ကမ္ဘာကျော် Rolling Stones အဖွဲ့ခေါင်းဆောင် Mick Jagger ဟာ သူ့ရဲ့ ဆေးကုသမှု ခံယူရမယ့် အကြောင်းပြချက်တွေကြောင့် အဖွဲ့ရဲ့ မြောက်အမေရိက နယ်လှည့်ဖျော်ဖြေပွဲကို ရွှေ့ဆိုင်းလိုက်ရပြီးတဲ့နောက် အခု သီတင်းပတ်အတွင်းမှာပဲ နှလုံးခွဲစိတ်ကုသမှု ခံယူရမှာဖြစ်တဲ့အကြောင်း ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။
အမေရိကန်ဝက်ဘ်ဆိုက် Drudge Report မှာတော့ အသက် ၇၅ နှစ်အရွယ် Jagger ဟာ အခုသီတင်းပတ်အတွင်းမှာပဲ နှလုံးအဆို့ရှင်ကို အစားထိုးဖို့ နယူးယောက်မှာ ခွဲစိတ်မှုခံယူမယ်လို့ အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး ဖော်ပြလိုက်ပါတယ်။ New York Post ရဲ့ Page Six ဝက်ဘ်ဆိုက်ကတော့ အဆိုတော်ရဲ့ နှလုံးမှာ ပြွန်ချောင်းတခုကို အစားထိုးဖို့ရှိတယ်လို့ ဆိုပါတယ်။
အမေရိကန် နိုင်ငံက Jagger ရဲ့ ကိုယ်စားလှဝ်တွေကတော့ မှတ်ချက်ပေးတာမျိုး မရှိသေးပါဘူး။ လန်ဒန်မှာရှိတဲ့ ဗြိတိသျှတီးဝိုင်း Rolling Stones ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်ကတော့ Drudge Report သတင်းဆောင်းပါးနဲ့ ပတ်သက်လို့ မှတ်ချက်ပေးဖို့ ငြင်းဆန်ထားပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၃၀ ရက်နေ့တုန်းကတော့ သူတို့တီးဝိုင်းဟာ Jagger ဆေးကုသမှု ခံယူနိုင်ဖို့ အမေရိကန်နဲ့ ကနေဒါနိုင်ငံတို့မှာ ပြုလုပ်မယ့် နယ်လှည့်ဖျော်ဖြေပွဲတွေ အားလုံးကို ရွှေ့ဆိုင်းလိုက်တယ်လို့ ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ Jagger ဟာ ဘာကို ကုသဖို့ လိုအပ်တယ်ဆိုတာ မပြောခဲ့ဘဲ အမြန်ဆုံးသက်သာလာမယ်လို့ မျှော်လင့်တဲ့ အကြောင်းသာ ဖော်ပြပြောဆိုခဲ့ပါတယ်။
မြောက်အမေရိက နယ်လှည့် ဖျော်ဖြေပွဲကိုတော့ ဧပြီ်လ ၂၀ ရက်နေ့ကနေ ဇွန်လ ၂၉ ရက်နေ့အထိ ပြုလုပ်ဖို့ စီစဉ်ထားတာဖြစ်ပါတယ်။ Jagger ကတော့ ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်နေ့တုန်းက ဖလော်ရီဒါပြည်နယ်၊ မီယာမီကမ်းခြေမှာ သူ့ရဲ့ လက်ရှိ ချစ်သူ ဘဲလေးအကသမား Melanie Hamrick နဲ့အတူ သားနဲ့ သမီး၊ ပြီးတော့ သူ့ရဲ့ ကလေး ၇ ဦးထဲက တယောက်နဲ့ ကမ်းခြေမှာရိုက်ထားတဲ့ ဓာတ်ပုံတပုံကို တင်ခဲ့ပါတယ်။
ဗြိတိသျှအဆိုတော် Jagger ဟာ သူ့ရဲ့ ဆေးကုသမှုခံယူရမယ့်ကိစ္စကို ရှင်းမပြခဲ့ပေမယ့် ပြီးခဲ့တဲ့ မတ်လ ၃၀ ရက်နေ့တုန်းကတော့ သူဟာ ဖြစ်နိုင်ရင်အမြန်ဆုံး ဖျော်ဖြေနိုင်ဖို့ ကြိုးစားမယ်လို့ Twitter မှာပြောဆိုခဲ့ပါတယ်။
Ref: asiaone
The post Rolling Stones အဖွဲ့ခေါင်းဆောင် Mick Jagger နှလုံးခွဲစိတ်ကုသမှု ခံယူမည် appeared first on ဧရာဝတီ.