ခေတ်အနေအထားတွေပြောင်းလဲလာတာနဲ့အမျှ ဂီတရေစီးကြောင်းအရလည်း ပြောင်းလဲလာခဲ့ပေမယ့် ပြောင်းလဲလာတဲ့ ခေတ်အနောက်မလိုက်ဘဲ လုပ်နေကျဂီတဖန်တီးမှုအတိုင်းပဲလုပ်ဖြစ်တယ်လို့ အဆိုတော်အနဂ္ဂက ပြောပါတယ်။
“ကျနော်တို့က ခေတ်ရဲ့ပုံစံ လက်ရှိ Trend ကိုတော့ အဲဒီလောက်ကြီးတော့ Follow မလုပ်ဘူး။ နားမထောင်တာ တော့မဟုတ်ဘူး။ ကျနော်တို့မလုပ်တာ။ လုပ်နေတဲ့သူတွေကိုလည်း ဘာမှမပြောဘူး။ ကျနော်တို့ပုံစံနဲ့ ကျနော်တို့လုပ်တာပါ” လို့ အဆိုတော်အနဂ္ဂက ပြောပါတယ်။
Acid အဖွဲ့အနေနဲ့လည်း သီချင်း ၁ပုဒ်ထွက်လာဖို့ရှိပြီး ယခင်က သူတို့အဖွဲ့သီဆိုခဲ့တဲ့ “တယောက်တမျိုး” ဆိုတဲ့သီချင်းကို ပြန်လည်ပြောင်းလဲသီဆိုထားတာဖြစ်တယ်လို့ သိရပါတယ်။
“တယောက်တမျိုးပါ သီချင်းနာမည်ကတော့။ ပထမတုန်းက ဟိန်းဇော်ဆိုထားတာပါ။ အဲဒါကိုဖြုတ်ပြီးတော့ ဇေယျာသော်ဝင်ဆိုတဲ့ သဘောပါ။ ဒါပေမယ့် အဲဒီတုန်းက တီးလုံးနဲ့အခုတီးလုံးမတူတော့ပါဘူး။ အခုက အသစ်လုံးဝလုပ်လိုက်တာပါ။ အခွေဒီဇိုင်းမပြီးတာရော ထုတ်မယ့်အချိန်တွေက နည်းနည်းလေး အခက်အခဲဖြစ်တယ်။ ထုတ်ချင်တဲ့ပုံစံနဲ့ Product တွေကအတိအကျမဖြစ်တော့ ကြာသွားတာ။ အခုတော့အဆင်သင့်ဖြစ်ပြီဆိုတော့ အချိန်ကိုပြန်ရွေးနေပါတယ်” လို့ အဆိုတော်အနဂ္ဂက ပြောပါတယ်။
Acid အဖွဲ့အနေနဲ့ သီချင်းမထွက်တာ ဆယ်စုနှစ်တခုထက်ပိုပြီးကြာမြင့်နေခဲ့ပြီး ဒီနှစ်ထဲမှာတော့ အနည်းဆုံး ၂ပုဒ်ခန့်ထွက်နိုင်အောင် ပြင်ဆင်ထားတယ်လို့ သိရပါတယ်။
“သီချင်းတွေက ထပ်လာဖို့ရှိတယ်။ မနှစ်ကတိုင်ပင်ထားတာဆိုရင် အနည်းဆုံး ၂ပုဒ်လောက်ထွက်ဖို့ပြင်ဆင်ထားတာ ဒီနှစ်တော့ ထွက်နိုင်အောင်လုပ်မှာပါ။ အခွေက ကျနော်တယောက်တည်း အနေနဲ့ဆိုရင် ၁၀နှစ်နီးပါးရှိပါပြီ။ Acid အနေနဲ့ဆိုရင်လည်း တော်တော်ကြာသွားပါပြီ” လို့ အဆိုတော်အနဂ္ဂက ပြောပါတယ်။
အနဂ္ဂအနေနဲ့လည်း သူတဦးတည်း သီချင်းခွေအသစ်တာဟာ ၁၀နှစ်နီးပါးကြာမြင့်ခဲ့ပြီး ဖြစ်ပြီး ယခင်ကအခွေလုပ်ခဲ့ပေယ့် စိတ်တိုင်းမကျတာကြောင့်ပြန်လည်ပြင်ဆင်ကာ ယခုနှစ်မှာ ထွက်နိုင်အောင် ကြိုးစားသွားမယ်လို့ သိရပါတယ်။
“သီချင်းတွေကတော့ အသစ်ပြန်လုပ်ရမယ့်သဘောပါ။ ရှိသားပြီးတဲ့အဟောင်းတွေကိုတော့ တော်တော်များ ပယ်ချလိုက်တယ်။ ကျနော့်အခွေကလည်း ၂၀၁၀ ၊ ၁၁လောက်မှာပြီးနေပြီ။ ဒါပေမယ့် အခုခေတ်အနေအထား နဲ့စာသားတွေထဲက တချို့သဘောမကျတာတွေကို ပြန်ဖျက်လိုက်တယ်။ အဲဒီထဲကမှ ၂ပုဒ် ၊ ၃ပုဒ်လောက်ပဲပြန်ရတော့ တခွေလုံးပြန်လုပ်ဖို့ ဒီနှစ်ကြိုးစားမှာပါ။ ရန်ရန်ချန်းအရင်ထွက်ပြီးမှ ကျနော်ထွက်လိမ့်မယ်။ ကျနော်တို့တိုင်ပင်ထားပြီးသားပါ” လို့ အဆိုတော်အနဂ္ဂက ပြောပါတယ်။
အနဂ္ဂကတော့ ယခုလက်ရှိတွင် ချစ်စရာကောင်းတဲ့သမီးတယောက်နဲ့အတူ ပျော်ရွှင်တဲ့မိသားစုကို ပိုင်ဆိုင်ထားပြီး ဂီတဖန်တီးမှုများကိုလည်း အချိန်ရရင်ရသလို ဖန်တီးနေတယ်လို့ သိရပါတယ်။
The post “ဂီတကို ခေတ်ရေစီးကြောင်းနောက်မလိုက်ဘဲ လုပ်နေကျပုံစံအတိုင်းပဲ ကျနော်တို့ လုပ်တယ်” appeared first on ဧရာဝတီ.