ကွယ်လွန်သူ ကမ္ဘာကျော်အဆိုတော် မိုက်ကယ်ဂျက်ဆင်က ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေကို တဖန်ပြန်လည်ဖော်ထုတ်ထားတဲ့ Leaving Neverland မှတ်တမ်းရုပ်ရှင်ကြောင့် ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီဖြစ်တဲ့ Louis Vuitton က သူတို့အသစ်ထုတ်မယ့် အကျီဒီဇိုင်းတွေထဲကနေ မိုက်ကယ်ဂျက်ဆင် ဒီဇိုင်းတွေကို ပုံစံယူထားတဲ့အင်္ကျီတွေကို ဖယ်ရှားလိုက်ပြီဖြစ်တယ်လို့ မတ်လ ၁၄ ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။
အဲဒီ့ Brand ရဲ့ နွေဦးရာသီဝတ် အဝတ်အစားဒီဇိုင်းကို အမေရိကန်ဒီဇိုင်နာ Virgil Abloh က ရေးဆွဲပေးထားတာဖြစ်ပြီး မိုက်ကယ်ဂျက်ဆင်ရဲ့ ထူးခြားပြောင်မြောက်တဲ့ ကျွမ်းကျင်ပိုင်နိုင်မှုကို ဂုဏ်ပြုထားတာ ဖြစ်တယ်လို့ဆိုပါတယ်။
အဲဒီ့ဖက်ရှင်ဒီဇိုင်းတွေကို ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ပြုလုပ်ခဲ့တဲ့ ပဲရစ်ဖက်ရှင်ရက်သတ္တပတ်မှာ Billie Jean ဗီဒီယိုထဲက ပုံစံတွေကို တုပပြီး ပြသခဲ့တာဖြစ်ပါတယ်။ ဖက်ရှင်လောကရဲ့ အတောက်ပဆုံးစတားတယောက် ဖြစ်တဲ့ Abloh ကတော့ အဲဒီ့ရှိုးပွဲမှာ မိုက်ကယ့်ကို ဂုဏ်ပြုတဲ့စာအရှည်ကြီးကို ရေးသားခဲ့ပြီး သူ့ရဲ့ Follower ၃ ဒဿမ ၄ သန်းရှိတဲ့ Instagram အကောင့်မှာလည်း မိုက်ကယ့်အကြောင်း ကဗျာတပုဒ်ကို တင်ခဲ့ပါတယ်။
သူက မိုက်ကယ်ဟာ စကြဝဠာနဲ့ ချီတဲ့ အံ့ချီးဖွယ်ရာ အဆိုတော်တယောက်ဖြစ်ပြီး ကမ္ဘာပေါ်က လူတိုင်းဟာ သူ့အတိုင်း ပုံစံတူကူးယူနိုင်ပါတယ်လို့ ဆိုထားပါတယ်။ ဒါပေမယ့် ကမ္ဘာ့အချမ်းသာဆုံး Brand ဖြစ်တဲ့ Louis Vuitton ကတော့ မိုက်ကယ်ဂျက်ဆင်ရဲ့ ပုံစံတွေကို တိုက်ရိုက်ဖော်ပြမယ့် အဝတ်အစား ဒီဇိုင်းစုစည်းမှု တွေကို ထုတ်လုပ်မှာမဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။
Abloh က “ဒီမှတ်တမ်းရုပ်ရှင်ကြောင့် စိတ်ခံစားချက်ပိုင်း ဆိုင်ရာ တုံ့ပြန်မှုတွေဖြစ်လာနိုင်တယ်လို့ သတိထားမိပါတယ်။ လူ့အခွင့်အရေးကို ဆန့်ကျင်ပြီး ချိုးဖောက်မှုတွေ၊ အကြမ်းဖက်မှုတွေနဲ့ ကလေးဆိုင်အရာ အလွဲသုံးစားလုပ်တဲ့ ဘယ်ပုံစံကိုမဆို ပြင်းပြင်ထန်ထန်ရှုတ်ချပါတယ်” လို့ ဆိုထားပါတယ်။
အခု ဖယ်ရှားလိုက်တဲ့ အဝတ်အစားဒီဇိုင်းတွေထဲမှာ မိုက်ကယ်ရဲ့ ကမ္ဘာကျော် တောက်ပတဲ့ လက်အိတ်နဲ့ ဂန္တဝင်ဦးထုပ်ဒီဇိုင်းတွေလည်း ပါဝင်ပါတယ်။
Ref:asiaone
The post ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီ Louis Vuitton က မိုက်ကယ်ဂျက်ဆင် ဒီဇိုင်းပုံစံ အင်္ကျီများကို ဖယ်ရှား appeared first on ဧရာဝတီ.