Quantcast
Viewing all articles
Browse latest Browse all 7343

သုနာပရန္တပျူဒေသနဲ့ ပန်းချီ ကျော်စိန်ဝင်းရဲ့ ပျူယဉ်ကျေးမှု အနုလက်ရာ ပြပွဲ

Click to view slideshow.

ပန်းချီကျော်စိန်ဝင်းရဲ့ `သုနာပရန္တတိုင်းနှင့် ကျနော်´ လို့ အမည်ပေးထားတဲ့ ပထမဆုံး တကိုယ်တော် ပန်းချီပြပွဲကို လောကနတ် ပန်းချီပြခန်းမှာ ၂၀၁၅ ခုနှစ် ဇွန် ၁ ကနေ ၇ ရက်နေ့ အထိ ကျင်းပပါတယ်။ ပျူဘာသာ၊ ဗမာဘာသာ၊ အင်္ဂလိပ်ဘာသာတွေနဲ့ ရေးသား ထားတဲ့ ပြပွဲဖိတ်စာက ထူးခြားသလို တင်ဆက်ပြသတဲ့ အနုပညာလက်ရာများကလည်း ထူးခြား စိတ်ဝင်စားစရာပါ။

အညာသား ပီပီ စကားပြောရင် အားရပါးရ ပွင့်ပွင့်လင်းလင်း ရှင်းရှင်းဗွင်းဗွင်း ပြောဆိုတတ်တဲ့ အရပ်မြင့်မြင့် အသားလတ်လတ် ကျော်စိန်ဝင်းက –

“ဘာကြောင့် ‘သုနာပရန္တတိုင်းနှင့် ကျနော်’ လို့ အမည်ပေးပြီး ပထမဆုံး တကိုယ်တော် ပန်းချီပြပွဲ လုပ်ဖြစ်တာလဲ ဆိုတော့ ရှေးခေတ်ဟောင်း မှတ်တမ်းတွေ၊ ဗုဒ္ဓကျမ်းဂန်တွေ အရ ကျနော်က သုနာပရန္တတိုင်းသားကိုး။ ဒီတိုင်းထဲမှာ မကွေး၊ ကျနော့် ဇာတိ မင်းဘူး၊ စကု၊ လယ်ကိုင်း၊ စလင်းနဲ့ ကြပင်း ဒေသတွေ ပါဝင်ပြီး ပျူယဉ်ကျေးမှု ထွန်းကားခဲ့တဲ့ ဒေသပါ။ ကျနော်က ပျူခေတ်ယဉ်ကျေးမှုရဲ့ အစိတ်အပိုင်းတွေ ဖြစ်တဲ့ ပျူစာပေ သဒ္ဒါ အရေးအသားကို လေ့လာခဲ့သလို ပျူယဉ်ကျေးမှု အနုလက်ရာတွေ ကိုလည်း လက်လှမ်းမီသလောက် လေ့လာဖြစ်၊ သုတေသနပြုဖြစ် ပါတယ်။ အခု ပြပွဲမှာက ကျနော်တို့ တိုင်း အတွင်းမှာ နေထိုင်ခဲ့ကြတဲ့ ပျူတွေရဲ့ ယဉ်ကျေးမှု အနုလက်ရာတွေကို ပြန်လည် ရေးဆွဲ တင်ပြတာပါ။ ပြောရရင် ကိုယ့်တိုင်းအတွင်း ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်ကို ကျနော် လက်လှမ်းမီ သလောက် မှတ်တမ်းပြု ရေးဆွဲပြီး သမိုင်းကွက်လပ် ဖြည့်ဖို့ ကြိုးစား တင်ပြတာပါပဲ” လို့ ရှင်းပြတယ်။

ဘာဖြစ်လို့ ပန်းချီနဲ့ ရေးဆွဲတင်ပြတာလဲ။ ရှေးဟောင်း ပစ္စည်းတွေကို သူ့ နဂိုရှိတဲ့ အတိုင်း ပြရင် မကောင်းဘူးလား လို့ မေးတော့..၊ သူက –

