမှ အသံတို့ကို အသုံးပြုခဲ့ပါသည်။ တချို့ အနောက်တိုင်းဂီတနှင့် မြန်မာမှုရောသော ဂီတကိုမူ ကျနော်ပင် တီးပေးခဲ့ပါသည်။

ဤဆောင်းပါးအစ ကျနော့်အား အတိတ်ကို ပြန်လည်ခေါ်ဆောင်သွားခဲ့သည့် မြင်ကွင်းမှာ ခင်မောင်ရင်၏ နှမလက်လျှော့ဇာတ်ကား အဖွင့်မြင်ကွင်းပင် ဖြစ်ပါသည်။ နံနက်ဝေလီဝေလင်း နှင်းတဖွဲဖွဲကျနေချိန် ပဲပြုတ်သည်၏ ဘ၀ဇာတ်ရုပ် နောက်ခံဂီတသံမှာ အနောက် တိုင်း ဥရောပ ဂီတဆရာကြီး J.S Bach ဘက်ခ်ျ၏ “G String” (ခေါ်) တယောသံများဖြင့် ဖွဲ့ထားသည့် (Baroque) ဘာ့ရော့ဂီတဖြစ်သည်။ ဆီးနှင်းမှုန်မှုန် မသဲမကွဲ နံနက်လင်းအရုဏ်၏ မြင်ကွင်း အလင်းအမှောင်၊ ဂီတ၏ အရောင်အသွေးတို့ဖြင့် စက္ခုနှင့် သောတအာရုံကို ညွန်းပြသွားသောအခန်း ဖြစ်ပါသည်။ “ပဲပြုတ်” ဟူသော အသံဖြင့် မြင်ကွင်းကို အဆုံးသတ်သွားသည်။

ကိုခင်မောင်ရင်သည် ထိုမြင်ကွင်းကို ဟိုး…. အဝေးရှိ အရာဝတ္ထုသေးသေးလေးမှာ ကင်မရာရှေ့ ဖြတ်လျှောက်သွားပြီး မြင်ကွင်းဆုံးသွားသည်အထိ ပြပါသည်။ အမှောင်မပြယ်သေးသည့် အရုဏ်ဦး အလင်းမြင်ကွင်းကိုလည်း ဂီတသံဖြင့်ပင် ဖွဲ့၍သွားပါသည်။

ရုပ်ရှင်ကြည့်သော ပရိသတ်မှာ ဇာတ်ကားအမည်က “နှမလက်လျှော့ နေလေတော့” ဇာတ်လိုက်မင်းသားနာမည်က “သိန်းတန်” ဆိုတော့ အားကြိုးမာန်တက် ချီတက်လာကြပြီး ကြည့်ကြကာ ရုပ်ရှင်အပြီး ရုံအပြင်ထွက်လာတော့ ဒေါသကုမ္မာရ မျက်နှာများနှင့်။ တွေ့မရှောင် တွယ်ကြမည့်ပုံနှယ်။ (ဇာတ်လိုက်မင်းသား သိန်းတန်သည် သတင်းစာဆရာကြီး ဂျာနယ်ဦးချစ်မောင်နှင့် ဂျာနယ်ကျော် မမလေးတို့၏ သားတဦး ဖြစ်ပါသည်။ အဆိုတော် တွံတေး သိန်းတန် မဟုတ်ပါ။)

ထိုဇာတ်ကား ရုံတင်ပြသသော သွင်ရုံတ၀ိုက်သို့ ကျနော်နှင့် ကိုဘိုကြီး (ဗိသုကာ၊ ယခု ဆရာတော်ဘုန်းကြီး) တို့ မကြာခဏသွား၍ ချောင်းကြပါသည်။ ကိုဘိုကြီးကပင် “ဟေ့ … စိန်သိမ်း၊ ကျုပ်တို့ကို ခင်မောင်ရင်နဲ့ ပတ်သက်မှုရှိသူတွေမှန်း မသိစေနဲ့နော်”ဟု နောက်ပြောင် ပြောပါသည်။

