JTBC ရုပ်သံလိုင်းကနေ ထုတ်လွှင့်ပြသမယ့် Advisor ဇာတ်လမ်းတွဲမှာ မင်းသား လီဂျွန်ဂျယ်နဲ့အတူ သရုပ် ဆောင်မယ့် အမျိုးသမီး သရုပ်ဆောင်နေရာမှာ မင်းသမီး ရှင်မင်းအာ ပါဝင်ဖို့ အတည်ပြုလိုက်ပါပြီ။ ဇန်နဝါရီလတုန်းက မင်းသားနေရာမှာ ၁၀ နှစ်ကြာ ဇာတ်လမ်းတွဲတွေနဲ့ ကင်းကွာနေတဲ့ လီဂျွန်ဂျယ်ကို ကမ်းလှမ်းခဲ့ကြပြီး သရုပ်ဆောင်ဖို့ လက်ခံခဲ့ပါတယ်။
ဇာတ်လမ်းတွဲ အကျဉ်းချုပ်ကတော့ နိုင်ငံရေးသမားတွေအကြောင်းကို ရိုက်ကူးသွားမှာဖြစ်ပြီး အာဏာရဖို့ အတွက် နောက်ကွယ်ကနေ အမြတ်ထုတ် ကြိုးကိုင်နေတဲ့ အဖွဲ့အစည်းတွေကို မီးမောင်းထိုးပြမယ့် ဇာတ်လမ်းမျိုးပါ။ မင်းသား လီဂျွန်ဂျယ်ကတော့ အာဏာအမြင့်ဆုံး အကြံပေး ဂျန်တေဂျွန်းအဖြစ် သရုပ်ဆောင်သွားမှာပါ။
မင်းသမီး ရှင်မင်းအာကတော့ အမျိုးသမီး နိုင်ငံရေးသမား တဦးအနေနဲ့ ရေးရိုးစွဲနေတဲ့ အာဏာရရေး အမြတ်ထုတ်မှုတွေကို တိုက်ဖျက်သွားမယ့် ဂန်ဆွန်ယောင်းအဖြစ် သရုပ်ဆောင်မှာပါ။ ဂန်ဆွန်ယောင်း (မင်းသမီး ရှင်မင်းအာ) ဟာ ထက်မြက်တဲ့ရှေ့နေတယောက်ဖြစ်ပြီး ရုပ်သံအစီအစဉ်တွေမှာ တင်ဆက်သူတယောက်အဖြစ် အောင်မြင်နေသူပါ။
သူမကို ပါတီကနေ အသစ်ရွေးချယ်ခံ ကော်မတီအဖွဲ့ဝင်အဖြစ် ရွေးချယ်လိုက်ပြီးနောက် အမျိုးသမီး အများစုရဲ့ အားပေးမှုထောက်ခံမှုကို ရရှိခဲ့သူ နိုင်ငံရေးသမားတဦးအဖြစ် မြင်တွေ့ရမှာပါ။
မင်းသမီး ရှင်မင်းအာကလည်း ၂၀၁၇ ခုနှစ်၊ TvN က ထုတ်လွှင့်ပြသခဲ့တဲ့ “Tomorrow With You” ဇာတ်လမ်းတွဲ ပြီးကတည်း ပရိသတ်တွေနဲ့ ဝေးကွာနေခဲ့သူပါ။ ဇာတ်လမ်းတွဲတွေကနေ ဝေးကွာနေသူနှစ်ယောက်ဖြစ်သလို၊ ကိုရီးယားနိုင်ငံရဲ့ ထိတ်ထိတ်ကြဲ သရုပ်ဆောင်နှစ်ယောက်ရဲ့ အားပြိုင်မှုဖြစ်တာကြောင့် ဒီဇာတ်လမ်းတွဲဟာ ပရိသတ် စိတ်ဝင်စားမှု အရှိန်မြင့်လိမ့်မယ်လို့ ထုတ်လုပ်သူတွေက မျှော်လင့်ထားကြပါတယ်။
ရှင်မင်းအာက နှစ်လိုဖွယ်အပြုံးကို ပိုင်ဆိုင်ထားသလို ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိတဲ့ သူမရဲ့ပုံရိပ်တွေက ဒီဇာတ်လမ်းတွဲနဲ့ အကိုက်ညီဆုံးဖြစ်ပြီး မြင်နေကျ မဟုတ်တဲ့ ပုံစံမျိုးနဲ့လည်း အပြောင်းအလဲ လုပ်ထားတယ်လို့ ထုတ်လုပ်သူတွေက ဆိုပါတယ်။
၂၀၁၇ နဲ့ ၂၀၁၈ မှာ ရုပ်ရှင်ချစ်သူတွေကြား ရေပန်းစားခဲ့ “Along with the Gods” ရုပ်ရှင်တွေမှာ သေမင်း King Yeomra အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသား လီဂျွန်ဂျယ်ကလည်း ဒီဇာတ်လမ်းတွဲမှာ အာဏာအရှိဆုံး နိုင်ငံရေးသမား တယောက်ပုံစံနဲ့ ဘယ်လိုမြင်တွေ့ရမလဲဆိုတာ ပရိသတ်တွေကတော့ မျှော်လင့်နေကြပါပြီ။ Advisor ဇာတ်လမ်းတွဲကို JTBC ရုပ်သံလိုင်းကနေ မေလလောက်မှာ ပြသဖို့ စီစဉ်ထားပါတယ်။
Ref: Soompi
The post Advisor ဇာတ်လမ်းတွဲမှာ လီဂျွန်ဂျယ်နဲ့ အတူ အပြိုင် သရုပ်ဆောင်မယ့် ရှင်မင်းအာ appeared first on ဧရာဝတီ.