အဆိုတော် သားစိုးက သားဖြစ်သူ ပန်းသီးအတွက် သင်္ကြန်မတိုင်ခင် သီချင်းခွေထွက်ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။ သားဖြစ်သူ ပန်းသီးက တချို့ဖျော်ဖြေပွဲတွေမှာလည်း အဖေနဲ့အတူ လိုက်ပါ သီဆိုနေတာကို တွေ့ရပါတယ်။
“သားက ၃ နှစ်သားကတည်းက သီချင်း ဆိုနေတာ။ အခုလည်း သီချင်းတွေ သွင်းနေပြီ။ သားသား ကြိုက်တဲ့ သီချင်းတွေပဲ ရွေးဆိုမှာ။ သားက သီချင်းတွေ ကြိုက်တာကိုး။ ဆိုတာပေါ့။ အဖေ့လို အဆိုတော်ကြီးလည်း ဖြစ်ချင်တာ”လို့ ပန်းသီးက ဧရာဝတီကို ပြောပါတယ်။
ဖခင် သားစိုးက သားဖြစ်သူ ပန်းသီးအတွက် သီချင်းနှစ်ပုဒ် ကိုယ်တိုင် ရေးစပ် ပေးထားပါတယ်။ “အသည်းလေးတွေပေး”၊ “ဒယ်ဒီပွစိ”ဆိုတဲ့ သီချင်းနှစ်ပုဒ်ကို အသံသွင်းနေပြီဖြစ်ပြီး သင်္ကြန်မတိုင်ခင် ထွက်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ စတိတ်စင်ပေါ်မှာနဲ့ အသံသွင်းခန်း ဘယ်မှာ သီချင်းဆိုရတာ ပိုကြိုက်လဲဆိုတဲ့အမေးကို ပန်းသီးက အခုလို ဆိုပါတယ်။
“စင်ပေါ်မှာ သီချင်းဆိုရတာနဲ့ အသံသွင်းခန်းထဲမှာ ဆိုရတာ မတူဘူး။ စင်ပေါ်မှာ ဆိုရတာ ပျော်တယ်။ ခုန်လို့ရတယ်။ အသံသွင်းခန်းမှာကျတော့ သီချင်းဆိုနေရတာနဲ့ပဲ အချိန်က ကြာနေတာ။ သီချင်းတွေဆိုရတာတော့ အဆင်ပြေပါတယ်။ ပျော်တယ်။ သားသား အခွေထွက်ရင်လည်း အားပေးကြပါဦးလို့ ပရိသတ်ကြီးကို ပြောချင်ပါတယ်”လို့ ဆိုပါတယ်။
ပန်းသီးက သူကြိုက်တဲ့ သီချင်းတွေအကြောင်းလည်း အခုလို ပြောပြပါတယ်။ “သားသားက မနောသီချင်းတွေလည်း ကြိုက်တယ်။ ဦးလေးဖြူလည်း ကြိုက်တယ်။ ဦးဇွဲပြည့် သီချင်းတွေလည်း ကြိုက်တယ်။ ဦးလေးဖြူသီချင်းထဲက အကြိုက်ဆုံးက ‘ယုံကြည်ရာ’၊ ဦးဇွဲပြည့်ကျတော့ ‘အချစ်များရင်ထဲမှာ’၊ ဦးမနောက ‘မိချော’သီချင်းတွေကို အကြိုက်ဆုံးပဲ”လို့ ဆိုပါတယ်။
ဖခင်ဖြစ်သူ သားစိုးကလည်း “သူ့ကို အမှတ်တရလေးလည်းဖြစ်အောင် လုပ်ပေးချင်တာ။ သူက အဖေထက်တောင် လူပိုသိနေသလိုပဲ။ သူ့အင်တာဗျုးတခုဆိုရင် ကြည့်ရှုသူ ၈သိန်း ကျော်တယ်။ သီချင်းတွေလည်း ဆိုတတ်တယ်”လို့ ပြောပါတယ်။
အနုပညာအမြင်လည်း ရှိတဲ့ ပန်းသီးက ညီမလေးအတွက် “ပန်းကလေး”ဆိုတဲ့ အိမ်နာမည်ကိုလည်း ကိုယ်တိုင်ပေးထားတာပါ။ ညီမလေးအတွက် ကျောင်းနာမည် စဉ်းစားတဲ့ပုံကိုလည်း ဖခင်သားစိုးက အခုလိုပြောပြပါတယ်။
“ကျနော်က ကလေးနာမည် မပေးတတ်ဘူး။ သူ့ကျောင်းနာမည်က “ထက်အာကာစိုး” ဆိုတော့ သူက သူ့အမေကို မေးတယ်။ မာမားတဲ့ ကမ္ဘာပေါ်မှာ ဘယ်အရာတွေက တန်ဖိုးအကြီးဆုံးလဲတဲ့။ သူ့အမေကပြောတယ်။ ကျောက်သံပတ္တမြားတွေက ဈေးကြီးတာပေါ့ဆိုပြီး လွှတ်ခနဲပြောလိုက်တာ မနက်လည်းကျရော သားက ညီမလေးအတွက် နာမည်ပေးပြီးပြီတဲ့။ ‘ထက်ကျောက်သံပတ္တမြားစိုး’တဲ့။ သူ့စိတ်ကူးလေးပေါ့။ သူ့ညီမလေးကိုလည်း သူချစ်တယ်”လို့ သားစိုးက ဧရာဝတီကိုပြောပါတယ်။
The post အဆိုတော်ပဲ ဖြစ်ချင်တဲ့ အဆိုတော် သားစိုးရဲ့ သားဖြစ်သူ ပန်းသီး appeared first on ဧရာဝတီ.