သို့သော် ထိုဇာတ်ကားကို သုံးသပ်ကြည့်ပါက ဇာတ်ကားအဖွင့် မြင်ကွင်း၌ပင်လျှင် အချိန်၊ ဂီတ၊ အရာဝတ္ထုတို့ကို စုပေါင်းထားခြင်း က Abstract ရုပ်ရှင် ဆန်လှပါပေသည်။ ပန်းချီတွင်မူ ပုံတူမဟုတ်ဘဲ သဏ္ဌာန်မဲ့ Non objective ၊ ဂီတတွင်မူ တေးသွားမဲ့ဂီတများကို ဖော်ညွှန်းသွားတာ ဖြစ်ပါလိမ့်မည်။ ဇာတ်ကား၏ နောက်ဆုံးပိုင်း ဇာတ်သိမ်းတွင်လည်း ကြည့်ပါ။ မောင်သိန်းတန် သေဆုံးသော အခါ ရိုက်ကွင်းသည် နေ၀င်ဆည်းဆာဆီသို့ မောင်သိန်းတန်သည် လက်တဖက်မှ တိုက်ပုံအင်္ကျီကို ပခုံးနောက်သို့ပစ်၍ နေ၀င်ရာ အရပ်သို့ ကင်မရာကျောပေး၍ သွားနေသည့်မြင်ကွင်း၊ နေ၀င်ချိန်နှင့် သူ့ဘ၀သည် ထပ်တူထပ်မျှ ဘ၀တူဖြစ်စဉ်ကိုပြသော အခန်းဖြစ်ပြီး နောက်ခံဂီတမှာ ရုရှားဂီတ စန္ဒရားပညာရှင်ကြီး ရဂ်မာနီနော့ဗ် (Rachmaninoff) ၏ Piano Concerto No.2, C Minor မှ 1st Movement ဖြစ်ပါသည်။ ထိုဂီတမှာ ဂီတသံစုံ၏ အနိမ့်ဆုံးအပိုင်းကို အလေးထားဖွဲ့နွဲ့သော Composition ဖြစ်၍ နေ၀င် ဆည်းဆာချိန် သိန်းတန်၏ ဘ၀နိဂုံးကို ဂီတသံ “အမှောင်ရောင်” ဖြင့် စုပေါင်း၍ တင်ပြသွားသည်ဟု ပြော၍ရပါသည်။ သို့သော် ယခုအချိန် ကိုခင်မောင်ရင်ကို သွားမေးကြည့်ပါက ဖြေလိမ့်မည်မဟုတ်။ “လုပ်ချင်၍ လုပ်တာ” ဟုသာ ပြောမည်ထင်ပါသည်။

အနုပညာရပ်များသည် လူ၏စိတ်ခံစားမှုပေါ်တွင် မူတည်၍ ပြောင်းလဲတတ်ပါသည်။ ဆိုဗီယက်ရုရှား၏ ခေါင်းဆောင်ကြီး လီနင်က ဤသို့ပြောသွားပါသည်။

“ပြင်းထန်ခက်ခဲသည့် ပြည်တွင်းစစ် ကာလများတုန်းက လီနင်သည် ဘီသိုဗင်၏ ဆိုနားတားတပုဒ်ကို တီးနေသည့် အီဆာဒါဗရိုဗိန်း ၏ စန္ဒရားလက်သံကို နားထောင်ရင်း ဂေါ်ကီကို ပြောဖူးပါသည်။ ကျနော်ကတော့ အပါဆီဆိုနားတားလောက်ပဲ အရသာခံတတ် တာပါဗျာ။ ဒီ့ထက်ပိုပြီး နားမလည်ပါဘူး။ အဲဒီတေးသွားကိုတော့ နေ့တိုင်း နားထောင်လို့ရတယ်။ တော်တော်အံ့သြစရာကောင်းတဲ့ သီချင်းပဲဗျာ။ လူကဖန်တီးတဲ့ဂီတမှ ဟုတ်ပါရဲ့လားလို့တောင် အောက်မေ့မိတယ်။ အဲဒီသီချင်း နားထောင်ရင်း အမြဲတမ်း ပီတိဖြစ် နေတာပဲ။ နားလည်လို့ ဂုဏ်ယူတာမျိုးတော့ မဟုတ်ပါဘူးပေါ့ဗျာ။ လူပြိန်းဂုဏ်ယူနည်းမျိုးပေါ့။ လူဟာ တော်တော်ဆန်းကျယ်တဲ့ အရာ တွေကို ဖန်တီးနိုင်ပါကလားလို့တွေးပြီး ဂုဏ်ယူမိတာမျိုးပေါ့”(မြသန်းတင့်၊ လူများ၊ သက္ကရာဇ်များ၊ ဘ၀ (၁၈၉၁-၁၉၁၇)၊ စာမျက်နှာ ၉၂ မှ)