“သူ့နဂို ရှိတဲ့ အတိုင်း တင်ပြနိုင်ရင် အကောင်းဆုံးပေါ့ဗျာ။ ရှေးဟောင်း ယဉ်ကျေးမှု အမွေ ပစ္စည်းတွေကို စုဆောင်း သိမ်းဆည်း ထားနိုင်ဖို့ ကလည်း မလွယ်ဘူး။ သုတေသနပြုဖို့ ကလည်း အချိန်၊ ငွေကြေးနဲ့ အတတ်ပညာတွေလည်း ပြည့်စုံမှ ဖြစ်မှာကိုး။ အခုကျနော် ပန်းချီနဲ့ ရေးဆွဲ ပြထားတဲ့ တချို့ ပစ္စည်းတွေ ပျူဒင်္ဂါးတွေ၊ ပျူပုတီးစေ့တွေ၊ ပျူ အသုံး အဆောင် ပစ္စည်းတွေ ဆိုရင် ဒီမှာ မရှိတော့ဘူး။ ဥပမာ ပျူကြေးဝါဗုဒ္ဓရုပ်ပွားတော် (Pyu Bronze Buddha Image) ဆိုရင် ထိုင်းကို ရောက်သွားပြီ။ ကျနော်တို့ မြင်တွေ့ရဖို့ အလွန် အလှမ်းဝေးသွားပြီ။ ကျနော့် မိတ်ဆွေတဦး အကူအညီနဲ့ ဓာတ်ပုံလေးကနေ ပန်းချီနဲ့ ပြန်လည်ရေးဆွဲမှတ်တမ်းပြု တင်ပြထားတာပါ။ မူရင်း ဘုရားရုပ်ပွားတော် မရှိတော့ပေမယ့် ရုပ်ပွားတော် ကျနော်တို့ ဆီမှာ အမှန်တကယ် ရှိခဲ့တယ် ဆိုတာ နှောင်းလူတွေ သိမြင်စေချင်တဲ့ စေတနာပါ”

ပြပွဲမှာ ဆီဆေးပန်းချီကား ၂၁ ကား၊ ပျူပုတီးစေ့ ပုတီးတောင့်များ၊ ပျူခေတ် အသုံးအဆောင် ပစ္စည်းများနဲ့ ကိုးကွယ် ယုံကြည်မှု ဆိုင်ရာ အနုလက်ရာများ ခင်းကျင်း ပြသထားပါတယ်။ Mother Godess လို့ အမည်ပေးထားတဲ့ ပန်းချီကား ထဲမှာတော့ အမျိုးသမီး တဦးရဲ့ အသွင်သဏ္ဌာန်နဲ့ နန္ဒီနွားပုံတွေ ထည့်သွင်း ရေးဆွဲထားတာက ထူးခြားနေပါတယ်။

“ဟုတ်ကဲ့…၊ အဲဒီ Mother Goddess ပန်းချီကားက ဘာသာရေး ကိုးကွယ်ယုံကြည်မှုနဲ့ ဆက်စပ်နေပါတယ်။ ဗုဒ္ဓမပွင့်မီ ခေတ်ကလည်း ဖြစ်နိုင်ပါတယ်။ ပြီးတော့ မာယာလူမျိုးတွေမှာလည်း ဒီလို Mother Goddess ပုံတွေ ရှိခဲ့သလို အီဂျစ်တို့ရဲ့ နိုင်းမြစ်ဝှမ်း ယဉ်ကျေးမှုမှာလည်း ဒီလို ပုံတွေနဲ့ အလားသဏ္ဌာန်တူတဲ့ ပုံတွေတွေ့ရတယ်၊ အိန္ဒိယမှာလည်း ဆင်တူတာတွေ တွေ့ရတယ်။ အေဒီ ၁ ရာစု နောက်ပိုင်းမှာတော့ Mother Goddess ပုံတွေ အတွေ့ရနည်းသွားတယ်။ မြန်မာနိုင်ငံမှာ Mother Goddess ပုံတွေ့ရတာကတော့ ရမည်းသင်း၊ ပျော်ဘွယ်မြို့နယ် တွေထဲမှာ တွေ့လေ့ရှိပါတယ်။ ကျနော်က ပန်းချီနဲ့ Mother Goddess ပုံကို မှတ်တမ်းတင် ရေးဆွဲပြီး ပြန်လည် တင်ပြတာပါ။ နန္ဒီနွားပုံ နှစ်ခု ထည့်သွင်း ရေးဆွဲထားတာ ကလည်း ဘာသာရေး ကိုးကွယ်ယုံကြည်မှုနဲ့ ဆက်စပ်နေပါတယ်။ ဟိန္ဒူ ဘာသာက လွန်ခဲ့ နှစ်ပေါင်း ၂ ထောင်ကျော်၊ ဗုဒ္ဓမတိုင်မီ ကတည်းက အိန္ဒိယမှာ ရှိနေခဲ့တာပါ။ အဲဒီလို ဘာသာရေး ကိုးကွယ်ယုံကြည်မှုနဲ့ ဆက်စပ် တွဲစပ် တင်ပြတာပါ”

သရေခေတ္တရာ တူးဖော်မှု၊ ဗိဿနိုးတူးဖော်မှု၊ နောက် တကောင်းတူးဖော်မှုတွေ ရှိခဲ့ပါတယ်။ အစီရင်ခံစာနဲ့ စာတမ်းတွေ လည်း ရှိခဲ့ပါတယ်။ သို့ပေမယ့် သုနာပရန္တတိုင်း (မကွေး၊ မင်းဘူး၊ စကု၊ လယ်ကိုင်း.. စတဲ့ နယ်များ) အတွင်းမှာတော့ ရှေးဟောင်းသုတေသန တူးဖော်မှုကို မတွေ့ရပါ။ ဘာကြောင့်ပါလိမ့်။

