လတ်တလော ဆိုရှယ် မီဒီယာတွေပေါ်မှာ လိင်ပိုင်းဆိုင်ရာ အရှုပ်တော်ပုံနဲ့ လူပြောများနေတဲ့ ကိုရီးယား အဆိုတော် Jung Joon Young ကတော့ ထောင်ဒဏ် ၇ နှစ်နဲ့ ၆ လ ကျခံနိုင်ဖွယ် ရှိတယ်လို့ ဆိုပါတယ်။ အဆိုတော် Jung ဟာ လက်ရှိမှာတော့ စကားပြောခန်း (Chatroom) ထဲမှာ လျှို့ဝှက်ကင်မရာနဲ့ ရိုက်ကူးထားတဲ့ လိင်ပိုင်းဆိုင်ရာ ဗီဒီယိုတွေ ရိုက်ကူးမှုနဲ့ ဖြန့်ချိမှုတွေနဲ့ ဆက်စပ်ပြီးတော့ တရားစွဲခံထားရတာဖြစ်ပါတယ်။
အဲဒီ Chatroom ထဲမှာ အခြားအမျိုးသား နာမည်ကျော်ကြားသူတွေ၊ CEO တွေ၊ နာမည်ကျော်ကြားသူ မဟုတ်တဲ့ သူငယ်ချင်းတွေ ပါဝင်ကြပြီး သူတို့တွေ အားလုံးဟာ တရားမဝင် ပြည့်တန်ဆာလုပ်ငန်းနဲ့ ဆက်နွယ်နေသူတွေ၊ ဥပဒေစိုးမိုးရေး လုပ်ဆောင်တဲ့ အရာရှိတွေကို လာဘ်ထိုးခဲ့သူတွေ အပါအဝင် အခြား တရားမဝင် လုပ်ငန်းတွေ လုပ်ကိုင်နေသူတွေ ပါဝင်နေကြတာပါ။
မတ်လ ၁၈ ရက်နေ့တုန်းကတော့ “Section TV” မှာ ရှေ့နေ Oh Soo Jin က အခု ကိုရီးယားမှာ တော်တော်လေး လူပြောများနေတဲ့ လိင်ပိုင်းဆိုင်ရာ အရှုပ်တော်ပုံထဲမှ အဓိကကျသူ အဆိုတော် Jung အတွက် ပြစ်ဒဏ်အကြောင်းကို ပြောဆိုပေးခဲ့ပါတယ်။
သူ့ရဲ့ အဆိုအရ လျှို့ဝှက်ကင်မရာနဲ့ တရားမဝင် ရိုက်ကူးပြီး ဗီဒီယိုတွေကို မျှဝေမှုဟာ အဆိုတော် Jung က ပြည့်တန်ဆာတွေနဲ့ ပတ်သက်မှုနဲ့ အတူ တပေါင်း တစည်းတည်း စစ်ဆေးခံနေရာ ဖြစ်တယ်လို့ သိရပါတယ်။
ရှေ့နေ Oh ရဲ့ ပြောဆိုချက်ထဲမှာတော့ လိင်ပိုင်းဆိုင်ရာ မတော်မတရား ပြုကျင့်မှုအတွက် အများဆုံး ထောင်ဒဏ်ဟာ ငါးနှစ်ဖြစ်ပြီး ပြည့်တန်ဆာတွေနဲ့ ပတ်သက် ဆက်နွယ်မှုကိုပါ ထပ်ပေါင်းမယ်ဆိုရင် အဆိုတော် Jung ဟာ ထောင်ဒဏ် ၇ နှစ်နဲ့ ၆ လ ကျခံနိုင်ဖွယ် ရှိတယ်လို့ တွေ့ရပါတယ်။
မတ်လ ၁၈ ရက်နေ့တုန်းကတော့ ရဲတပ်ဖွဲ့က အဆိုတော် Jung ကို ဖမ်းဝရမ်းထုတ်ဖို့ တောင်းဆိုထားပါတယ်။ Edaily မီဒီယာရဲ့ သတင်းပေးပို့ချက် တခုမှာတော့ အဆိုတော် Jung ရဲ့ ပဲရစ်မြို့မှာ ရှိတဲ့ ကိုရီးယား စားသောက်ဆိုင် Maison de Corée ဟာ အခုလိုမျိုး ရာဇဝတ်မှုဆိုင်ရာ စွဲချက်တွေနဲ့ ရင်ဆိုင်နေရတဲ့ ကိစ္စတွေ ဖြစ်ပြီးနောက်ပိုင်း ဖွင့်တော့မှာမဟုတ်ဘူးလို့ဆိုပါတယ်။ အဲဒီ့ဆိုင်ကို အဆိုတော် Jung က ၅၀ ရာခိုင်နှုန်း ပိုင်ဆိုင်တာ ဖြစ်ပါတယ်။
အဲဒီ အစီအစဉ်မှာ ပါဝင်ခဲ့သူတဦးက “အောက်တိုဘာလ ၁၉ ရက်နေ့ကနေ နိုဝင်ဘာလ ၁၇ ရက်နေ့အထိ ပွဲတခုပြီးခဲ့တဲ့နောက် အစားအသောက်နဲ့ စားသောက်ဆိုင် စီးပွားရေး လုပ်ငန်းမှာ အဆိုတော် Jung နဲ့ အကျိုးစီးပွား မျှဝေထားတဲ့ ကျွမ်းကျင်သူတွေအားလုံးဟာ ကိုရီးယားကို ပြန်လာကြပြီ ဖြစ်ပြီး အခု ရာဇဝတ်မှုတွေနဲ့ ဆက်နွယ်မှုမရှိကြောင်း” ပြောဆိုထားပါတယ်။
အခုလက်ရှိအထိတော့ အဆိုတော် Jung ဟာ ရဲတပ်ဖွဲ့စစ်ဆေးမှုကို နှစ်ကြိမ်ခံယူခဲ့ပြီး သူရဲ့ အိမ်နဲ့ ကားကိုလည်း ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်း ရှာဖွေခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီ့ ရှာဖွေမှုတွေအတွင်းမှာ အမှုကို ခိုင်မာအောင် တည်ဆောက်နိုင်မယ့် သက်သေတွေကို ပိုပြီး ရှာတွေ့ခဲ့တယ်လို့ ဆိုပါတယ်။
Ref : Soompi
The post အဆိုတော် Jung Joon Young ထောင်ဒဏ် ၇ နှစ်နဲ့ ၆ လ ကျခံရဖွယ် ရှိနေ appeared first on ဧရာဝတီ.