“ဥပါယ်တံမျဉ်” ရုပ်ရှင်ကားကြီးမှာ ဗီလိန်အဖြစ် “ကိုသိန်းစိုး” ကာရိုက်တာနဲ့ ပရိသတ်ရဲ့အားပေးမှုကို ရရှိခဲ့တဲ့ သရုပ်ဆောင် အောင်မြင့်မြတ်ကတော့ ယခုနှစ်အတွက် အကယ်ဒမီ ဆန်ခါတင် စာရင်းထဲမှာလည်း ပါဝင်နေတဲ့အတွက် သူ့ရဲ့ရင်ခုန်သံတွေနဲ့ ပတ်သက်ပြီး ဧရာဝတီကို အခုလိုပဲ ပြောပြခဲ့ပါတယ်။
“အကယ်ဒမီကတော့ နှစ်တိုင်း ထူးခြားနေတာပဲ။ ပရိသတ်ထင်တဲ့သူတွေ ရလိုက်၊ မထင်တဲ့သူတွေ ရလိုက် ဖြစ်နေတာဆိုတော့ နှစ်တိုင်းကတော့ ထူးခြားနေတာပဲ။ ဒီနှစ်ထဲမှာက ဇာတ်ကားတွေပေါ့။ နောက်တဆင့်ကို ရောက်သွားတဲ့ကားတွေနဲ့ နောက်တဆင့်ကို ကူးဖို့ ကြိုးစားနေတဲ့ကားတွေ ပါလာတယ်။ နောက်နှစ်တွေတော့ ပိုထူးခြားတာပေါ့။ အကယ်ဒမီတော့ တက်ဖြစ်မှာပါ” လို့ အောင်မြင့်မြတ်က ပြောပါတယ်။
“ဥပါယ်တံမျဉ်”ရုပ်ရှင်မှာ ကိုသိန်းစိုး ကာရိုက်တာအဖြစ် ပရိသတ်များက အသိအမှတ်ပြုပြီး ပရိသတ်လက်ခံတဲ့ သရုပ်ဆောင်တယောက် ဖြစ်လာပြီးတဲ့နောက် အကယ်ဒမီ ရရှိလာရင်ကော ဘဝမှာ အပြောင်းအလဲ ထပ်မံ ဖြစ်လာဦးမလားဆိုတဲ့ အမေးကိုလည်း အောင်မြင့်မြတ်က အခုလိုပဲ ဖြေပါတယ်။
“အပြောင်းအလဲဆိုတာထက် ဆန်ခါတင် ၂၅ ကားထဲ ပါသွားတဲ့ အနုပညာရှင်၊ အတတ်ပညာရှင်တွေလည်း ရင်ခုန်နေကြတာပါပဲ။ ဘာဖြစ်လာမလဲဆိုတာတော့ မသိဘူး။ အရမ်းကြီးတော့ မစဉ်းစားထားဘူး။ လုပ်စရာရှိတာတွေပဲ လုပ်ဖြစ်နေတယ်” လို့ အောင်မြင့်မြတ်က ဆိုပါတယ်။
ဒါ့အပြင် ယခုနှစ်မှာတော့ ရုပ်ရှင်လောကအတွက် ထူးခြားစွာဖြင့် Star Awards ဆိုတဲ့ ဆုချီးမြှင့်ပွဲကြီးတခု ပေါ်ပေါက်လာခဲ့တဲ့အပေါ်မှာလည်း သရုပ်ဆောင်အသစ်တယောက်ရဲ့ အမြင်ကို အခုလို ဆိုပါတယ်။
“ဖြစ်သင့်တာပေါ့နော်။ ၁ ဆုတည်း ပေးနေတာထက် တခြားအဖွဲ့အစည်းတွေကနေ အသိအမှတ်ပြုတဲ့ဆုကတော့ နိုင်ငံတကာမှာလည်း ရှိတယ်။ ကျနော်တို့ နိုင်ငံမှာလည်း ရှိတယ်။ ဂီတဘက်မှာဆို အစောကြီးကတည်းကရှိခဲ့တာ။ စာပေဘက်မှာလည်း ရှိတယ်”
“ကျနော်တို့ ရုပ်ရှင်အနုပညာဘက်မှာသာ အကယ်ဒမီဆုပေးပွဲဆိုတဲ့ နိုင်ငံတော်အဆင့် ရှိနေတာ။ အခုလိုဆုတွေ ရှိလာတာ ပိုကောင်းတယ်။ တဖက်တည်းကြည့်တာထက် ဘက်ပေါင်းစုံကကြည့်တော့ ပိုကောင်းတာပေါ့။ ဘယ်ဆုပဲ ပေါ်လာပေါ်လာ ကျနော်တို့ အနုပညာရှင်တွေဆီ ရောက်လာမှာဆိုတော့ ကောင်းပါတယ်” လို့ အောင်မြင့်မြတ်က ပြောပါတယ်။
အောင်မြင့်မြတ်ကတော့ “ဥပါယ်တံမျဉ်” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပရိသတ်အားပေးမှုရရှိပြီးနောက်ပိုင်းမှာတော့ ဇာတ်လမ်းတွဲ ရိုက်ကူးမှုများနဲ့ တခြားသောရုပ်ရှင်ဇာတ်ကားရိုက်ကူးမှုများစွာလည်း ရိုက်ကူးနေတာကိုတွေ့ရပါတယ်။
ဇာတ်လမ်းများရိုက်ကူးဖို့အတွက် လက်ခံတဲ့အခါမှာ ဘယ်လိုရွေးချယ်ဖြစ်လဲဆိုတာကိုတော့ “အဓိကကတော့ ကျနော့်ကိုဆက်သွယ်ရင် ဇာတ်လမ်းဇာတ်ညွှန်းကို အရင်တောင်းဖြစ်တယ်။ အဲဒါကိုကြည့်ပြီးတော့မှ ကိုယ့်အတွက် ဘယ်လောက်အဆင်ပြေမလဲဆိုတာကို ဒါရိုက်တာနဲ့တိုင်ပင်ပြီးတော့ လုပ်ဖြစ်တယ်” လို့ အောင်မြင့်မြတ် ကပြောပါတယ်။
အောင်မြင့်မြတ်ကတော့ မတ်လ ၂၇ရက်နေ့မှာ ကျရောက်မယ့် တပ်မတော်နေ့အတွက် ရိုက်ကူးထားတဲ့ “နာရီ ၁၁၀” ဆိုတဲ့ ဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်ထားပြီး ထုတ်လွှတ်ပြသတော့မှာဖြစ်တယ်လို့ သိရပါတယ်။
The post “ဥပါယ်တံမျဉ်”မှာ ကိုသိန်းစိုးအဖြစ် သရုပ်ဆောင်ခဲ့တဲ့ အောင်မြင့်မြတ်ရဲ့ အကယ်ဒမီ ရင်ခုန်သံ appeared first on ဧရာဝတီ.