ယခု ကျနော် ရေးပြနေသော ဘီသိုဗင်မှာ စန္ဒရား (Piano Sonata) (၃၂ ပုဒ်) ရှိသည်။ ယင်း ၃၂ ပုဒ်ထဲမှ အတော်များများသည် နာမည်ကြီးပါသည်။ ဥပမာ – Moonlight Sonata ၊ ယခု Sonata No.23 (Appassionata) နှင့် Sonata No.21 (Waldstein) ဆိုသော စန္ဒရားနှစ်ပုဒ်မှာ အမျိုးတူ အမှောင်ရောင်ဟု သတ်မှတ်ကြပါသည်။ ထို Sonata No.21 ၏ ခံစားချက်မှာ ဂီတအစတွင် စန္ဒရား၏ ဘယ်ဘက်မှ အသံနှစ်သံမှာ လျှပ်စီးလက်သောအရောင်ကို ဥပမာပြုထားသည်ဟု ဆိုပါသည်။ ထို့ကြောင့် ပန်းချီ၊ ဂီတ၊ ပန်းပု အစရှိသည့် ပညာရပ်များကို ဖော်ကျူးရာတွင် အရာဝတ္ထုတခု ဖြစ်သော်လည်း အသက်ဝင်သွားအောင် အသက်သွင်းနိုင်ရန်အဖို့မှာ အနုပညာပေါ် ခံစားမှုက အဓိကကျလှပါသည်။

ကိုခင်မောင်ရင်၏ ၁၉၆၅ ခုနှစ်တ၀ိုက်တွင် ဖန်တီးသည့် သူ့အနုပညာ ခံစားမှုများမှာ အမှောင်ရောင်ကဲသည်ဟု ထင်ပါသည်။ သို့ရာတွင် ၁၉၉၅ ခုနှစ်နောက်ပိုင်း ဖြစ်ပါလိမ့်မည်။ ကိုခင်မောင်ရင်တွင် ဦးနှောက်သွေးကျိတ်ရောဂါဖြစ်၍ ဆေးရုံတွင် ၃ လခန့်မျှတက်၍ ကုသရပါသည်။ ထို့နောက် ကိုခင်မောင်ရင် ပြန်လည်နေကောင်းလာပြီး ပန်းချီကားများ ပြန်လည်ရေးဆွဲလာပါသည်။ မိတ်ဆွေတယောက်က “ဆရာသိမ်း၊ ဦးခင်မောင်ရင် ပန်းချီပြပွဲမှာ ကူပြီး စန္ဒရားတီးပေးပါဦး” ဟု ဆိုလာသဖြင့် ကျနော်လည်း ကိုခင်မောင်ရင်၏ ကျန်းမာလာခြင်းနှင့် ပန်းချီ ပြန်လည်ရေးသားမှုကို ဂုဏ်ပြုသည့်အနေဖြင့် ကျနော် တီးပေးပါမည်ဟု တာဝန်ယူ လိုက်ပါသည်။

ပြပွဲ၌ ကိုခင်မောင်ရင်၏ ပန်းချီကားများ မြင်သောအခါ အလင်းရောင်ပန်းချီကားများ ဖြစ်နေသည်ကို တွေ့လိုက်ရပါသည်။ ကျနော့်မှာ ယခင်ကကဲ့သို့ ပန်းချီကားများမှာ အမှောင်ရောင်များ ဖြစ်မည်ထင်ပြီး ကြိုတင်စီစဉ်ထားသည့် အထက်ဖော်ပြပါ ဘီသိုဗင်၏ Sonata No.21, 23 အမှောင်ရောင်များအစား၊ အလင်းဂီတကို စိတ်တွင် အလျင်အမြန်ရှာဖွေကာ နောက်ဆုံး Rachmaninoff ၏ Rhapsody, Them of Paganini စသည့် ဂီတသံတို့ဖြင့် ပြောင်းလဲတီးခတ် ဂုဏ်ပြုလိုက်ရပါတော့သည်။ ။

၂၀၁၄ ခုနှစ် ဇွန်လ ၁၀ ရက်က ကွယ်လွန်သွားခဲ့သော ဗိသုကာ ပညာရှင် ပန်းချီ ခင်မောင်ရင် ကွယ်လွန်ခြင်း တနှစ်ပြည့် အမှတ် တရ အနေနှင့် ဤဆောင်းပါးကို ဖော်ပြပါသည်။ မြို့မ စန္ဒရားသိမ်းမောင် ရေးသည့် မဟာဂန္ထ၀င် စန္ဒရားဆရာ၏ ဘ၀မှန်ကူကွက်များ စာအုပ်မှ စာရေးသူ၏ ခွင့်ပြုချက်ဖြင့် ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။

The post ခင်မောင်ရင် နှင့် နှမလက်လျှော့ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...