ဟစ်ဟော့စတား တဦးဖြစ်တဲ့ Nipsey Hussle ဟာ သူ့အဝတ်ဆိုင်ရဲ့ အရှေ့မှာပဲ သေနတ်နဲ့ ပစ်သတ်ခံရပြီး သေဆုံးသွားခဲ့ပါတယ်။ မတ်လ ၃၁ ရက်နေ့ ည ၁၁ နာရီ မိနစ် ၂၀ မှာ သေနတ်နဲ့ ၆ ချက် ပစ်ခံရတာဖြစ်ပြီး ဆေးရုံကို ရောက်တာနဲ့ ကွယ်လွန်သွားတယ်လို့ သိရပါတယ်။
လော့အိန်ဂျလစ် ရဲဌာနရဲ့ ဖော်ပြချက်အရ သေနတ်နဲ့ ပစ်သတ်ခံရတဲ့ နေရာဟာ Slauson Avenue နဲ့ Crenshaw Boulevard အတွင်းဖြစ်ပြီး ဒဏ်ရာရသူ ၃ ဦးထဲမှာ တဦးက ဆေးရုံရောက်ရောက်ချင်း သေဆုံးသွားတယ်လို့ ရဲဌာနရဲ့ တွစ်တာစာမျက်နှာမှာ တင်ထားပါတယ်။
ရဲတွေကတော့ ဘယ်သူဘယ်ဝါ သတ်တယ်ဆိုတာကို သေသေချာချာ မသိရသေးပေမယ့် လိုက်လံစုံစမ်းနေပြီလို့ ဆိုပါတယ်။ ဆေးရုံရောက်ရောက်ချင်း သေဆုံးသူကတော့ Nipsey Hussle ဖြစ်ပါတယ်။ သူ မသေခင် သူ့ရဲ့ တွစ်တာ စာမျက်နှာမှာ “ရန်သူတွေ ရှိနေခြင်းဟာလည်း မင်္ဂလာတပါးပါပဲ” လို့ ရေးသားထားခဲ့တာ တွေ့ရပါတယ်။
ပရိသတ်တွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေက သူ့သေဆုံးမှုနဲ့ ပတ်သက်ပြီး နှမြောခြင်းနဲ့ ဝမ်းနည်းခြင်းတွေ ဖြစ်နေကြပါတယ်။ Nipsey Hussle ရဲ့ “Victory Lap” လို့ အမည်ရတဲ့ အခွေဟာ ၂၀၁၉ ခုနှစ်အတွက် အကောင်းဆုံး ဟစ်ဟော့ခွေအဖြစ် ဆန်ခါတင်စာရင်းမှာ ပါဝင်နေတာလည်း ဖြစ်ပါတယ်။
သူဟာ လော့အိန်ဂျလစ် မြို့မှာ အကြီးဆုံးနဲ့ နာမည်အကျော်ကြားဆုံး ဂိုဏ်းတခုဖြစ်တဲ့ “Rollin 60s Neighborhood Crips” နဲ့ ပတ်သက်ဆက်နွယ်သူ တဦးလည်း ဖြစ်ပါတယ်။ သူဟာ နာမည်ကြီး ဟစ်ဟော့အဆိုတော်တွေဖြစ်တဲ့ Drake, 50 Cent, Kendrick Lamar, Snoop Dogg, Ne-Yo နဲ့ Chamillionaire စတဲ့ သူတွေနဲ့ နှစ်ပေါင်းများစွာ သီချင်းတွေ အတူတူဖန်တီးလာသူလည်း ဖြစ်ပါတယ်။
Nipsey Hussle ဟာ သေနတ်နဲ့ ၆ ချက် အပစ်ခံရပြီး သေဆုံးချိန်မှာ အသက် ၃၃ နှစ်ရှိပြီ ဖြစ်ပြီး အတူနေချစ်သူနဲ့ ကလေး ၂ယောက် ကျန်ရစ်ခဲ့တယ်လို့ သိရပါတယ်။
Ref ; mirror
The post ဂရမ်မီ ဆန်ခါတင်စာရင်းဝင် အမေရိကန် ရက်(ပ်)ပါ Nipsey Hussle အသတ်ခံရ appeared first on ဧရာဝတီ.