“ဘာကြောင့် သုနာပရန္တတိုင်း အတွင်းမှာ ရှေးဟောင်း တူးဖော်မှုတွေ မရှိတာလဲ ဆိုတော့ မန်းရေနံမြေ၊ ထောက်ရှာပင် ရေနံမြေ၊ ကမ်းနီရေနံမြေတွေ ရှိနေတော့ သုတေသနပြု တူးဖော်ရေး လုပ်လို့ မရဘူး၊ ခွင့်မပြုဘူးပေါ့။ ဒါပေမယ့် ရေနံတွင်း တူးတာ၊ ပိုက်လိုင်း ဖော်ရာကနေ မတော်တဆ တွေ့ရှိရတာတွေပဲ ရှိခဲ့တယ်။ တကယ်တမ်း တူးဖော်မယ်ဆိုရင် ရှေးဟောင်း အထောက်အထား ခိုင်မာတဲ့ တူးစရာ နေရာတွေ အများကြီး၊ အကျယ်ကြီးပါ” လို့ ပျူယဉ်ကျေးမှုကို နှစ်ပေါင်း ၃၀ ကျော် လေ့ခဲ့သူ အလွတ်တန်း သုတေသန ပညာရှင် ပန်းချီကျော်စိန်ဝင်းက ရှင်းပြပါတယ်။

သူဟာ ပျူစာပေနဲ့ သဒ္ဒါကိုလည်း ကောင်းကောင်း တတ်ကျွမ်းသူပါ။

သရေခေတ္တရာခေတ်က ရေးထိုးခဲ့တဲ့ ရွှေပေချပ်များနှင့် တထပ်တည်း တူတဲ့ ရွှေပေချပ်တခုကို မင်းလှမြို့နယ် အနီး ဧရာဝတီမြစ် အတွင်းက တူးဖော်ရရှိခဲ့ပါတယ်။ အဲဒီ ရွှေပေချပ်ထဲမှာ ပျူခေတ်က ရေးထိုးခဲ့တဲ့ ယေဓမ္မာ အစချီတဲ့ ပျူစာများ ပါဝင်ပါတယ်။

ဆရာကျော်စိန်ဝင်းက ယင်း ရွှေပေချပ်ပါ စာများကို ဆီဆေး ပန်းချီကားကြီးနဲ့ ပြန်လည် မှတ်တမ်းပြုရေးဆွဲပါတယ်။ အဲဒီလို ရေးဆွဲရာမှာ မူရင်း ရွှေပေချပ်မှာ ပါတဲ့ စာများ အပြင် ဘုရားဂုဏ်တော်၊ ၂၄ ပစ္စည်းတို့ကိုလည်း ပျူစာများနဲ့ ပေါင်းစပ် ရေးဖွဲ့ မှတ်တမ်းပြု ထားတာ တွေ့ရတာတွေ့ရပါတယ်။

ပန်းချီ ကျော်စိန်ဝင်းကို ၁၉၄၇ ခုနှစ်မှာ မင်းဘူးမြို့တွင် မွေးဖွားပါတယ်။ သူဟာ ထင်ရှားတဲ့ ပန်းချီဆရာများ ဖြစ်တဲ့ ၀င်းဖေမြင့် (WPM)၊ ဗိဿနိုးတင်ဝင်တို့နဲ့ တနယ်တည်းဖွား ငယ်သူငယ်ချင်းများ ဖြစ်တယ်လို့ သိရပါတယ်။ သူ ဟာ ပန်းချီနဲ့ သုတေသနကို စိတ်ဝင်စားသကဲ့သို့ ကျောင်းဆရာ အငြိမ်းစား တဦးလည်း ဖြစ်ပါတယ်။

ပျူရေးရာနဲ့ ပတ်သက်ပြီး မြတ်မြတ်နိုးနိုး သုတေသနပြု လေ့လာထားသူ ပန်းချီကျော်စိန်ဝင်းဟာ မင်းဘူးမြို့နယ် မယ်ဘယ့်ကုန်း ရွာမှာ ပန်ထွာပန်းချီပြခန်း ဖွင့်လှစ်ထားပြီး ပျူခေတ် အသုံးအဆောင်များ၊ မှတ်တမ်းပန်းချီကားများ ပြသထားသလို ပျူအကြောင်း ပြောဆို ဆွေးနွေးဖို့ အမြဲ အသင့်ရှိနေသူပါ။ သူ့ရဲ့ ဖုန်းနံပါတ် ၀၉ ၂၅၇ ၀၇၅ ၁၁၆ ကို ဆက်သွယ်နိုင်ပါတယ်။ ။

The post သုနာပရန္တပျူဒေသနဲ့ ပန်းချီ ကျော်စိန်ဝင်းရဲ့ ပျူယဉ်ကျေးမှု အနုလက်ရာ ပြပွဲ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...